ABSDF ပြန်လည် ပေါင်းစည်းရေးအတွက် ဆွေးနွေးပွဲများ
ABSDF ဌာနချုပ်ရုံးဟောင်းရှိရာ လောကွားလူကုန်းမှာ တရက်၊ နှစ်ရက် ကြာပြီးနောက်မှာတော့ ပထမဆုံးအကြိမ် ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲကို မာနယ်ပလောဌာနချုပ် ကုက္ကိူပင်တန်းအောက်က တပ်ပေါင်းစု အစည်းဝေးခန်းမကြီးထဲမှာ စတင်ခဲ့ပါတယ်။
ကျနော်တို့ ဘက်မလိုက်အဖွဲ့က ကြားဝင်အဆိုပြုသူဆိုတော့ သဘာပတိအဖြစ်ရော၊ အခန်းနားမှူး အဖြစ်ပါ တာဝန်ယူရပါတယ်။ ထိုင်ခုံနဲ့ စားပွဲတွဲထားတဲ့ ခုံတွေကို ဂငယ်ပုံစံစီ၊ ကျနော်တို့က အလယ်မှာ ဗဟိုကိုယ်စားလှယ် နှစ်ဖက် ကဘေးမှာထိုင်ပြီး စားပွဲဝိုင်းပုံစံနဲ့ ဆွေးနွေးမှုလုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေအားလုံးကို ကိုနိုင်အောင်တို့ ဗဟိုဘက်ကနေ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းနဲ့ အသေချာလုပ်ထားပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ဆီ မိတ်တ္တူတခုပေးထားပေမယ့် မင်းသမီးစခန်းကနေ အဆုတ်မှာ အဲဒီဗီဒီယို မှတ်တန်း ၆ ခွေစလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ ကိုနိုင်အောင်တို့ ဗဟိုမှာရှိတဲ့ အခွေတွေအားလုံးကိုတော့ ဥရောပနိုင်ငံတခုက Archive သိမ်းတဲ့ဌာနတခုဆီမှာ အပ်နှံထားတဲ့အတွက် လောလောဆယ် ပြန်ယူကြည့်ရှုလို့ မရနိုင်သေးဘဲဖြစ်နေပါတယ်။ ဆွေးနွေးပွဲမှာ ပါခဲ့သူတွေကို မေးမြန်းတဲ့ အခါမှာလည်း ကောင်းကောင်းမှတ်မိသူ မရှိသလောက် ဖြစ်နေတဲ့အတွက် ကျနော် မှတ်မိသမျှကိုသာ အားကိုးပြီး ဒီဆောင်းပါးကို ရေးသားတင်ပြနိုင်မှာ ဖြစ်ပါတယ်။
ကျနော်မှတ်မိသလောက် အဲဒီလို ပေါင်းစည်းရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်ဟာ ၁၉၉၃ မေလ လောက်ဖြစ်မယ်လို့ ထင်ပါတယ်။ ပထမအကြိမ်ဆွေးနွေးပွဲ တက်ရောက်သူ စာရင်းထဲမှာ ဒေါက်တာ နိုင်အောင်တို့ဘက်က ဥက္ကဋ္ဌ ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၂ ကိုဌေးအောင်၊ စိုင်းမြင့်သူနဲ့ ထိပ်တန်းခေါင်း ဆောင် ၅ ဦးခန့် တက်ရောက်ပါတယ်။ ကိုမိုးသီးဇွန်တို့ဘက်က ဒု ဥက္ကဋ္ဌ ကိုအောင်သူငြိမ်း၊ အတွင်းရေးမှုး ၂ ကိုဌေးနိုင်၊ ကိုကျော်ကို၊ ကိုမင်းမင်းနဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့မှ ပါဝင်သူ ၃ ဦးကတော့ ကျနော်၊ ကိုအောင်မော်နဲ့ ကိုအောင်သန့်တို့ ဖြစ်ပါတယ်။
