ရှမ်းပြည်နယ်အတွင်း စစ်ပွဲကြောင့်နှင့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ရှမ်းပြည်နယ်တွင် နှစ်နှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူ တိုးမြင့်လာကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ သိရသည်။
ရှမ်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၆၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ကလေးငယ်များပါ လူ့အခွင့်အရေး ချိုးဖောက် ခံနေရကြောင်း သျှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ စိုင်းခေဆိုင်းက ဧရာဝတီသို့ ပြောသည်။
“စစ်ပွဲကြောင့် ထွက်ပြေးရတဲ့သူတွေ၊ လယ်ယာမြေ သိမ်းမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ များတယ်။ဒီနှစ်နှစ် အတွင်းမှာ ရွှေဓာတ်ငွေ့ပိုက်လိုင်း လုပ်တော့ လယ်ယာတွေ ပိုသိမ်းခံရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ပွဲကြောင့် ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် တပ် နှစ်ဘက်စလုံးနှင့် သက်ဆိုင်ပြီး လယ်ယာမြေ သိမ်းသည့် ကိစ္စတွင် အစိုးရ၊ ကုမ္ပဏီများနှင့် ဆိုင်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြည်သူများက ပြည်နယ်အစိုးရကို တိုင်ကြားလျှင်လည်း ဆောင်ရွက် ပေးမှုမရှိကြောင်း သိရသည်။
“စစ်ပွဲကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို အရမ်းသနားတယ်။ သူတို့တတွေက စစ်ကြောင့် ဘယ်ကိုမှ ထွက်ပြေးလို့ မရဘူးလေ။ ဟိုတနေ့က ကျေးသီးမှာ ဖြစ်တဲ့တိုက်ပွဲဆိုရင် အဖွားအိုတယောက် သေနတ်သံကြောင့် သွေးလန့်ပြီး ဆုံးသွားတယ်။ ကလေးတွေရဲ့ စာသင်ကျောင်း ကိုလည်း တပ်ဆွဲပြီး နေနေတယ်” ဟု သျှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နန်းယိင်းဟန်ဖှက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသောကြောင့် ဒေသခံများအတွက် စစ်ရှောင်စခန်းများ ထားရှိသင့်ကြောင်း၊ စစ်ရှောင် စခန်းထားကာ စစ်ကင်းမဲ့ဇုန် အဖြစ်လည်း သတ်မှတ်သင့်ကြောင်း၊ ကလေးငယ် များလည်း စစ်ကြောင့် ဒေသအနှံ့ ထွက်ပြေးနေရသဖြင့် လက်ရှိ အခြေအနေထိ စာသင်ကြားခွင့် မရသေးကြောင်း ထိုဒေသတွင် နေထိုင်သည့် ပြည်သူများသည် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း ယိင်းဟန်ဖှက ဆိုသည်။
“RCSS/ SSA (ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ) က ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ရှမ်းပြည်နယ် ကျောက်မဲမှာ ပြည်သူတွေနဲ့ တွေ့တဲ့အချိန်တုန်းက ကျနော် တင်ပြထားတာရှိပါတယ်။ သူတို့တပ်က စစ်သား စုဆောင်းတာတွေ လုပ်နေတာတွေ၊ ရွာသားတွေဆီ ဆက်ကြေး ကောက်ခံတာတွေကို တင်ပြထားတယ်။ အဲဒါတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အရာတွေ ပဲလေ” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဧရာဝတီသို့ပြောသည်။
စစ်ပွဲကြောင့် လက်ရှိ ရွာထဲနှင့် မြို့ပေါ်ရှိပြည်သူများသည် စစ်တပ်သုံးစွဲရန် တနှစ်တကြိမ် သို့မဟုတ် တလ တကြိမ် ဆက်ကြေးအဖြစ် တအိမ်လျှင် ကျပ် ၁ သိန်းနီးပါး ပေးနေရကြောင်း၊ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်သည့် အချိန်တွင် ရှမ်းပြည်ရှိ လယ်ယာမြေ အများအပြား အသိမ်းခံ ထားရကြောင်း ဦးရဲထွန်းက ရှင်းပြသည်။
ဇွန် ၂၅ ရက်နေ့က မြန်မာအစိုးရ တပ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA) တို့ ဝမ့်ဝပ်ရွာ အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတချို့တွင် အစိုးရတပ်များ တပ်ဆွဲထားကြောင်း
သိရသည်။
အဆိုပါ ဖြစ်ပွားမှုကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရ စစ်တပ် အနေဖြင့် ရှမ်းတပ်စခန်းကို ဝန်းရံ တိုက်ခိုက်ခြင်းသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အစိုးရနှင့် ဆွေးနွေး၍ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် အပစ်ရပ်စဲရေး သဘောတူညီချက် စာချုပ်အား ချိုးဖောက် နေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (SHRF) က ထောက်ပြသည်။
မြန်မာအစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်သည်လည်း ပြီးခဲ့သည့် မေလဆန်းတွင် တန့်ယန်းမြို့ SSPP/SSA နှင့် တွေ့ဆုံကာ တိုက်ပွဲထပ်မံ မဖြစ်ပွားစေရေးအတွက် နှစ်ဦးနှစ်ဘက် ဆင်ခြင်သွားမည်ဟု ကတိပြုပြီး သဘောတူညီချက် ၄ ချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။