ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံသည် နှစ်ပေါင်း ၁၃၉ နှစ်ကြာပြီဖြစ်သည့် ကိုလိုနီခေတ် လက်ရာ အဆောက်အအုံ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ဘီလီယံဝက် ကုန်ကျမည့် ထိုမြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံ ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး စီမံကိန်းကို လွန်ခဲ့သော ၄ နှစ်ကတည်းက ကြေညာထားခဲ့သော်လည်း စီမံကိန်း ဆောင်ရွက်မှုကိုမူ များများစားစား မတွေ့ရသေးပေ။
မြန်မာနိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်များအနက် တဦးဖြစ်သူ အသက် ၆၃ နှစ်ရှိ Mr. Serge Pun ခေါ် ဦးသိမ်းဝေက ရုံးများ၊ လူနေ အခန်းများနှင့် ဟိုတယ်နေရာများ ပါဝင်မည့် အဆိုပါ မီးရထားရုံးချုပ် ဖွံ့ဖြိုးရေး စီမံကိန်းမှာ ကြိုးနီစနစ်ကြောင့် လုပ်ငန်းခက်ခဲ ကျပ်တည်းနေရသည့်အပြင် သန့်ရှင်းသော စီးပွားရေးလုပ်ငန်း ဖြစ်စေရမည်ဟူသော သူ၏ မူကြောင့်လည်း နှောင့်နှေးကြန့်ကြာနေရသည်ဟု ပြောသည်။
စီးပွားရေးမြို့တော် ရန်ကုန်တွင် အဆင့်မြင့် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆန့်ကျင်ဘက် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
“အခုဖြစ်နေတာက အချိန်ကြာပြီး ခက်ခဲကျပ်တည်းတဲ့ ကြိုးနီစနစ်ပဲ၊ ကောင်းတဲ့ အုပ်ချုပ်ရေးဆိုတာ အခွင့်အလမ်း ကောင်းကို ဖန်တီးပေးတာ၊ အခုက နှောင့်နှေးမှုကို ပေးနေတာ” ဟု အင်တာဗျူးတခုတွင် ဦးသိမ်းဝေက ဆိုသည်။
မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသည်ဆိုသည်နှင့် ပွင့်လင်းမြင်သာမှု မရှိဆိုသည်ကို ကုမ္ပဏီများနှင့် နိုင်ငံတကာ အေဂျင်စီများက သိရှိခဲ့ကြပြီး ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာ၌ အဓိက အတားအဆီးများဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး လိုအပ်မှုများအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကြိုးပမ်းနေစဉ် အသစ်စက်စက် ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း စိန်ခေါ်မှုများကို တွေ့မြင်နေရသည်။
ဦးသိမ်းဝေ၏ စီးပွားရေးလုပ်ငန်းသည် သန့်ရှင်း၍ သင့်လျော်သော အရည်အသွေး ရှိလင့်ကစား မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော စီးပွားရေးကြောင့် ဈေးကွက်အနေအထားတွင် နိုင်ငံတကာ အတိုင်းအတာအရ မျက်နှာမရသည့် အခြေအနေမျိုးနှင့် တိုးနေသည်။
ဆယ်ဧက အကျယ်အဝန်းရှိ မီးရထားရုံးချုပ် အဆောက်အအုံ ပြုပြင်မွမ်းမံထိန်းသိမ်းမှု စီမံကိန်းကို ၂၀၁၂ တွင် စတင်ကြေညာခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှု အရှိဆုံး စီမံကိန်းတခု ဖြစ်သည်။
မီးရထားရုံးချုပ် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်၏ လက်အောက်ခံဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့ အပါအဝင် ထင်ရှားသော ကျောထောက်နောက်ခံ အဖွဲ့အစည်းများ ရှိသော်လည်း စီမံကိန်းကို စတင်နိုင်ခြင်း မရှိသေးပေ။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ယင်း အဆောက်အအုံနှင့် မြေနေရာ ပြုပြင်ထိန်းသိမ်းမှု စီမံကိန်း အငှား ကာလ သက်တမ်းကို တိုးပေးရန် နောက်ဆုံးရက်သတ်မှတ်ပေးမည့် ကိစ္စမှာလည်း မတ်လ၌ ပျက်သွားခဲ့ပြန်သည်။