စာမျက်နှာ ၂ မျက်နှာပါ ကျနော်တို့တင်ပြတဲ့ ပြန်လည်ပေါင်းစည်းရေး အဆိုပြုချက်တွေကို ၂ ဖက်စလုံးက မူအရ လက်ခံတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပေမယ့် အဲဒီ ၂ မျက်နှာမှာ ပါဝင်တဲ့ အချက်လက်နဲ့ စာသားတွေကို မမှတ်မိဘဲဖြစ်နေပါတယ်။ ညနေပိုင်းရောက်တဲ့အထိ တိကျတဲ့ဆုံးဖြတ်ချက် မရတဲ့အတွက် အလားတူ ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်ကျရင် ၂ ဖက် ဗဟိုဌာနချုပ်တွေဆီမှာ ဆက်လုပ်မယ်လို့ သဘောတူပြီး မာနယ်ပလော ဆွေးနွေးပွဲကို ရပ်နားလိုက်ပါတယ်။
ဒီဆွေးနွေးပွဲ ပြီးတဲ့အခါမှာတော့ သဘာပတိအဖြစ် တာဝန်ယူရတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲမှာ ဆက်တည်းဖို့ မသင့်တော်တဲ့အတွက် ကြားနေရာဖြစ်တဲ့ စောလဲထာရွာ ဆီပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာ တည်းလိုက်၊ မဲစရိယန်းမြို့ပေါ်ကို တက်ပြီး River Side Guest House မှာတည်းရင်း တပ်ရင်းနဲ့ ရနောင်းမြို့ဘက်ဆီ ဆက်သွယ်လိုက်နဲ့ နေခဲ့ပါတယ်။ ၄ ရက်လောက်ကြာတဲ့အခါမှာတော့ စောလဲထာ အောက်ဖက်နားက သံလွင်မြစ်ဘေးရှိ ကိုမိုးသီးဇွန်တို့ ဗဟို ဌာနချုပ်ရှိရာ သေလောထာစခန်းဆီ ကျနော်တို့ဆင်းလာခဲ့ပါတယ်။
၁၉၈၉ ခုနှစ် မာနယ်ပလောနဲ့ ဥသုထာခရီးစဉ်တုန်းက သေလောထာဝန်းကျင်မှာ ကျောင်းသားစခန်းတွေကို မတွေ့ရသေးပေမယ့် အခု ၁၉၉၃ မှာတော့ သောင်ရင်းနဲ့ သံလွင်မြစ်တို့ဆုံတဲ့ မြစ်ဆုံကနေ သေလောထရွာ အပေါ်နားအထိ သံလွင်မြစ်ကမ်းတလျှောက် ခွပ်ဒေါင်းအလံတလူလူနဲ့ ကျောင်းသားစခန်းတွေ တန်းစီနေရာယူ ထားတာကိုတွေ့ရပါတယ်။
မြစ်ဆုံရဲ့အထက်နားကနေ သေလောထာရွာ အနီးထိ ကိုမိုးသီးဇွန် ဗဟိုကို ထောက်ခံတဲ့ တပ်ရင်းတွေဖြစ်တဲ့ ၂၀၈၊ ၂၁၄၊ ၂၁၂ နဲ့ ၂၀၄ တပ်ရင်း စခန်းတွေကို တွေ့ရပါတယ်။ ကိုမိုးသီးဇွန်တို့ဗဟို အပေါ်ဖက် သေလောထာရွာ အနီးမှာတော့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့ ၂၁၀ တပ်ရင်းနဲ့ သေလော့ထာရွာ အပေါ်ဖက်နားမှာတော့ ၂၀၉ တပ်ရင်း နေရာယူထားပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၉ နဲ့ ၂၁၀ တို့ ဒေါင်းဂွင်ဖက်ပြောင်းသွားတယ်လို့ သိရပါတယ်။
ဒီစခန်းတွေ အားလုံးနီးပါးကို သံလွင်မြစ်ထဲက ဖြတ်သွားရင်း မြင်ဖူးရုံသာရှိပြီး တပ်ရင်းမှုး ကိုနေမျိုးရဲ့ ၂၁၂ တပ်ရင်းတခုကိုသာ ကျနော်ရောက်ခဲ့ဖူးပါတယ်။ စောလဲထာကနေ ကိုမိုးသီးဇွန်တို့ ဗဟို ဌာနချုပ်စခန်းကို မိနစ် ၄၀ ခန့် လှေစီးရပါတယ်။ သေလောထာ ဗဟိုဌာနချုပ်စခန်းဟာ အယင် မာနယ်ပလောတောင်ကုန်းပေါ်က စခန်းနဲ့စာရင်တော့ ပထဝီအနေထား မကောင်းလှဘူးလို့ ထင်ပါတယ်။ ဆွေးနွေးပွဲအတွက် တညအိပ် တရက်ခရီးစဉ် အဖြစ်သာ ရောက်ဖူးတဲ့အတွက် အခင်းအကျင်းကို ကောင်းကောင်း မမှတ်မိတော့ပါ။
