မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ၁၀ ဦးသည် ယနေ့နံနက်ပိုင်းတွေင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုင်းမြန်မာနယ်စပ် အခြေစိုက် ABSDF ဥက္ကဋ္ဌ ကိုသံခဲ အပါအဝင် ခေါင်းဆောင် (၁၀) ဦးသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက်စဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
“ABSDF ဆိုတာဟာ သီးခြား အဖွဲ့အစည်း မဟုတ်ပါဘူး။ ABSDF ဟာ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ အားလုံး ဒီမျိုးဆက်ကို ကိုယ်စားပြုပြီးတော့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ABSDF က ဆွေးနွေးပွဲတွေ လာလုပ်မယ်။ ဒီမှာရှိနေတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား ကိုဌေးကြွယ်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြား သည်။
ABSDF ၏ လေ့လာရေး ခရီးစဉ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
“နိုင်ငံရေး ခရီးလမ်းမှာ ABSDF အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ သဘောထားတွေ စုစည်းဖို့၊ ပြည်တွင်းက အင်အားစုတွေနဲ့ ကျနော်တို့ ဆုံတွေ့ပြီး အမြင်တွေ အကြံပြုချက်တွေ နားထောင်ဖို့ ကျနော်တို့ ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက် အခြေခံ အောက်မှာပဲ ၈၈ မျိုးဆက်တွေရဲ့ အကြံပြုချက်တေ၊ွ ရင်းရင်းနှီးနှီး လက်ခံဆွေးနွေးမှုတွေ ကျနော်တို့ ရရှိထားပါတယ်” ဟု ABSDF ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကိုကိုက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံခဲ့ပြီးနောက် ABSDF ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လေ့လာရေး ခရီး လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာရေး ခရီးစဉ်သည် ယခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ၂ ပတ်ကြာမြင့်မည်ဖြစ်ကာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“လိုချင်တဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဝိုင်းဝန်း လက်တွဲကြတာပေါ့ဗျာ။ မီဒီယာလည်း မီဒီယာ အလုပ်လုပ်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ကျေပွန်အောင် လုပ်သွားမယ်” ဟု ABSDF ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲက သတင်းထောက်များသို့ ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ၁၉၈၈ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၄ နှစ်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကာ ယခုအချိန်ထိ အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးကြောင်းသိရသည်။