[irrawaddy_gallery]
ပဉ္စမအကြိမ်ညီလာခံနဲ့ ဇလားဒုက္ခသည်စခန်း
ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ ခေါ်ယူလာတဲ့အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ဘဲ သတင်းထောက်အလုပ်ချည်း လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။ နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေများသွားတဲ့အတွက် တပ်ရင်း ၁ လူဦးရေဟာ ၇၀ ဝန်းကျင်လောက်ပဲကျန်ပြီး အရင်က ကိုယ်စားလှယ် ၁၀ ကျော် ခွဲတမ်းရနေရာကနေ အခုတော့ ကိုယ်စားလှယ် ၆ ဦးပဲ ရပါတော့တယ်။
ကျန်နေတဲ့ ရင်း ၁ ရဲဘော်အများစုဟာ တပ်ရင်း ၁ အခြေစိုက်စခန်းတွေဖြစ်တဲ့ ဟွာဟင်ဖက်က စခန်းသစ်နဲ့ စန်ခရဘူရီဖက်က ကလော့ကာနီ စခန်းတွေနဲ့စာရင် ဗဟိုဌာနချုပ်ရှိ ဌာနခွဲအသီးသီးမှာ တာဝန်ထမ်းနေသူ ဦးရေကတောင် ပိုများနေတဲ့သဘောမျိုး ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် KNU က အပစ်အခတ် ရပ်စဲရေး လုပ်သွားရင်၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေ တခုခုဖြစ်လာရင် တောင်ပိုင်းဒေသ ABSDF နောက်ဆုံး စုရပ်စခန်းအဖြစ် ရည်ရွယ်ပြီး ကျနော်တို့ ရှှာဖွေခဲ့တဲ့ ဟွာဟင်က စခန်းသစ်ဟာ ဒီနေ့ မင်းသမီးစခန်းခွာစစ်မှာ အသုံးတည့်သွားပါတယ်။ မင်းသမီးဒေသက ဆုတ်လာတဲ့ တပ်ရင်း ၁ နဲ့ တပ် ရင်း ၇ အပြင် အရင် ထပ်စကဲဖက်ရှိ ကိုမိုးသီးဇွန်တို့ဖက်က တပ်တွေပါ စခန်းသစ်အထိ လာရောက် စုရုံးကြတယ်လို့သိရပါတယ်။ ဒါကြောင့် စခန်းသစ်ဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေအထိ တောင်ပိုင်းဒေသရဲ့ နောက်ဆုံး ABSDF စခန်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ (တောင်ပိုင်းဒေသဆိုတာဟာ ဘုရားသုံးဆူ၊ မွန်နယ်မြေ အောက်ဖက်က တနင်္သာရီတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ အင်တာနက်သတင်းတွေမှာ သုံးနေကြသလို မာနယ်ပုလော အခြေစိုက် အဖွဲ့အားလုံးကို တောင်ပိုင်းလို့ခေါ်ပြီး ကချင်ပြည်နယ် အခြေစိုက်အဖွဲ့တွေကို မြောက်ပိုင်းလို့ ခေါ်ခြင်းကို အဲဒီကာလက ကျနော်တို့ မကြားဖူးပါ)။