နောက်တနေ့မနက် ကိုနိုင်အောင်တို့ ဗဟိုဘက်က ကိုယ်စားလှယ်တွေ ရောက်လာတဲ့အခါမှာတော့ ပေါင်းစည်းရေးဆွေးနွေးပွဲ ဒုတိယအကြိမ်အဖြစ် သေလောထာစခန်းမှာ စတင်ခဲ့ပါတယ်။ ဒီအစည်းဝေးကိုတော့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အရင် မာနယ်ပလော အစည်းဝေးအတိုင်း အပြောင်းလဲမရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းရာတွေကတော့ မာနယ်ပလော အစည်းဝေးခန်းမမှာ တင်ပြတဲ့အချက်တွေကိုပဲ ဆက်လက် ဆွေးနွေးတာဖြစ်ပါတယ်။ အားလုံး အပြန်အလှန် ငြင်းခုံဆွေးနွေးပြီး နောက်မှာတော့ နောက်ဆုံး အကြိမ်ဆွေးနွေးပွဲကို ကိုနိုင်အောင်တို့ ဌာနချုပ်ရှိရာ ဒါးကွင်း (ဒေါင်းဂွင်လို့ ကျောင်းသားတွေက အမည်ပြောင်း) မှာ လုပ်ဖို့ သဘောတူပြီး ညနေပိုင်းမှာ ဆွေးနွေးပွဲကို ရပ်နားလိုက် ပြန်ပါတယ်။
ခေါက်ဆွဲကြွေးမိတဲ့ ဒိုင်လူကြီး
သေလောထာ ဆွေးနွေးပွဲအပြီးမှာတော့ ထုံးစံအတိုင်း စောလဲထာကို ပြန်လာပြီး ကိုမြင့်အောင် တို့အိမ်မှာပဲ ခဏတာ စခန်းချပြန်ပါတယ်။ နောက် ၂ ရက်လောက် ကြာတဲ့အခါမှာတော့ စောလဲထာ အပေါ်ဘက်ကို တနာရီလောက် စက်လှေမောင်းရတဲ့ ကိုနိုင်အောင်တို့ ဗဟိုရှိရာ ဒေါင်းဂွင်စခန်းဆီ ကျနော်တို့သွားပါတယ်။ ၁၉၈၉ တုန်းက ကျနော်ရောက်ခဲ့ဖူးတဲ့ စောထာစခန်း၊ သံလွင်စခန်းတို့ရှိရာ ဥသုထာအရပ်ဆီ မရောက်ခင် သံလွင်မြစ်ဘေးတနေရာမှာ ကျွန်းသစ်တွေ၊ သစ်မာတွေနဲ့ အခိုင်မာ ဆောက်ထားတဲ့ စခန်းတခုကို ကျနော်တို့တွေ့ရပါတယ်။ လှေစဆိုက်ဆိုက်ချင်း ပထမဆုံးတွေ့ရတဲ့နေရာက ဒေါက်တာမြင့်ချို တာဝန်ယူထားတဲ့ ဗဟိုဆေးခန်းနဲ့ ဆေးတပ်ဆွယ်၊ ပြီးတော့ မိသားစု အိမ်တန်းတစု၊ အဲဒီတဲတန်း အလွန်မှာတော့ ကရင်မလင်မယားလို့ လူသိများတဲ့ ကိုအောင်သန်းတို့ မိသားစုနေထိုင်တဲ့ သစ်စက်တလုံး၊ သစ်စက်ဘေးရှိ ချောင်းလက်တက် သေးသေးလေးကို ကျော်လိုက်တဲ့အခါမှာတော့ ပြန်ကြားရေးဌာနပိုင် တဲတလုံးနဲ့ အဲဒီတဲရဲ့ နောက်ကျောမှာတော့ သားနားလှတဲ့ တောတွင်း စတူဒီယိုတခု။
သားနားတယ်ဆိုတာဟာ တောထဲမှာမြင်နေရတဲ့ အဆောက်ဦတွေကြားမှာ နှိုင်းယှဉ်ပြောဆို ခြင်းသာဖြစ်ပြီး မြို့ပေါ်ကစတူဒီယိုတွေနဲ့တော့ မနှိုင်းယှဉ်စေလိုပါ။ ၁၈ ပေ၊ ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ တဲတလုံးသာဖြစ်ပြီး ထူးခြားတာကတော့ ကျွန်းသစ်ခင်း၊ ကျွန်းသစ်ကာထားတဲ့အပြင် ၃ ပေ လောက်ရှိတဲ့ မှန်ချပ်ကြီးကိုပါ တပ်ဆင်ထားတဲ့ စတူဒီယိုအသေးစားတခု ပါဝင်နေခြင်းပါ။
