ထိုင်း လုပ်ငန်းရှင် လင်းမယား ညှဉ်းပန်း နှိပ်စက်ခံထားရသည့် အသက် ၁၂ နှစ် အရွယ် ကရင် အမျိုးသမီးငယ်ကို ထိုင်း အစိုးရက ကုန်ကျစရိတ် တာဝန်ယူပြီး ဆေးဝါး ကုသပေးမည်ဟု သိရှိရသည်။
ကရင် အမျိုးသမီးငယ်နှင့် အတွက် ကုန်ကျငွေများကို ဆေးရုံမှ တာဝန်ရှိသူနှင့် ထိုင်း အစိုးရ ပူးပေါင်းပြီး ပုံမှန် အခြေအနေသို့ ပြန် ရောက်သည်အထိ တာဝန်ယူပေးမည်ဟု ထိုင်း အစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ Thossa porn Serirakက ပြော သည်။
ထို ကရင်အမျိုးသမီးငယ် ၏ ဒဏ်ရာများကို ယမန်နေ့က ဘန်ကောက်မြို့ Rama Thibodi ဆေးရုံမှ ဆရာဝန်ကြီးများက မိနစ် ၃၀ ခန့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတင်းစာလင်းရှင်းပွဲတွင် ဒေါက်တာ Thossa porn Serirak က သတင်းထောက်များကို ပြောကြားခြင်း ဖြစ်သည်။
“သတင်းတွေ ထုတ်လွှင့်နေကြတဲ့ အတိုင်းကလေးငယ် နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ တကိုယ်လုံးပဲ၊ ဒါကြောင့် ကလေးငယ် နဲ့ သက် ဆိုင်တဲ့ အာဏာပိုင်တွေကို အသိပေးပြီး ဆေးရုံကို ခေါ်လာတာ ဖြစ်တယ်၊ ဆေးဝါး ကုသစရိတ်တွေ အားလုံးကိုလည်း ပုံမှန် ပြန်ဖြစ် တဲ့ အထိ ဆေးရုံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးမယ်”ဟုလည်း ဒေါက်တာ Thossa porn Serirakက ပြောဆိုသည်။
ကရင်အမျိုးသမီးငယ်၏ ခန္ဓာကိုယ် တခုလုံးတွင် အပူလောင် ဒဏ်ရာ အမာရွတ်များ ပြင်ထန်စွာရရှိ၍ အပူလောင် ဒဏ်ရာကြောင့် အရေးပြားများ ပျက်စီးပြီး လက်နှစ်ဘက်စလုံး လက်မောင်းရင်း အထိ အရေးပြားများ တွဲဆက်သွားကာ လက်မမြှောက်နိုင်သည် အထိ ဖြစ်နေကြောင်း ဆေးရုံမှ ဆရာဝန်ကြီးများက ပြောသည်။
“ဘယ်ဘက်လက်ကို အရင်ဆုံး ခွဲစိတ် ကုသရမယ်ဆိုရင် အနည်းဆုံး တပတ်လောက် အချိန်ယူရမယ်၊ ပုံမှန်ပြန် ဖြစ်အောင် အသားတွေ အစားထိုး ကုသရမှာ ဖြစ်တဲ့ အတွက် ခွဲစိတ် ကုသဖို့ အချိန်ကတော့ ၃-၄ နာရီ လောက်ကြာမယ်”ဟု အဆိုပါ ဆေးရုံမှ ဆရာဝန် တဦးက ပြောပြသည်။
ထိုင်းသတင်းများအရ လတ်တလော၌ ကရင်အမျိုးသမီးငယ်ကို ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာတွင် ပြန် လည် ပို့ဆောင် စောင့်ရှောက်ထားပြီး၎င်း၏ အမှုတွဲ ပြီးပါက ဆေးရုံသို့ ထပ်မံသွားရောက် ကုသရန် စီစဉ်ထားကြောင်း သိရ သည်။
အချိန်ယူပြီး ကုသပေးသွားမှာ ဖြစ်သလို ဆေးမကုသခင်မှာလည်း ကလေးငယ်၏ စိတ်ပုံမှန် ဖြစ်ရန် လိုအပ်ကြောင်းလည်း ဆေးရုံမှ တာဝန်ရှိသူက ပြောကြားသည်။
ကရင် အမျိုးသမီး ငယ်ကို အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်း အမျိုးသမီး လင်မယားက အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားပြီး ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေး ပူဖြင့် ပက်ခြင်း တို့ကို ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် တရားရင်ဆိုင်ရမည် ဖြစ်သော ထိုင်းအလုပ်ရှင် လင်းမယားမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးပေးသူအား ထိုင်း ဘတ်ငွေ တသိန်း ပေးမည် ဖြစ်ကြောင်း မကြာသေးခင် ရက်ပိုင်းအတွင်း ထိုင်း ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ပြန်ထားသည်။
အဆိုပါ ထိုင်းလင်မယားသည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ချိန်းဆိုထားရာမှ ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းကမူ“မြန်မာတွေနဲ့ ဖြစ်တဲ့ ကိစ္စမှန်သမျှမှာ ထိုင်းတွေက သွေးအေးအောင် လုပ်ပြီးတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်အောင် လုပ်တာမျိုးတွေရှိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ကရင်အမျိုးသမီးငယ်၏ အမှုနှင့် ပတ်သက်၍ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန် ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ချက် ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက်များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်း အာဏာ ပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။