အဲဒီ နောက်ပိုင်းမှာတော့ တပ်ရင်း ၁ ရဲဘော်အားလုံးကို စန်ခရဘူရီဖက်ရွေ့ပြီး အခုချိန်အထိ မွန်နဲ့ ကရင်နယ်စပ်မှာ တပ်ရင်း ၁ မှူး ကိုသိန်းလွင် ဦးဆောင်တဲ့အဖွဲ့က လှုပ်ရှားနေဆဲလို့ သိရပါတယ်။ ဗဟို ဖက်သွားတဲ့အခြေနေကို ပြန်ကောက်ရမယ်ဆိုရင် တပ်ရင်း ၁ ကနေ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် ၆ ဦးထဲမှာ ဒေါက်တာနိုင်အောင်၊ ကိုကျော်ကျော်၊ ကိုမျိုးဝင်း၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း စသဖြင့် ဗဟိုကလူချည်း ၅ ဦးပါဝင်ပြီး တပ်မှူးတွေထဲက ဆရာအောင်မြင့် တဦးပဲ ပါတယ်လို့ ကျနော်အမှတ်ရနေတယ်။ ကိုယ်စားလှယ်ထဲ မပါတော့တဲ့ ဗဟိုကော်မီတီဝင်ဟောင်း ကိုမင်းအောင်နဲ့ ကျနော်ကတော့ ညီလာခံမတိုင်မီ ကျင်းပမယ့် ဗဟိုကော်မတီ အစည်းဝေးတက်ဖို့ ဇလားစခန်းဆီ ရောက်သွားတဲ့ သဘောပါ။
မယ်စရိယန်းမြို့နဲ့ ဇလားစခန်းအကြား ကားလမ်းကြမ်းဟာ ဆိုးဝါးတဲ့အပြင် တောင်ကျော်-တောဖြတ် သွားရတဲ့အတွက် အတော်အန္တရာယ် များပါတယ်။ ကျနော်တို့လိုပဲ တခြားတပ်ရင်း၊ စခန်း အသီးသီးက ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ တပ်မှူးတွေလည်း ဇလားစခန်းဆီ ရောက်လာကြပါတယ်။ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပတဲ့နေရာဟာ ဇလားစခန်းရှိ ကျောင်းသားတွေ နေထိုင်ရာ ရပ်ကွက်ရဲ့ အနောက်ဖက် လျှိုမြောင်လေးကြားထဲက အင်ဖက်မိုး၊ မြေစိုက်၊ အစည်းဝေးခန်းမမှာ ဖြစ်ပါတယ်။ တောကြီးမျက်မည်းထဲက တောင်နံရံ ၂ ခုကြားရှိ စမ်းချောင်းတလျှောက် ဖြစ်သလိုဆောက်ထားတဲ့ ဒီစခန်းထဲမှာ လူဦးရေ ၁ သောင်းကျော်ရှိပြီး ရွာတန်းအရှည်က ၄-၅ မိုင်လောက်ရှိမယ်လို့ ကျနော် ထင်ပါတယ်။ လုံခြုံရေးဂိတ်ရှိတဲ့ စခန်းအဝင်ဝကနေ ကျောင်းသားရပ်ကွက်ရှိတဲ့ နေရာလောက်ပဲ ကျနော်ရောက်ဖူးပြီး စခန်းဟိုဖက်ထိပ်အထိ မရောက်ဖူးလိုက်ပါ။
ကျောင်းသားရပ်ကွက်ရဲ့ရှေ့စမ်းချောင်းလေးဘေးမှာ ခပ်ကျဉ်းကျဉ်း ဘော်လီဘော သို့မဟုတ် ပိုက်ကျော်ခြင်းလည်း ကစားလို့ရတဲ့ ကွင်းတခုရှိပါတယ်။ အဲဒီကွင်းရဲ့ ဟိုဖက်ထောင့်မှာ စီးပွားရေး အမြင်ရှိတဲ့ ကျောင်းသားဟောင်း တဦးပိုင်တဲ့ ဗီဒီယိုရုံ၊ အဲဒီနေရာ နှစ်ခုကြားကနေ တောင်ကုန်းလေးပေါ် လမ်းလျှောက်တက်လာမယ်ဆိုရင် သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ အင်ဖက်မိုးနဲ့ ဆောက်ထားတဲ့ အိမ်ထောင်သည်လိုင်း တဲအိမ်ငယ်တွေ အစီအရီ။ ကလေးငိုသံ၊ ခွေးဟောင်သံ၊ ဝက်အော်သံတွေ၊ BBC, VOA, RFA, DVB ရေဒီယိုအသံတွေနဲ့ ဆူညံလို့ပေါ့။ ၁၀ မိနစ်လောက်လျှောက်ပြီးတဲ့အခါ တောင်နံရံမှာ ကပ်ဆောက်ထားတဲ့ ဗဟိုအလယ်တန်းကျောင်းကို တွေ့ရမှာဖြစ်ပါတယ်။ ABSDF ရဲ့ မျိုးဆက်သစ် ကျောင်သားဦးရေ ၅၀ ကျော်ရှိတဲ့ အဲဒီကျောင်းဆောင်နေရာကနေ အောက်ကိုပြန်ကြည့်မယ်ဆိုရင် စမ်းချောင်းလေးတလျှောက် ကွေ့ကောက်၊ ကြပ်ညှပ်နေတဲ့တဲအိမ် အမိုးတွေ၊ မီးခိုးတန်းတွေ၊ တဖက်ခြမ်းက တောင်နံရံတွေကို လှမ်းမြင်နေရပါတယ်။
ဒီစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် အခြားတဖက် တောင်နံရံမှာတော့ အတွင်းရေးမှုး ၁ ကို စိုင်းမြင့်သူရဲ့ ရုံးခန်းနဲ့ ဗဟိုဆက်သွယ်ရေးဌာန။ အဲဒီဘေးမှာ အတွင်းရေးမှုး ၂ ကိုမျိုးဝင်းရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတခု။ သူတို့နှစ်ဦးရဲ့ရုံးခန်းကိုပဲ ဒီမှာတွေ့ရပြီး ဥက္ကဌ ၂ ဦးနဲ့ အထွေထွေအတွင်းရေးမှူးတို့ရဲ့ ရုံးခန်းကိုတော့ မတွေ့ရပါဘူး။ ထိုင်းနဲ့ နိုင်ငံတကာဆီ တာဝန်နဲ့ ခရီးသွားနေရတာ များတာကြောင့် ဆက်သွယ်ရေးခက်ခဲတဲ့ ဒီလိုဒုက္ခသည်စခန်းမှာ သူတို့ ရုံးခန်းမထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ အဲဒီ အတွင်းရေးမှူး ၂ ရုံး အောက်ဖက်မှာတော့ ဗဟိုရုံးအဖွဲ့မှူး ကိုမြင့်အောင်ရဲ့ တဲအိမ်နဲ့ ကျနော်တို့ ကိုယ်စားလှယ်အားလုံး ညာဥထီး (ငါးပိရည်) နဲ့ ဝါးတီးဖွင့်ရာ ဗဟိုစားဖိုဆောင်၊ ဒီနေရာကနေ အပေါ်ဘက် ဆက်တက်သွားမယ်ဆိုရင် ဦးထွန်းကျော်ရုံးထိုင်တဲ့ ဗဟိုတရားရေးဌာန၊ ဒီလိုရှိသမျှ တဲငယ်ပေါင်းစုံကိုကျော်ပြီး အဝေးကနေ လှမ်းမမြင်နိုင်တဲ့ ခမ်းလှမ်းလှမ်းက တောအုပ်လေးထဲ ၁၅ မိနစ်လောက် ထပ်တက်သွားမယ်ဆိုရင်တော့ ဗဟိုကော်မတီ အစည်းဝေးကျင်းပမယ့် သို့မဟုတ် ပဉ္စမအကြိမ်ညီလာခံ ကျင်းပမယ့် မြေစိုက် ခန်းမငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။
အင်း … ဒီဇလားဒုက္ခသည်စခန်းမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်အဖြစ် ခေါ်ကြပေမယ့် ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ဘန်ကောက်နဲ့ မနီလွိုင်စခန်းရောက် နိုင်ငံရေးဒုက္ခသည်နဲ့ အဓိပ္ပာယ်မတူပြန်ပါဘူး။ နောက်တခါ ဒီစခန်းရှိ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေ ကိုယ်တိုင်လည်း ဒုက္ခသည် ခွဲတမ်းရဆန်ကို စားနေကြပေမယ့် သူတို့ကိုယ်သူတို့ ဒုက္ခသည်လို့ ခံယူမထားကြပါဘူး။ အခြေနေအရ တခြားနေစရာမရှိလို့ ဒီစခန်းမှာ ခဏလာနေတဲ့ သဘော၊ အခြေနေပေးတာနဲ့ မြန်မာနယ်ဖက်ပြန်ပြီး တော်လှန်ရေး ဆက်လုပ်မယ်လို့ ခံယူထားသူတွေ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် နယ်စပ်ရှိ ဒုက္ခသည်စခန်းထဲက ကျောင်းသားတွေက ယာယီ ဒုက္ခရောက်နေသူတွေဖြစ်ပြီး တတိယနိုင်ငံထွက်ဖို့လမ်းကို မရွေးချယ်သေးသူတွေ၊ ဘန်ကောက်နဲ့ မနီလွိုင်ဒုက္ခသည် စခန်းထဲက ကျောင်းသားတွေကတော့ တတိယနိုင်ငံထွက်ဖို့ ဆုံးဖြတ်ထားပြီးသူတွေလို့ ပြောနိုင်မယ်ထင်ပါတယ်။