၈ ပေလောက်ရှိတဲ့ အဲဒီစတူဒီယိုဘေးက ၁၀ ပေလောက်ပိုနေတဲ့ နေရာကတော့ ဧည့်ရိပ်သာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဧည်သည်တွေဖြစ်တဲ့ ကျနော်တို့အဖွဲ့ အဲဒီစတူဒီယိုရှေ့မှာ ၂ ရက် ၃ ရက်ခန့် စခန်းချခဲ့တယ်ဆိုပါတော့။ ထပ်ဖြည့်ပြောရမယ်ဆိုရင် ဒီစတူဒီယိုဟာ DVB ရေဒီယိုကရတဲ့ ဘတ်ဂျက်ငွေနဲ့ ဆောက်ထား တယ်လို့သိရပြီး DVB အတွက် ဇာတ်လမ်းတွေ၊ သီးချင်းတွေ၊ သတင်းဆောင်းပါးတွေ ထုတ်လုပ်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီမှာ တည်းခိုနေစဉ်မှာတောင် ရေဒီယိုဇာတ်လမ်း အသံသွင်းနေကြတဲ့ ဒေါင်းဂွင်စတူဒီယို ဝိုင်းတော်သားတွေနဲ့ တွေ့ခွင့်ရလိုက်ပါသေးတယ်။
အကွဲအပြဲကာလအတွင်း DVB ရေဒီယိုအတွက် ပရောဂျက်အားလုံးနီးပါးကို ကိုနိုင်အောင်တို့ ဗဟိုဖက်က ရရှိထားပြီး ဗဟို ပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း (အခု DVB ဒုညွန်မှူး) က တာဝန်ယူ ဆောင်ရွက်နေတာလို့ သိရပါတယ်။
အဲဒီ စတူဒီယိုကို ကျော်ပြီး တောအုပ်တွေရှိရာ တောင်ကုန်းဘက် နည်းနည်းဆက်ဝင်လာတော့ ပေ ၅၀၊ ပေ ၂၀ ပတ်လည်လောက်ရှိတဲ့ သားနားလှတဲ့ မြေစိုက်ဗဟိုရုံးခန်းကို တွေ့ရပါတယ်။ ဒီရုံးခန်းထဲမှာ စားပွဲတင် တင်းနစ်ကစားတဲ့ ခုံတန်းကို တွေ့ရပြီး ရုံးချိန်လွန်ရင်တော့ ဒီအဆောင်ဟာ ရုံးခန်းအဖြစ်ကနေ မိုးလုံလေလုံ အားကစားရုံအဖြစ် အသွင်ပြောင်းသွားလေ့ ရှိပါတယ်။ အဲဒီရုံးခန်းရဲ့နောက်ကျောမှာတော့ ဗဟိုကော်မီတီဝင်တွေနေတဲ့ တန်းလျားတခုကိုတွေ့ရပြီး ကျွန်းသစ် အတိုအစတွေနဲ့ အသေချာဆောက်၊ အသေချာ အခန်းဖွဲ့ထားတာကို တွေ့ရပါတယ်။ အဲဒီအဆောင်ရဲ့ဘေးမှာတော့ စားဖိုဆောင်၊ တခါ ဗဟိုရုံးကိုကျော်ပြီး သစ်တောထဲ ထပ်ဝင်သွားမယ်ဆိုရင် စစ်ရုံးချုပ်နဲ့ ရဲဘော်တွေရဲ့ ဘားတိုက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဘက်ကိုတော့ ကျနော်မသွားဖြစ်လိုက်ပါ။
ဒေါင်းဂွင်မှာ တရက်တာ လေ့လာရေးအပြီး နောက်တရက်မှာတော့ ကိုမိုးသီးဇွန်တို့ဗဟိုမှ ကိုအောင်သူငြိမ်းတို့အဖွဲ့ ရောက်လာပြီး ပေါင်းစည်းရေး ဆွေးနွေးပွဲ တတိယအကြိမ်ကို ကျနော်တို့စတင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျနော်မမှတ်မိတော့ပါ။ ဒါပေမယ့် အဲဒီနေ့နဲ့ပတ်သက်ပြီး အခုချိန်ထိ ထူးထူးခြားခြား မှတ်မိနေတာကတော့ နှစ်ဖက်ကိုယ်စားလှယ်တွေကို သဘာပတိ တာဝန်ယူတဲ့ ကျနော်တို့ဘက်မလိုက်အဖွဲ့က ခေါက်ဆွဲကြွေးမိတဲ့အဖြစ်ပါ။ “နှစ်ဖက် ဘောလုံးသမားတွေကို ဒိုင်လူကြီးက ခေါက်ဆွဲကြွေးတယ်နေဟေ့” ဆိုပြီး အစခံရတဲ့ အဲဒီနေ့က နေ့လည်စာ ထမင်းဝိုင်းပါ။
