ဧရာဝတီတိုင်း အတွင်း မိုးများ၍ရေကြီးခဲ့သော ပန်းတနော်၊ ဓနုဖြူ နှင့် ညောင်တုန်းမြို့နယ်များ၌ နှစ်လခန့်ကြာမြင့်သည့် ယခုအချိန် ထိ ရေများ မကျဆင်းရသည့် အဓိက အကြောင်းရင်းမှာ ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင် သည့် အင်း များကြောင့် ဆိုသည့်အချက်ဖြင့် ဒေသခံ အင်အား ၂ သောင်းခန့်က ဆန္ဒပြရန် စီစဉ်နေကြသည်။
မြို့နယ်သုံးခုမှ ဒေသခံများ စုပေါင်းပြီး တမြို့နယ်ကို လူအင်အား ၅၀၀၀ ကျော်ပါဝင်ရန် သတ်မှတ်ထားကြောင်း၊ လတ်မှတ်ထိုးပြီး သမ္မတ ထံ တင်ရန်အတွက်လည်း ၂၂ ရက်နေ့မှ စတင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ဆန္ဒ ထုတ်ဖော်ရန် အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(NLD)နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီများကလည်း ပါဝင် ကူညီသွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့ မှ NLD အဖွဲ့ဝင် ဦးဝင်းမင်းထွန်း က ပြောဆိုသည်။
လက်ရှိ ရေနစ်မြုပ်နေဆဲ လယ် ဧက ပေါင်း ၇ သောင်း ခန့်နှင့် ရွာပေါင်း ၃၀၀ ခန့် ရှိနေကြောင်း သိရသည်။
ပန်းတနော် မြို့နယ် မတ်ကျေးရွာမှ ဦးလှဝင်း ဆိုသူက“အဲဒီ ကိုယ်စားလှယ်နဲ့ အင်းသမားတွေက ဆည်မြောင်းနဲ့ပေါင်းပြီးတော့ ရေ ထွက်ပေါက် လုပ်ပေးထားတဲ့ ချောင်းတွေ မြောင်းတွေထဲ မှာပါ အင်းတွေ၊ ယင်းတွေ လုပ်တယ်၊ ငါးများအောင် ခြုံတွေပါချတော့ နုံးတွေ၊ အမှိုက်တွေနဲ့ ပြည့်ပြီး ကြာလာတော့ ရေထွက် ပေါက်တွေ ပိတ်လာတယ်၊ အဓိက သူတို့ကြောင့်ပဲ”ဟု ပြောသည်။
ရေနစ်မြုပ်နေသော ပန်းတနော်၊ ဓနုဖြူ နှင့် ညောင်တုန်း သုံးပွင့်ဆိုင်နေရာ၌ ရေနက်ကွင်း အဖြစ် ဖော်ထုတ်ရန် အစိုးရက ၁၉၉၄ ခုနှစ်တွင် တာပေါင် ကာခဲ့ကြောင်း၊ ယင်းတာပေါင်၌ ယခင်က ရေထွက်ပေါက် ၇၀၀ ခန့် ရှိခဲ့ရာမှ ယခုအခါ ၅၀၀ ခန့် ပိတ်သွားပြီ ဖြစ် ကြောင်း သိရသည်။
“နှစ်စဉ် ရေကြီးတာက ဧရာဝတီတိုင်း အတွက် အဆန်းမဟုတ်ပေမယ့် ဒီလိုမျိုး ရေထွက်ပေါက်တွေ ဆက်ပိတ်နေဦးမယ်ဆိုရင် ဒီ သုံးမြို့နယ် က လူတွေ အစာငတ် အလုပ်လက်မဲ့ ဖြစ်ကုန်လိမ့်မယ်”ဟု ဦးဝင်းမင်းထွန်း ကလည်း ပြောဆိုသည်။
ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သည် မြို့နယ် သုံးခုစလုံး၌ တရားဝင်လေလံဆွဲထားသည့် အင်းပေါင်း ၉၈ ခုသာမက ချောင်းများ ၊ ရေထွက် ပေါက်များမှာပါ လုပ်ကိုင်နေသည့် အင်းများ ၉၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။
ဦးငြိမ်းမြိုင် က ၎င်းပိုင်ဆိုင်သည့် အင်းများ၊ ချောင်းများအတွင်း ငါးဖမ်းသူများကို ကျပ် ၅ သောင်းမှ ၁ သိန်းခွဲ အထိ ဒဏ်ရိုက်ကြောင်း၊ ငွေမပေးနိုင်ပါက ဖမ်းချူပ်ခံရကြောင်း၊ ပန်းတနော်မြို့နယ်အတွင်း၌ပင် ဒဏ်ရိုက်ခံရသူ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း လည်း သိရသည်။
ရေဘေးဒဏ်ခံရသော ဒေသခံများက ငါးဖမ်းလုပ်ငန်းဖြင့် စားဝတ်နေရေး ခက်ခဲလာသည့် အတွက် လေလံမအောင်သော အင်းများကို ကျေးလက်ပြည် သူ အစုအဖွဲ့ သမဝါယမ အသင်းများသို့ လုပ်ကိုင်ခွင့်ချထားပေးရန် သမ္မတ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည် ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချူပ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးများထံ ယခုနှစ် ဇွန်လမှစပြီး အကြိမ် ကြိမ် အသနားခံစာ တင်ခဲ့ကြကြောင်း၊ သို့ရာတွင် အစိုးရဘက်မှ အကြောင်းပြန်မှု မရှိခဲ့ကြောင်း ပြောဆိုသည်။
ယမန်နေ့က ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်များအတွက် လှူဒါန်းရန် လာရောက်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ ဦးဆောင်သည့်အဖွဲ့အား ဒေသခံများက အခြေအနေ ရှင်းပြ၍ အကူအညီတောင်းခံကြောင်း သိရသည်။
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီး လွတ်တော် ဥက္ကဌ ဦးဆန်းဆင့် တို့ တွေ့ဆုံခဲ့ရာ၌ ဥက္ကဌ က ၎င်း ပိုင် ဒေသအတွင်း ပြဿနာ ဖြစ်သောကြောင့် ဒေသတွင်း၌ပင် အဆင်ပြေရန် အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ ဒေ သခံများ အနေနှင့်လည်း ဆန္ဒထုတ်ဖော်မှု မပြုလုပ်စေလိုကြောင်း ပြောကြားသည်ဟု ဆိုသည်။