“ဘာလို့ နိုင်ငံခြားထွက်မှာလဲကွာ၊ ဒီမှာနေရလို့ ရသလောက် ဆက်နေရမှာပေါ့။ နယ်စပ်မှာဆက် နေနေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ်ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” ဆိုပြီး ဇလားစခန်းရှိ တက်ကြွတဲ့ ဗဟိုကော်မီတီဝင်တဦးက ကျနော့်ကို ပြောပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်ခန့်ကတော့ အဲဒီ ဗဟိုကော်မီတီဝင်ကို တတိယနိုင်ငံတခုမှာ အမှတ်မထင် ကျနော် တွေ့လိုက်ရပါတယ်။ “ဘယ်လိုလဲ … ရဲဘော်ကြီး။ ဒဿနတွေ ပြောင်းသွားပြီလား” လို့ ကျနော်က နောက်နောက်ပြောင်ပြောင် မေးလိုက်မိပါတယ်။ “မပြောင်းပါဘူး၊ မြန်မာနိုင်ငံဆီ မပြန်ဘဲ တတိယနိုင်ငံမှာ နေနေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ် ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” လို့ သူကဖြေပါတယ်။
လမ်း ၃ သွယ် အငြင်းပွားမှုနဲ့ ရေရှည်နိုင်ငံရေး အမြင်ရှိသူများ
”ဒုက္ခသည်” အဓိပ္ပာယ်ဖွင့်ဆိုချက် ငြင်းခုန်မှုကနေ ”ကျောင်းသား” အဓိပ္ပာယ် ဖွင့်ဆိုချက် ငြင်းခုန်မှုဘက် လှည့်ရအောင်ပါ။ “ကျောင်းသားဆိုတာ အသက်အရွယ် ကန့်သတ်ချက်ရှိတယ်။ တသက်လုံး ကျောင်းသားလုပ်နေလို့ ဘယ်ဖြစ်မလဲ” ဆိုတဲ့ ဆွေးနွေးချက်။ အဲဒီ ဗဟိုကော်မီအစည်းဝေးမှာ ငြင်းခုန်ကြတာကို ကျနော်မှတ်မိနေပါတယ်။ ဆိုလိုတာကတော့ သက်တန်း ၁၀ နှစ်ကျော်ရှိလာပြီဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်တွေထဲမှာ တချို့လူတွေက မိသားစုတွေနဲ့၊ ကလေးတွေနဲ့ ဖြစ်နေပြီ။ တချို့က ဆံပင်ဖြူတွေ တချောင်းနှစ်ချောင်းမက အချောင်းပေါင်းများစွာ ထိုးထွက်နေပါပြီ။ အသက်အရွယ်ကလည်း ၄၀ ကျော် ၅၀ တန်းဖြစ်နေပြီဆိုတော့ ကျောင်းသားဆိုတဲ့ အမည်အစား တခြားအမည်တခုခုကို ပြောင်းရင်ကောင်းမလားဆိုပြီး အဲဒီပုဂိုလ်တွေက စတင်စဉ်းစားလာတာပါ။ အဲဒီအချိန်မှာ အသက် ၃၀-ဝန်းကျင်သာရှိသေးတဲ့ ကျနော်တို့ကတော့ ဒီလူတွေရဲ့ တင်ပြချက်ကို ဝိုင်းဟားပေါ့။