မာနယ်ပလောမှာကျင်းပတဲ့ အစည်းဝေးအတွက် နေ့လည်စာကို ကိုနိုင်အောင်တို့က တာဝန်ယူပြီး သေလောထာက အစည်းဝေးနေ့လည်စာကို ကိုမိုးသီးဇွန်တို့က တာဝန်ယူခဲ့တဲ့အတွက် ဒီတကြိမ် အစည်းဝေး နေ့လည်စာကို ကျနော်တို့ ဘက်မလိုက်အဖွဲ့က တာဝန်ယူမယ်ဆိုပြီး ကတိပေးထားပါတယ်။ ဒီလိုနဲ့အစည်းဝေးမလုပ်ခင် တရက်မှာ စားဖိုမှူး ကိုကင်းရှင်ကို ဘာကြွေးရင်ကောင်းမလဲဆိုပြီး ညှိတော့ “ထမင်းက နေ့စဉ်စားနေရတာ ရိုးနေပြီ။ ထူးထူးခြားခြား ခေါက်ဆွဲကြွေးပါလား။ ကျနော်စီစဉ်ပေးမယ်” လို့ ပြောပါတယ်။ ကိုကင်းရှင်ဆိုတာ အရင်ကျနော်တို့ မင်းသမီးခစန်းမှာကတည်းက အချက်အပြုတ် နာမည်ကြီးခဲ့သူဖြစ်တဲ့အတွက် သူရဲ့အကြံပေးချက်အတိုင်း လုပ်ဖို့သဘောတူလိုက်ရာကနေ ဒီ နာမည်ကြီး ခေါက်ဆွဲကြော် နေ့လည်စာဖြစ်လာတာပါ။
နေ့လည်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေကို ရပ်နားလိုက်ပြီး ဒီဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ဗဟိုတွေအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြဖို့၊ ပြီးတော့မှ နောက်တခါ ပြန်လည်တွေဆုံ ထပ်မံဆွေးနွေးကြဖို့ သဘောတူပြီး ကိုမိုးသီးဇွန်တို့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တွေ ကိုနိုင်အောင်တို့ရဲ့ ဒေါင်းဂွင်ဌာနချုပ်ကနေ ထွက်ခွာလာခဲ့ပါတယ်။
ကြားဝင်ညှိနှိုင်းမှုအတွေ့အကြုံနဲ့ ဘက်မလိုက်အဖွဲ့ ဘက်လိုက်သွားခြင်း
တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်တို့ဘက်မလိုက်အဖွဲ့ဟာ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ကြားဝင်ညှိနိင်းပေးတယ်ဆိုပေမယ့် နိုင်ငံရေးညှိနှိုင်းမှု အတတ်ပညာနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှမတတ်၊ ဘာမှ မသိပါ။ ကြားဝင်ညှိနှိုင်းရေးအကြောင်းလည်း တခါမှ အသေချာ မလေ့လာဖူးခဲ့ပါ။ “ABSDF မကွဲဘဲ တစုတစည်းတည်း ဖြစ်နေစေချင်တယ်” ဆိုတဲ့ စေတနာထက်ပိုပြီး ကျနော်တို့ ဘာမှမသိသလို ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်ခံလိမ့်မယ်၊ ပေါင်းစည်းရေးညီလာခံ မကြာခင်လုပ်ဖြစ်ပြီး ABSDF တခုတည်း