သမ္မတ ဦးသိန်းစိန်က အမည်ပျက် စာရင်း ၃ ပုံ ၁ ပုံကို ပယ်ဖျက်ပေးလိုက်ပြီး ပြည်ပရောက်မြန်မာ အတိုက်အခံများ ပြည်တော်ပြန်လာကြခြင်း အပေါ် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းက အပြုသဘော ရှုမြင်ကြသည်။
“အစိုးရဘက်ကလည်း စမ်းသပ်ကာပဲ ရှိသေးတာကိုး။ သူတို့လည်း လာကြည့်တာပေါ့ဗျာ။ မှန်ကန်တဲ့ လမ်းဘက်ကို လျှောက်နိုင်ကြမယ် ဆိုရင် ကောင်းသွားမှာပေါ့။ ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးက မြေစမ်း ခရမ်းပျိုးပဲလေ။ ကောင်းတဲ့ အစဉ်အလာလို့တော့ ကျနော်တို့ ပြောလို့ရပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီကို ပြောသည်။
ပြည်တော်ပြန်ဝင်ခွင့် ပြုလိုက်ခြင်းသည် တိုင်းပြည်အတွက်လည်း ကောင်းကြောင်း၊ ယခု ပြည်တော်ပြန်လာသူများ အနေဖြင့်လည်း ၎င်းတို့ တတ်နိုင်သည့် ကဏ္ဍများက ပါဝင်မည်ဆိုပါက ပို၍ ကောင်းမွန်ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် (ABSDF) ဥက္ကဋ္ဌဟောင်းများ ဖြစ်ကြသော ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော် အစရှိသူများ၊ ဒေါက်တာ နိုင်အောင်၊ ဦးအောင်မိုးဇော် စသည့် တခြားသော ပြည်ပရောက် အတိုက်အခံများသည်လည်း မကြာသေးမီက ပြည်တော်ပြန်ခဲ့ကြသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက တချိန်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ ပြန်လာခွင့် ရခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း ပြောသည်။
“ပြန်လာတယ်ဆိုတာကလည်း ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ ကောင်းတဲ့ လက္ခဏာပဲလေ။ ဖြစ်စေချင်တာက ကျန်တဲ့ လူတွေကိုလည်း အားလုံးတပြေးညီ ပြန်လာစေချင်တယ်။ ဒါမှ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ အားဖြစ်စေမှာပါ။ ပြန်ဝင်လာတဲ့ လူတွေကိုလည်း တပြေးညီ သတ်မှတ်ပေးချင်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယခု ပြည်တော် ပြန်လာကြသူများနှင့် ပြည်တွင်းအင်အားစုများ အဆင်ပြေစေရန် ဆန္ဒပြုလိုကြောင်း၊ ပြည်တွင်း အင်အားစုများကလည်း နှစ်ပေါင်းများစွာ ထောင်ကျခံ၊ ဒုက္ခခံကြရပြီး စစ်အာဏာရှင်၏ အမျိုးမျိုး ဖိနှိပ်မှုအောက်တွင် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရကြောင်း၊ ပြည်ပမှသူများလည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း ဖြတ်သန်းမှုချင်း မတူကြောင်း ပြောသည်။
“ဒီလိုအခက်အခဲတွေ ရှိပေမယ့်လို့ သူတို့ (ပြည်တော်ပြန်များ) ဟာ ဒီမိုကရေစီနိုင်ငံတွေမှာ နေကြတယ်။ တစုံတရာသော လွတ်လပ်မှုတွေရှိတယ်။ တစုံတရာသော လုပ်ငန်းတွေ လုပ်နိုင်တယ်။ လုပ်ငန်းတွေလုပ်ဖို့၊ ကိုင်ဖို့အတွက်လည်း သူတို့မှာ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ရှိမယ်ပေါ့။ အဲဒီတော့ အဲဒီ အနေအထိုင် ဖြတ်သန်းမှု ပုံသဏ္ဍန်တွေကလည်း မတူတာတွေ ရှိတဲ့အခါကျတော့ သူတို့အထဲမှာတော့ နည်းနည်း ပြဿနာတွေ ရှိများ ရှိမလားလို့ စိုးရိမ်တယ်။ အဲဒါတွေ မရှိအောင် ကျော်လွှားနိုင်အောင် ဖြေရှင်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ယခုကဲ့သို့ မိမိတို့ကျွမ်းကျင်ရာများဖြင့် တိုင်းပြည်အကျိုး သယ်ပိုးရန် ယခုကဲ့သို့ ပြန်လာခြင်းသည် ကောင်းမွန်ကြောင်း၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အားလုံးအဆင်ပြေပြေ လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။