မြန်မာ့ မီးရထားရုံးချုပ် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ရှေးဟောင်း လက်ရာများကို ထိခိုက်စေခြင်းမရှိဘဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ဆိုသည်။ သို့သော် ထိန်းသိမ်းရေးလုပ်ငန်း ကာလသက်တမ်း တိုးပေးရေးနှင့် ပတ်သက်၍မှု တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါ။
အငှားကာလသက်တမ်း တိုးမပေးရန် နှောင့်နှေးနေခြင်းသည် စီမံကိန်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်နိုင်ကြောင်း IFC မှာ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဗစ်ကရမ် ကူးမားက ဆိုသည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှု ရှိနေသေးသော်လည်း ဈေးကွက်သစ်ဖြစ်လာမည့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများနှင့် လုပ်ဖော်ကိုင်ဖက်များအဖြစ် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အထူးစိတ်ဝင်စားနေသည်။ ရှုပ်ထွေးမှုများကို ရှင်းလင်းဖယ်ရှား၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရေးကို အထောက်အကူပြုရန် ဦးသိမ်းဝေက ပါတနာအဖြစ် ဆောင်ရွက်နေသည်။
ဦးသိမ်းဝေသည် Yoma Strategic Holdings ကို ထူထောင်ထားပြီး သူ၏ စီးပွားရေး အင်ပါယာတွင် အိမ်ယာလုပ်ငန်း၊ ဘဏ်၊ လေကြောင်းပျံသန်းရေးနှင့် ကားလုပ်ငန်းများအထိ ပါဝင်သည်။
ဦးသိမ်းဝေသည် ဆယ်စုနှစ် ၃ ခုအတွင်း အာရှိ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်လာခဲ့ပြီး Mr Clean ဟုလည်း ဆိုကြသည်။ သူ့လုပ်ငန်းများမှာ စီးပွားရေး ပိတ်ဆို့အရေးယူသည့်အထဲတွင် မပါဝင်ပေ။
အမေရိကန်မှ KFC မှသည် အင်ဒိုနီးရှားမှ ကျန်းမာရေးလုပ်ငန်း Lippo Group အထိ သူနှင့် စီးပွားရေးပါတနာများ ဖြစ်ကြသည်။ သို့သော်လည်း သူ၏ စီးပွားရေးလုပ်ငန်းများသည် အမည်ပျက် စာရင်းဝင် ကုမ္ပဏီများဖြင့်သာ ဆက်ဆံ လုပ်ဆောင်နေရသည်။ ဥပမာအားဖြင့် KFC စားသောက်ကုန် ပစ္စည်းများကို အမေရိကန်က ပိတ်ဆို့ အရေးယူထားသော Steven Law ခေါ် ဦးထွန်းမြင့်နိုင် တည်ဆောက်လည်ပတ်နေသော ရန်ကုန် လေဆိပ်မှတဆင့် တင်သွင်းနေရသည်။
ယင်းသို့ လုပ်ဆောင်နေရခြင်းသည် ရိုးမ ကုမ္ပဏီမှတဆင့် လုပ်ဆောင်ခြင်းဖြစ်ပြီး KFC ကတဆင့် လုပ်ဆောင်ခြင်း မဟုတ်သောကြောင့် ပိတ်ဆို့ အရေးယူမှုကို ချိုးဖောက်ရာ မရောက်ဟု ဦးသိမ်းဝေက ဆိုသည်။ အမေရိကန် အခြေစိုက် KFC ဘက်ကမူ တစုံတရာ ဖြေဆိုခြင်း မပြုပေ။ အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာနကလည်း အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ရှိ မရှိ မှတ်ချက် မပေးပါ။
NLD အစိုးရသစ်သည် ကျန်ရှိနေသေးသည့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ ကိုင်တွယ် ဆောင်ရွက်မည့် အစီအစဉ်များကို ထုတ်ပြန်ခြင်း မရှိသေးချေ။ ယခုမူ ကျန်ရှိနေသေးသည့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ရာ၌ ခေါင်းခဲစရာဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ငွေပြောင်းလွှဲမှု ကိစ္စများက အစဖြစ်သည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ အမှန်တကယ် ကြိုးပမ်းတယ်ဆိုလျှင် ခင်ဗျား ကျောက်စိမ်း တူးသူဟုတ်၊ မဟုတ်ဆိုတာကို လူတိုင်းက နားလည်မှာ မဟုတ်ပါ။ သူတို့ ပြောပြမှာကတော့ ငွေပြောင်းငွေလွှဲ လုပ်ရတာ အတော် ဒုက္ခရောက်တယ်ဆိုတာပဲ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ဆိုသည်။
(Reuters တွင် ဖော်ပြခဲ့သည့် Timothy McLaughlin ၏ Myanmar’s Mr Clean says he takes ‘red tape road’ to profit ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)