ပြန်ဖြစ်သွားလိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် ကျနော်တို့ ဘက်မလိုက်အဖွဲ့ တာဝန်ကြေပြီလို့ စိတ်ကူးယဉ်ဆန်ဆန် မျက်စိမှိတ်ယုံကြည်ထားသလို ဖြစ်နေခဲ့ပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်မခံဘူးဆိုရင်၊ ဒါမှမဟုတ် နှစ်ဖက်မှာ တဖက်ကပဲ လက်ခံတယ်ဆိုရင် ကျနော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ Plan B အဆင့် စဉ်းစားထားချက်မျိုး ကျနော်တို့မှာ မရှိပါ။ ဒီလိုနဲ့ ကျနော်တို့အဖွဲ့ မင်းသမီးစခန်းဆီ ပြန်ရောက်တော့ ဒီကိစ္စတွေကို ဆွေးနွေးဖို့ စုံညီအစည်းဝေး ခေါ်ရပါတယ်။ ဒီအချိန်မှာ ရန်ပုံငွေရတဲ့ ပင်လယ်ပြင် စစ်ကြောင်းကို ဦးစားပေး ဆောင်ရွက်နေတာကြောင့် တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ပင်လယ်ပြင် စစ်ကြောင်းမှူးတွေအားလုံး ရနောင်းနဲ့ ပင်လယ်ပြင်ထဲ ခရီးလွန်နေကြပါတယ်။
ကျနော်တို့ မင်းသမီးစခန်းဆီ ပြန်ရောက်ပြီး သတင်း ၃ ပတ်လောက်ကြာမှ လူစုံတဲ့အတွက် တပ်ရင်းညီလာခံကို စတင်ပါတယ်။ ဒီတခါ ညီလာခံက အရင်က ညီလာခံတွေလို နောက်လိုက်ပြောင်လိုက် စလိုက်ပုံစံမျိုး မဟုတ်တော့ဘဲ အားလုံးက တခုခုကို စိုးရိမ်သလို ဖြစ်နေကြပါတယ်။ ဆိုလိုတာကတော့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်တွေကို နှစ်ဖက်ဗဟိုက မူအရလက်ခံတယ်ဆိုပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ဘာမှရမလာဘူး။ နောက်ထပ် ဘယ်လောက်ကြာမှ ဗဟို နှစ်ခုပြန်ပေါင်းမလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်တဲ့အခြေနေမျိုးပါ။ ဒီလိုအခြေနေမှာ ကျနော်တို့တပ်ရင်း ဘယ်မလိုက်အဖြစ် ဘယ်လောက်ကြာကြာ ဆက်ရပ်နိုင်မလဲ၊ ဗဟို နှစ်ခုမပေါင်းမချင်း ဘက်မလိုက်အဖြစ် ဆက်ရပ်နိုင်ပါ့မလား၊ နေ့စဉ်ကြုံနေရတဲ့ အခက်ခဲတွေကို ရက်အကန့်အသတ်မရှိ ကျနော်တို့တောင့်ခံနိုင်ပါ့မလား။ ဘက်မလိုက်အဖွဲ့ ဗဟိုတခုခုနဲ့ ပေါင်းပြီး ဘက်လိုက်တဲ့ဘ၀ ရောက်တော့မလားလို့ အားလုံးက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ ဗဟို နှစ်ခုပြန်ပေါင်းအောင်ဆိုပြီး ကိုယ်စရိတ်ကိုယ်စိုက်၊ ဌာနချုပ်တွေဆီအထိသွားပြီး ကြားဝင်ညှိနှိုင်းခဲ့တဲ့ ကျနော်တို့ဟာ တကယ်လက်တွေ့မှာတော့ ဗဟို နှစ်ခုကို ပြန်ပေါင်းအောင် မလုပ်နိုင်တဲ့အပြင် ဘက်မလိုက်အဖွဲ့တောင် နှစ်ခြမ်းပြန်ကွဲသွားနိုင်တဲ့ ကြိုတင်မှန်းဆမထားတဲ့ ပြောင်းပြန်အခြေနေနဲ့ ရင်ဆိုင်လိုက်ရတယ်ဆိုပါတော့။
