ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ နှစ်ဦးအမှုကို အယူခံ တလ ထပ်တိုးပေးရန် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ကြိုးပမ်းလျက်ရှိကြောင်း မြန်မာသံရုံးစုံစမ်းရေး ကော်မတီအဖွဲ့၏ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
“လိပ်ကျွန်းကိစ္စကတော့ အန်ကယ်တို့ အယူခံ အချက်အလက်တွေကို ထိုင်းရှေ့နေများ ကောင်စီက မပေးနိုင်သေးဘူး။ မပေးနိုင် သေးဘူးဆိုတာက သူတို့ပြည့်စုံအောင် မရေးနိုင်သေးလို့ပါတဲ့။ အယူခံရက် ၁ လတိုးတောင်းဖို့ သူတို့ ပြင်ဆင်နေပါတယ်။ ထိုင်းဥပဒေအရ တောင်းခွင့်ရှိတယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီသည် လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦး တရားမျှတမှု ရရှိရေးအတွက် မြန်မာသံရုံးစုံစမ်းရေး ကော်မတီအဖွဲ့ နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး အယူခံရက် ၁ လ တိုးတောင်းရန် ကိစ္စကို ယခုလ ၁၈ တွင် တင်ရန်ရှိကြောင်း သိရသည်။
အယူခံတင်ရန်အတွက်လည်း အမှုတွဲနှင့် သက်ဆိုင်သော အချက်အလက်များကို ယခင်ထက်ပိုမို ပြည့်စုံရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် အချိန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာအစိုးရ မြန်မာရှေ့နေချုပ်ရုံးနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
ရှေ့နေ ဦးအောင်မျိုးသန့် က ဆက်၍ “အချက်အလက်တွေက အမှုတွဲတင် မကဘူး၊ အပြင်ကကြားတဲ့ အချက်အလက် တွေလည်း ရှိတယ်။ နောက်တချက်က မြန်မာပြည်ရဲ့ ရှေ့နေချုပ်ရုံးကလည်း ပါဝင်ပြီး ကူညီ အကြံအဉာဏ် ပေးချင်တယ်ဆိုတော့ အဲဒါကိုလည်း စီစဉ်နေတယ်” ဟု ပြောသည်။
မြန်မာလူငယ်နှစ်ဦးကို နခွန်စီထမရတ်ချ် ခရိုင်ထောင် မှ နွန်ထဘူရီခရိုင်ရှိ Bangkwang ထောင်သို့ ရွှေ့ပြောင်းခဲ့ပြီး အဆိုပါ အကျဉ်းထောင်၌ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ နှစ်ဦးလုံးသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လျက် ရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သည့် ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ အကျဉ်းထောင်တွင် တန်းစီးများအဖြစ် တာဝန်ကျနေသူများသည် မြန်မာနိုင်ငံသားများဖြစ်၍ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ နှစ်ဦးအတွက် ပိုမိုအဆင်ပြေသကဲ့သို့ ကျန်အကျဉ်းသားများကလည်း အားပေးမှု၊ ကူညီဖေးမမှုများ ရှိကြောင်း သိရသည်။
“ထောင်ထဲမှာ သေဒဏ်ကျနေတဲ့ သူတွေကလည်း သူတို့ကို ပြောပါတယ်။ ဘာမှမစိုးရိမ်ဖို့ပေါ့နော်၊ ထောင်ကတော့ ဒီလိုပဲ ချလိုက်တာပဲ။ ဒါပေမယ့် သေဒဏ်တော့ မကျဘူး။ နှစ်လည်း အဲဒီလောက်အထိ ရှည်မှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေ ရှိတော့ သူတို့စိတ်ထဲမှာလည်း မျှော်လင့်ချက်တွေရှိတယ်။ ကိုယ့်တယောက် အမြင်အရဆိုရင်တော့ ပြဿနာတော့ မရှိဘူး၊ ပုံမှန်ပဲ၊ ဟိုတနေ့ကတောင် သူတို့ ခြင်းခတ်ဖို့ ကိုယ့်ကို ဖိနပ်မှာလိုက်သေးတယ်” ဟု ဦးထူးချစ် ကပြောသည်။
မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ နှစ်ဦးရောက်ရှိနေသည့် နွန်ထဘူရီခရိုင်ရှိ Bangkwang အကျဉ်းထောင်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးထောင်ဖြစ်ပြီး ၂၅ နှစ်အထက် ထောင်သားများကို ထားရှိကြောင်းသိရပြီး အဆိုပါ အကျဉ်းထောင်တွင် မြန်မာနိုင်ငံသား နှစ်ရှည်အကျဉ်းသား ၁၇၂ ယောက်ရှိကြောင်း ဦးထူးချစ်က ပြောသည်။
မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိပ်ကျွန်း ခေါ် Koh Tao ကျွန်းရှိ Sairee ကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရသော ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် Hannah Witheridge နှင့် David Miller တို့သေဆုံးမှုတွင် လူသတ်တရားခံများအဖြစ် စွပ်စွဲပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့သည်။