ကချင်ပြည်နယ် တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည်မှာ တပ်မတော်အနေဖြင့် မိမိတို့ စခန်းများ အခြေစိုက်ထားသော ယင်းဒေသကို ထိုးစစ်ဆင်နေသောကြောင့် ပြန်လည်ခုခံခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ယနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ABSDF ကျောင်းသားတပ်မတော်ဟု လူသိများခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောကြားခဲ့သည်။
“မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါဝင်နေရတာ။ ဘာကြောင့်လဲ ဆိုရင် မကဒတက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေလုပ်နေတဲ့ ဒေသမှာ ရှိနေတဲ့အတွက် ပါဝင်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ မကဒတ ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု မကဒတ ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်က ပြောဆိုခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မည့် အင်အားစုတရပ် အနေဖြင့် စုစည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း သတင်းထောက်များသို့ ပြောကြားသည်။
“ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ အဲဒီ မတူညီတဲ့ အတွေ့အကြုံတွေကို ကျနော်တို့ ကြားထဲမှာ ဖလှယ်သွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ် ဇွန်လခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးတို့ စုစည်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ABSDF သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် လေ့လာရေးခရီး လာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသား အင်အားစုများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အကျဉ်းကျ ခံနေရဆဲဖြစ်သော ABSDF ရဲဘော်များနှင့် ပတ်သတ်၍ ရဲဘော် ကိုသံခဲက “ထောင်ထဲမှာ ရှိနေသေးတဲ့ ကျနော်တို့ ရဲဘော်တွေကို ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့ တွေ့ချင်ပါတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဘက်ကနေ မတွေ့ပါနဲ့ ဦးလို့ ဆိုလာတဲ့အတွက် ဒီခရီးစဉ်မှာ မတွေ့နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တွေ့ဆုံဖို့၊ ကျွန်တော်တို့ ရဲဘော်တွေ လွတ်မြောက်ဖို့ ကျနော်တို့ တောင်းဆိုနေပါတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကျဉ်းထောင်များရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွတ်မြောက်ရန် လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသား အဖြစ် အသိအမှတ်ပြုခြင်းမခံရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်မှသာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု ABSDF က ယုံကြည်သည်ဟု ဆိုသည်။
ABSDF သည် နယ်စပ် အခြေစိုက် ကျောင်းသားလူငယ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းခံရအပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ပြည့်လွန် နှစ်များအတွင်းက ABSDF မြောက်ပိုင်း တပ်မတော်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး အဖြေရှာရန် ဖိအားများရှိလာသည့် အတွက် ထိုဖြစ်စဉ်နှင့် ပတ်သတ်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေး တရားမျှတရေးအတွက် ၂၀၁၁ ခုနှစ်တွင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း၍ စစ်ဆေးစေခဲ့ကြောင်း၊ ထို စုံစမ်းရေး ကော်မရှင်က ၂၀၁၃ ခုနှစ် မေလတွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။