ဒါပေမဲ့ အသေအချာ ဆွေးနွေးတဲ့အခါမှာတော့ သူတို့ရဲ့တင်ပြချက်ဟာ အသက်ကြီးလာတာ တခုတည်း မဟုတ်ဘဲ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့နိုင်ငံရေး။ မြန်မာ့နိုင်ငံရေး။ ပထဝီနိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းစဉ်ကို အားမပေးချင်တော့လို့ အလှူငွေဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့ အနောက်တိုင်းအလှူရှင်တွေရဲ့ ဖိအားနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်သွားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အနေထားတွေက အဓိကနေရာက ပါဝင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဆွေးနွေးချက်ကို လမ်း ၃ သွယ်ဆွေးနွေးချက်လို့ အများကခေါ်ကြပြီး ABSDF အဖြစ် ဆက်ရပ်မလား။ နိုင်ငံရေးပါတီတခုအဖြစ် အသွင်ပြောင်းမလား။ ဒါမှမဟုတ် နိုင်ငံရေးလုပ်ချင်သူတွေ ABSDF ကနေ နုတ်ထွက်ပြီး ပါတီသစ် ထောင်ချင်ထောင်၊ ရှိပြီးသားပါတီတွေထဲ ဝင်ချင်ဝင် စသဖြင့် ဆွေးနွေးကြပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးချက်ဟာ ချက်ချင်းဆုံးဖြတ်လို့ မရနိုင်ဘဲ အချိန်ယူလုပ်ဆောင်မှ သင့်တော်မယ့် ကိစ္စဖြစ်တာကြောင့် ဒီဗဟိုကော်မတီ အစည်းဝေးမှာ မဆုံးဖြတ်သေးဘဲ ပဉ္စမအကြိမ်ညီလာခံ သက်တမ်းအတွင်း တက်လာမယ့် ဗဟိုကော်မီတီအသစ်က ဆက်လက်ဆောင်ရွက်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။
မဟာမိတ်ကိစ္စ၊ တပ်တွေ နေရာချထားရေးကိစ္စ၊ ခေါင်းဆောင်ပိုင်းတွေ တာဝန်ကျေမှု ရှိ မရှိ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အတော်ပွဲဆူခဲ့ပါတယ်။ ၂ ဖက် ပြန်လည်ပေါင်းစည်းထားတာ ၂ နှစ် ကျော်နေပြီဆိုပေမယ့် တသားတည်း မဖြစ်သေးဘူးလို့ ကျနော်စိတ်ထဲ ခံစားရပါတယ်။ အဆိုတခု တင်လိုက်ရင် အဲဒီအဆိုမှာ ပါဝင်တဲ့ အကြောင်းအရာထက် အဲဒီအဆိုကို ဘယ်ဘက်ကလူ (ဒေါက်တာ နိုင်အောင် ဘက်က လူလား၊ မိုးသီးဇွန်ဘက်က လူလား) တင်သလဲဆိုတာက ပိုအရေးကြီးသလို ဖြစ်နေခဲ့ပါ တယ်။ တခါ ဥက္ကဌအပါဝင် ဗဟိုကော်မတီဝင်တချို့ မိန်းမယူတဲ့ကိစ္စတွေကိုလည်း တော်လှန်ရေး ခေါင်းဆောင်တွေ မိန်းမယူသင့် မယူသင့် ငြင်းခုန်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။ ဒီလို ငြင်းရင်းခုန်ရင်းနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်တဲ့ အစည်းဝေးဟာ ၁၈ ရက်နေ့မှ ပြီးတဲ့အတွက် ၁၂ ရက်တိတိ ကြာသွားခဲ့ပါတယ်။
အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် သတင်းထောက်ရူး ရူးနေတဲ့ကျနော်ဟာ တခြားရဲဘော်တွေလို ဗဟိုကော်မတီ တာဝန်နဲ့ စခန်းတာဝန်တွေကို သိပ်စိတ်မဝင်စားတော့ပါဘူး။ ဗဟိုကော်မတီ အစည်းဝေးအတွင်း လမ်း ၃ သွယ်ကိစ္စကို သူများတွေ အသည်းအသန် ငြင်းနေချိန်မှာ ကျနော်က အဲဒါတွေထက် ဘန်ကောက်ပို့စ် သတင်းစာဆီ ပို့ထားတဲ့ ရတနာဓာတ်ငွေ့ ပိုက်လိုင်းအကြောင်း ဆောင်းပါး ဒီတပတ် ပါ မပါ၊ ဒီဗီဘီအတွက် ပို့ထားတဲ့သတင်းတွေ ပုံမှန်ပါ မပါဆိုတာတွေကို ပိုစိတ်ဝင်စားနေတဲ့အချိန် ဖြစ်ပါတယ်။