“ဒါတွေအကုန်လုံး လုပ်ဖို့အတွက်တော့ ဘာပဲပြောပြော ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားပါ။ ပြည်တွင်းမှာပဲ ညီညီညွတ်ညွတ် ပေါင်းစည်းပြီးတော့ လုပ်ရမယ့် အနေအထားတွေရှိတာကိုး” ဟု ဦးဝင်းတင်က ဆိုသည်။
သို့သော် အစိုးရက နာမည်ပျက်စာရင်းများ ပယ်ဖျက်ပေး၍ ပြည်ပ အတိုက်အခံများကို ဖိတ်ခေါ်ခြင်း၊ ပြည်တော် ပြန်လာခွင့်ပြုခြင်းများသည် သက်ဆိုင်ရာအဖွဲ့များ၏ အောက်ခြေလူများ မပါဝင်၊ အဖွဲ့အစည်း သဘောလည်း မဟုတ်ဘဲ သီးခြား ရွေးချယ် လုပ်နေသကဲ့သို့ဖြစ်ကြောင်း၊ ဦးဆောင်သူများကိုသာ အသိအမှတ်ပြု နာမည်ပျက်စာရင်းက ပယ်ဖျက်ပေးနေကြောင်း ဦးဝင်းတင်က ထောက်ပြသည်။
ဦးမိုးသီးဇွန်က မြန်မာနိုင်ကို ပြန်လာခြင်းသည် မည်သည့် ပါတီကိုမျှ ကိုယ်စားပြု လာခြင်းမဟုတ်ကြောင်း၊ အမှန်တကယ် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရေးသာ အရေးကြီးကြောင်း ဧရာဝတီကို ပြောသည်။
“ဘာ ပါတီတွေ၊ သမ္မတတွေ ရွေးကောက်ပွဲတွေရော ဘာမှ မလုပ်ချင်ဘူး၊ မြန်မာပြည် ဒီမိုကရေစီ အပြည့်အဝရရင် တော်ပြီ။ ဒီမိုကရေစီ မြန်မြန်ရဖို့ပဲ ကျနော့် စိတ်ထဲမှာ ရှိတယ်။ ဒီမိုကရေစီရဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ အခုတောင် နေရာတွေလုကြ၊ ခတ်ကြနဲ့ စိတ်တွေ ညစ်နေရရော။ တို့ပြည်သူတွေ ဆင်းရဲနေပါပြီ၊ အဲဒါကို အခုချိန်မှာ Change မလုပ်ခဲ့ရင် ဘယ်အချိန်မှ Change လုပ်မလဲ” ဟု သူက ဆိုသည်။
ကိုမိုးသီးဇွန်နှင့် အဖွဲ့သည် မြန်မာပြည်ပြန်လာခိုက် တချိန်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ၎င်းတို့၏ ရုံးခန်းတွင် တွေ့ဆုံခဲ့ကြသည်။
ကွဲကွာသွားကြစဉ်ကာလ မတူကွဲပြားသည့် ဘဝဖြတ်သန်းမှုများကို ပြန်ပြောင်းပြောဆိုခဲ့ကြကြောင်း၊ ဝိဝါဒ ကွဲပြားစေမည့် ငြင်းခုန်ရသည့် ကိစ္စများ မပါဝင်ကြောင်း၊ ပြည်ပရောက်နေသူများကလည်း ပြန်လည် ပေါင်းစည်းလိုကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ဦးဂျင်မီက ပြောသည်။
“အပြင်မှာ ရှိနေတဲ့လူတွေရဲ့ ခံစားချက်က ၈၈ တုန်းက ကွဲသွားတဲ့လူတွေက ဒီမှာ ပြန်ပေါင်းချင်နေကြတယ်။ သူတို့ ဖာသာ ဆုံးဖြတ်ကြပေါ့၊ ကိုမိုးသီးတို့ ပြန်လာခဲ့တဲ့အပေါ် ကျနော်တို့ ၈၈ က ဘာမှ ပါဝင်ပတ်သက်ခဲ့မှု မရှိဘူး။ တခုပဲ၊ ကျနော်တို့ ထောင်ကထွက်ပြီး တပတ်အကြာမှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ပြောခဲ့တာက ပြည်ပရောက်သွားတဲ့ ဒီမိုကရေစီ အင်အားစုတွေကို သိက္ခာရှိရှိ ပြန်လာနိုင်အောင် စီစဉ်ပေးပါပေါ့” ဟု ဦးဂျင်မီ ဆိုသည်။
ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ကြယ်ပြာ ပူးပေါင်းရေးသားသည်။