ပြည်သူလူထု အားလုံး ပါဝင်ခဲ့သည့် ဒီမိုကရေစီ လှုပ်ရှားမှု ရှစ်လေးလုံး အရေးအခင်းတွင် ကျဆုံးသွားခဲ့ရသော ရဟန်း ရှင်လူပြည်သူ များကို အောက်မေ့သတိရသည့် အထိမ်းအမှတ် အနေဖြင့် ၂၅ နှစ်မြောက် ငွေရတု ရှစ်လေးလုံး အထိမ်း အမှတ် ကျရောက် သည့် သြဂုတ်လ ၈ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင်၊ မဟာဗန္ဓုလ ပန်းခြံ ရှေ့တွင် လွမ်းသူ့ ပန်းခွေ ချမည့် အခမ်းအနား တရပ်ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လွမ်းသူ့ပန်းခွေ ချသည့် အခမ်းအနားကို ရှစ်လေးနေ့ ရန်ကုန်မြို့လယ် တွင်ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဗမာ့တော်လှန်ရေး အင်အားစု (BRF) အဖွဲ့ဝင်များက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း၊ လတ်တလော သက်ဆိုင်ရာ အာဏာပိုင်များထံမှ လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကျင်းပရန် တရားဝင်ခွင့်ပြုချက်ရရှိ ထားပြီး ဖြစ်ကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပမည့် BRF အဖွဲ့ဝင် ကိုဗိုလ်ဆန်းက ဧရာဝတီသို့ ပြောသည်။
“၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ဗထူးမောင်နဲ့ ကျနော်တို့ BRF တွေက ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲတွေ ဖြစ်ဖို့ စလုပ်ခဲ့ကြတယ်။ အဲဒီနေ့ ညပိုင်းမှာ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း)မှာ ဆန္ဒပြသူတွေ ပစ်သတ် ခံရတယ်။ ကျဆုံး ပြည်သူလူထုတွေအတွက် ကျနော်တို့ ၂၅ နှစ်ပြည့်မြောက် သြဂုတ်လ ၈ ရက်နေ့မှာ ကျနော်တို့ လွမ်းသူ့ပန်းခွေ ချမယ်။ ကျောက်တံတား မြို့နယ်ရဲစခန်း က ခွင့်ပြုချက် ဒီနေ့ပဲရပါတယ်” ဟု ကိုဗိုလ်ဆန်းက ဆိုသည်။
ဗန္ဓုလပန်းခြံရှေ့ လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားသို့ လူအင်အား ၁၀၀ တက်ရောက် မည်ဟု တင်ပြထား သော်လည်း ပြည်သူလူထုပူးပေါင်းပါဝင်လျှင် အင်အားပိုမိုများပြားနိုင်ကြောင်း၊ သြဂုတ်လ ၈ ရက်၊ မနက် ၈ နာရီ တိတိတွင် ကျင်းပမည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ ကျဆုံး ရဲဘော်များ အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တရပ်ကို ပြုလုပ်မည့်အပြင် ရှစ်လေးလုံးနေ့ အဖြစ်အပျက်ကို သိရှိလို၍ မေးမြန်းမှုများရှိပါကလည်း ဖြေကြားသွားမည်ဟု ပွဲစီစဉ်သူများထံမှ သိရှိရသည်။
ထို့ပြင် ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ဂုဏ်ပြု လမ်းလျှောက်ပွဲတရပ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းလမ်းလျှောက်ပွဲကို အဖွဲ့အစည်း ၇ ခု ပူးပေါင်းပြုလုပ်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်းမှ စုရပ်ပြုလုပ်ပြီး မြို့တော်ခန်းမရှေ့အထိ စနစ်တကျ တန်းစီး ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းလမ်းလျှောက်ပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာ ကျောင်းသားဟောင်းများကွန်ရက်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အမျိုးသမီးများနှင့် ကလေးများ ကွန်ရက်၊ အမျိုးသမီးများ စောင့်ရှောက်အဖွဲ့(ရွှေပြည်သာ)၊ သန်လျင်လူငယ်များအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ အင်အားစုအပါအဝင် အဖွဲ့အစည်းများပါဝင်မည်ဟု သိရှိရသည်။
ရှစ်လေးလုံး လမ်းလျှောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုမှ မဖြူက “အဖွဲ့အစည်းတွေ ပေါင်းပြီး လုပ်ကြတာပါ။ ဒါတွေက အကုန်လုံးက ခံစားချက်လည်း တူတယ်။ စိတ်ချင်းလည်း တူကြတယ်။ ကျမတို့ကလည်း ပြည်သူထဲက ပြည်သူတွေပါ။ အဖွဲ့အစည်းအားလုံးနဲ့အတူတူ စိတ်တူတဲ့ အားလုံးပေါင်းပြီး လုပ်ကြမှာပါ။ ကျောင်းသားတွေလည်း ပါမယ်။ ကျမတို့က ပြည်သူတွေနဲ့ နီးစပ်ပါတယ်။ ဆန္ဒပြမှာလည်း မဟုတ်ဘူး။ ဘာမှ မတောင်းဆိုဘူး။ ငြိမ်းချမ်းစွာ ရိုးရိုးလမ်းလျှောက်မှာပါ။ သေဆုံးသွားတဲ့ ရဟန်းရှင်လူကျောင်းသားတွေရဲ့ ဝိညာဉ်ကို လေးစားတဲ့အနေနဲ့ပါ။ ရှစ်လေးလုံးမှာ ပြည်သူတွေက အဓိက ပါခဲ့တာလေ။ ကျမတို့ဘက်က အာဏာပိုင်တွေ အနှောင့်အယှက်မဖြစ်အောင်လည်း စီစဉ်ထားတယ်။ လမ်းပိတ်ဆို့မှုမရှိအောင်၊ တာဝန်အရတော့ အာဏာပိုင်တွေက တားမှာပဲလေ” ဟု ဧရာဝတီသို့ပြောသည်။
ရှစ်လေးလုံး အထိမ်းအမှတ် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ MCC ခန်းမတွင် ယနေ့ စတင် ကျင်းပလျက်ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အပါအဝင် ပြည်တွင်း နိုင်ငံရေးအင်အားစုအားလုံး စုံညီစွာ တက်ရောက်လျက်ရှိသည်ဟု သိရှိရသည်။
(ရှစ်လေးလုံး ငွေရတု ဂုဏ်ပြု လမ်းလေ ျှာက်ပွဲတွင် အခရာ အမျိုးသမီးအဖွဲ့ပါဝင်မည်မဟုတ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ မထားထားက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။)