ကျနော်အပါဝင် ဒီလို ခေါင်းရှောင်ပြီး ထွက်သွားသူတွေကို ”အချောင်သမား” တွေအဖြစ် တချို့ ခေါင်းဆောင်တွေက အမြင်စောင်းမှုတွေ ရှိခဲ့ပါတယ်။ ”မင်းကတော့ အနေအစားချောင်တဲ့ သတင်းထောက်ပဲ ဆက်လုပ်ပေါ့ကွာ” ဆိုပြီး ဗဟိုထိပ်ပိုင်း ခေါင်းဆောင်တဦးက ကျနော့်ကို နောက်သလိုလိုနဲ့ နှိပ်ကွပ်ခဲ့တာကို မှတ်မိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်။ သတင်းထောက် လုပ်ခြင်းဟာလည်း တော်လှန်ရေးကို တခြားပုံစံတခုနဲ့ ဆက်လုပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့် တွေဟာလည်း ABSDF ရည်ရွယ်ချက် ၄ ခုထဲက ဒီမိုကရေစီ ရရှိရေးထဲမှာပါတယ်လို့ ကိုယ်ဖာသာ ရှေ့နေလိုက်ပြီး ဗဟိုကော်မတီ အစည်းဝေးပြီးတာနဲ့ ဇလားစခန်းကနေ ကျနော်ထွက်လာခဲ့ပါတယ်။
ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ NDD ပေါ်လာခြင်း
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ စီစဉ်ထားတဲ့အတိုင်း ပဉ္စမအကြိမ် ညီလာခံကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်ခြေစခန်းတွေ၊ ဗဟိုကော်မတီတာဝန်တွေနဲ့ ကင်းကွာသွားတဲ့ ဘန်ကောက်အခြေစိုက် DVB သတင်းထောက် ကျနော်ဟာ ABSDF အကြောင်း အသေးစိတ် အခြေနေတွေကို သိပ်မသိတော့ပါဘူး။ ရဲဘော်တွေနဲ့ တွေ့မိ၊ မေးမိသမျှ အချက်လက်တွေ၊ မှတ်တမ်းတွေအရဆိုရင် ပဉ္စမအကြိမ် ညီလာခံမှာ ကိုနိုင်အောင်၊ ကိုမိုးသီးဇွန် အပါဝင် ခေါင်းဆောင်ဟောင်းတွေ အများစုပဲ ဗဟိုကော်မတီအဖြစ် ပြန်အရွေးခံခဲ့ရပါတယ်။
ဥက္ကဌအဖြစ် ဒေါက်တာ နိုင်အောင်၊ ဒုဥက္ကဌအဖြစ် ကိုမိုးသီးဇွန်၊ အထွေထွေ အတွင်းရေးမှုးအဖြစ် ကိုအောင်သူငြိမ်း၊ အတွင်းရေးမှူး (၁) အဖြစ် ကိုစိုင်းမြင့်သူ၊ အတွင်းရေးမှူး ၂ အဖြစ် ကိုလှဌေးတို့ ရွေးချယ်ခံရပါတယ်။ ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ ကိုအောင်နိုင် (အနောက်ပိုင်း /မြောက်ပိုင်း)၊ ကိုခင်မောင်ဝင်း (နိုင်ငံခြားရေး)၊ ကိုမျိုးးဝင်း (စည်းရုံး/ပြန်ကြား)၊ ကိုဌေးအောင်၊ ကိုကျော်ကျော်နဲ့ ကိုဝင်းနိုင်ဦးတို့ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင်တွေ အဖြစ်ကတော့ ကိုသံခဲ (အနောက်ပိုင်း)၊ ကိုမြတ်သူ (စည်းရုံးရေးဌာန)၊ ကိုဆလိုင်းယောအောင် (ဘဏ္ဍာရေးဌာန တာဝန်ခံ)၊ ကိုအောင်ခိုင် (ဘဏ္ဍာရေးဌာန ဒု တာဝန်ခံ)၊ ကိုဇော်ဝင်းလွင် (ထောက်ပံ့ရေးဌာန)၊ ကိုကျော်ကိုကိုဝင်း (နယ် မြေအလုပ်အဖွဲ့၊ တောင်ပိုင်း)၊ ကိုမင်းမင်း (နယ်မြေအလုပ်အဖွဲ့၊ တောင်ပိုင်း)၊ ကိုသိမ်းဆန်း (နယ်မြေ အလုပ်အဖွဲ့၊ တပ်ရင်း ၂၊ ၃)၊
ကိုခင်မောင်ဆွေ။ ကိုအောင်နိုင်ဦး-(နိုင်ငံခြားရေး-အတွင်းရေးမှုး)။ ကိုဆန်နီ-(နိုင်ငံခြားရေး တွဲဘက်အတွင်းရေးမှူး)၊ ကိုခင်ကျော် (စစ်ရုံးချုပ်တာဝန်ခံ)၊ ကိုဝင်းမင်း (နယ်မြေအလုပ်အဖွဲ့၊ တပ်ရင်း ၈၊ ၉)၊ ကိုလွမ်းဏီ (ပြန်ကြားရေးဌာန)၊ ကိုကျော်သူရိန် (ပညာရေးဌာန)၊ ကိုဇော်လွင်စိုး၊ ကိုထွန်းထွန်းအောင် (အရံ ဗဟိုကော်မတီဝင်)၊ ကိုမောင်မောင်ကြီး (ဗဟိုဌာနချုပ်ရေးရာ) နဲ့ ကိုဇော်ကိုနိုင် အပါအဝင် စုစုပေါင်း ဗဟိုကော်မတီဝင် ၃၀ ဦး ဖြစ်ပါတယ်။
ဒီကော်မတီ သက်တမ်းကာလအတွင်း ရှေ့မှာပြောခဲ့တဲ့ လမ်း ၃ သွယ်ကိစ္စကို ဆက်လက်ဆွေး နွေးခဲ့ပြီး တပ်ရင်းအဆင့် အောက်ခြေအဆင့်အထိ အသေးစိတ်ချပြခဲ့ကြောင်း၊ အဲဒီနောက် ရဲဘော်တဦးချင်းစီရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ခံယူဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ဆန္ဒခံယူပွဲမတိုင်မီ အကြောင်း အမျိုးမျိုးကြောင့် ဥက္ကဌ ဒေါက်တာ နိုင်အောင်၊ ဒုဥက္ကဌ ကိုမိုးသီးဇွန် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့ တာဝန်ကနေ နုတ်ထွက်ကြပြီး အတွင်းရေးမှူး ၁ ကိုစိုင်းမြင့်သူက ယာယီဥက္ကဌအဖြစ် အသွင်ကူးပြောင်းရေး ကြားကာလတခုကို တာဝန်ယူခဲ့တယ်လို့ ဗဟိုကော်မတီဝင်ဟောင်းတွေက ပြောပြခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၀ ခုနှစ် နှောင်းပိုင်းမှာ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ဝင်အများစုဟာ ABSDF အဖြစ် ဆက်ရပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမယ့် တချိုကတော့ NDD (Network for Democracy and Development ) ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့အဖြစ် အသွင်းပြောင်းခဲ့ကြောင်း။ အနည်းအကျဉ်းကတော့ ABSDF ကနေ ပြီးနူတ်ထွက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီထဲ ဝင်သွားတယ်လို့ သိရပါတယ်။