နိုင်ငံတကာသတင်းတွေ၊ စာအုပ်စာတမ်းတွေထဲမှာ ဖတ်ဖူးသလောက် ကြားဝင်ညှိနှိုင်းမှုဆိုတာဟာ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်အုပ်စုနဲ့ မဆိုင်တဲ့ သီးခြားလွတ်လပ်တဲ့ စေ့စပ်ရေးပညာရှင်အဖွဲ့၊ ဘာသာရေးအဖွဲ့ သို့မဟုတ် နိုင်ငံခြားအစိုးရ တခုခုကနေ ကြားဝင် စေ့စပ်ပေးကြတာကိုသာ တွေ့ရပြီး ကျနော်တို့လို့ ကွဲနေတဲ့ နှစ်ဖွဲ့ (တချို့ကတော့ ကျနော်တို့ကိုပါ စာရင်းထည့်ပြီး သုံးဖွဲ့လို့ ဆိုကြပါတယ်) ကြားမှာ အင်အားအနည်းဆုံး ဘက်မလိုက်အဖွဲ့က ဝင်စေ့စပ်ပေးတယ်ဆိုတာမျိုး မတွေ့ဖူးသေးပါဘူး။
တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အင်အား ၁၀၀၀ ကျော်စီရှိနေတဲ့ ဗဟို နှစ်ခုဟာ သူဟာနဲ့ သူရပ်တည်ပြီး အဆင်ပြေနေချိန်မှာ အင်အား ၁၀၀ ကျော်သာရှိတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်ကို ဘာကြောင့်များ သူတို့က နားထောင်ဖို့ လိုလိမ့်မလဲဆိုတာကို အဲဒီအချိန်က ကျနော်တို့ အသေအချာ မစဉ်းစားဖြစ်လိုက်ပါဘူး။ အမှန်တရားအပေါ် အခြေခံထားတဲ့ သဘောတရားနဲ့ အင်အားအပေါ် အခြေခံထားတဲ့ လက်တွေ့နိုင်ငံရေးအခြေနေ နှစ်ခုကွာဟချက်ကို အသေအချာ ခွဲခြားစိပ်ဖြာနိုင်စွမ်း အဲဒီကာလက ကျနော်တို့မှာ တကယ်မရှိခဲ့ပါ။
ဒီလိုနဲ့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ဘယ်အချိန်အထိ ရပ်မလဲ၊ ဗဟို နှစ်ခု ဘယ်အချိန် ပြန်ပေါင်းမယ်လို့ ဘယ်သူသိမလဲ၊ ပေါင်းကောပေါင်းကြဦးမှာလား၊ နေ့စဉ်ကြုံတွေနေရတဲ့ ရပ်တည်ရေး အခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ စသည်ဖြင့် သတင်းတပတ်ကြာ ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ကျနော်တို့ရဲ့ တင်ပြချက်တွေကို လက်ခံတဲ့သဘောရှိသူ၊ ဒါမှမဟုတ် နည်းနည်းနီးစပ်သူ ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ ပေါင်းမလားဆိုပြီး မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ အဆင့်အထိ ရောက်လာပါတယ်။ ကိုယ်စားလှယ်အများစုက ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ပေါင်းဖို့ မဲပေးလိုက်တဲ့အတွက် ၁၉၉၃ သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံး နှစ်ပတ်လည် ၅ နှစ်ပြည့်နေ့မှာ အဲဒီ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာပြီး ဘက်မလိုက်အဖွဲ့ဟာ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ ပေါင်းစည်း လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)