အဲဒီလို အသွင်ပြောင်းသွားသူတွေထဲမှာ ဒေါက်တာ နိုင်အောင်က NDD ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာပြီး သူနဲ့အတူ ကိုစိုင်းမြင့်သူ၊ ကိုကျော်ကျော်၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင် အပါဝင် ABSDF ခေါင်းဆောင်ဟောင်း အတော်များများ ပါသွားပါတယ်။ ကိုမိုးသီးဇွန်း အပါအဝင်တခြား ထိပ်ပိုင်းခေါင်းဆောင် တချို့ကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ တနည်းအားဖြင့် ABSDF မှာ တာဝန် မထမ်းခင်ကတည်းက အရင် သူတို့ရဲ့ မိခင်ပါတီထဲ ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။
ကျနော်တို့ တပ်ရင်း ၁ က ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာအောင်မြင့်၊ ကိုကျော်ထင်၊ ကိုမြင့်အောင် စသဖြင့် အတော်များများလည်း NDD ဆီ ပါသွားတယ်လို့ သိရပါတယ်။ ABSDF ရဲဘော်တွေ ရာနဲ့ချီပြီး NDD ဆီ ပါသွားပေမယ့် နိုင်ငံရေး အလံ ၂ ခု သွားတယ်ဆိုပေမယ့် ရဲဘော်အားလုံးဟာ မူလနေရာမှာပဲ အတူတူ ဆက်နေနေပြီး သူ့တာဝန် သူလုပ်၊ ကိုယ်တာဝန်ကိုယ်လုပ်နဲ့ ဘာမှ အချင်းချင်းကြား ပြဿနာမရှိတဲ့အပြင် အချင်းချင်းတောင် အပြန်အလှန် ကူညီပေးကြတယ်လို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ ၂ ဖက် အဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက်ပိုင်း ၂၀၀၁ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ဆဌမအကြိမ် ညီလာခံ မှတ်တမ်း ဓာတ်ပုံထဲမှာတော့ ဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ အရင် ခေါင်းဆောင်ဟောင်းတွေကို မမြင်ရတော့ပါဘူး။ ဥက္ကဌအသစ် ဖြစ်လာတဲ့ ကိုသံခဲ၊ ဒုဥက္ကဌ ကိုကျော်ကိုကို၊ အထွေထွေ အတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၁ ကိုဝေလင်းဇင်၊ အတွင်းရေးမှုး ၂ ကိုသိန်းဆန်းတို့ ဦးဆောင်တဲ့ ၁၇ ဦးပါ ဗဟိုကော်မတီသစ် တက်လာခဲ့ပါတယ်။
ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေအဖြစ် ကိုလွဏ်းဏီနဲ့ ကိုဆန်နီ၊ ဗဟိုကော်မတီဝင်တွေအဖြစ် ကိုဆလိုင်းယောအောင်၊ ကိုကျော်သူရ၊ ကိုနေမျိုး၊ ကိုချင်း၊ ကိုမင်းမင်း၊ ကိုမြင့်ဦး၊ မနန်းရင်၊ ကိုအေးမင်းနိုင်၊ အရံဗဟိုကော်မတီဝင်အဖြစ် ကိုမိုးကျော်ဦးနဲ့ ကိုစိုးထွတ်တို့ ဖြစ်ပါတယ်။ အဲဒီချိန်ကစပြီး နောက်ပိုင်း ကျင်းပတဲ့ညီလာခံတွေမှာ ကိုသံခဲကပဲ ဥက္ကဌအဖြစ် ဆက်လက် အရွေးခံရတဲ့အတွက် အခုအချိန်အထိ ကိုသံခဲက ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူပြီး ABSDF ကို ဦးဆောင်နေကြောင်း သိရပါတယ်။ ။