ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူး ခန့်အပ်ရေးတွင် ဥပဒေကို သေချာစွာ နားမလည်သေးသည့် ပြည်သူများအပေါ် လွှမ်းမိုးစွက်ဖက်မှုများ ရှိနေပြီး မဲစနစ်ကို အခြေခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပေါ်ထွက်ရန် ခဲယဉ်းနေသေးကြောင်း သိရသည်။
“ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရာမှာ ကြီးကြပ်ဖို့ ရပ်မိရပ်ဖ ၅ ဦးပါတဲ့ ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းဖို့ရမယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် အခုအဲဒီ ကြီးကြပ်ရေး ကော်မရှင်အဖွဲ့တွေမှာ ကြံ့ခိုင်ရေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး) ပါတီဝင်တွေနဲ့ ရယက ဟောင်းတွေ ဖြစ်နေတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးဆိုတာက ပြည်သူက တိုက်ရိုက်တင်မြှောက်လို့ ရတာမျိုး မဟုတ်ဘူး။ ရပ်ကွက်ပြည်သူတွေက ဆယ်အိမ်မှူးတွေ ရွေး၊ ဆယ်အိမ်မှူးတွေက ပြန်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မဲစနစ်နဲ့ ပြန်ရွေးတာ။ ပြည်သူတွေက ဥပဒေတွေကို သေသေချာချာ သိပ်မသိသေးတော့ မဲစနစ်ကို အခြေခံတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပေါ်ထွက်လာဖို့ ခက်ခဲနေတယ်” ဟု တောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါက်တာ စောနိုင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထုတ်ပြန်သော ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လုပ်ဆောင်လျက်ရှိသည်။ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေအရ ဆန္ဒမဲကိုအခြေခံသော ရွေးကောက်ပွဲစနစ်ဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ရမည် ဖြစ်သည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူး နေရာအတွက် ကြံ့ခိုင်ရေးပါတီဝင်များနှင့် ရယကဟောင်းများ ကြီးစိုးနေမှုကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးဥပဒေ မိတ္တူစောင်ရေ ၅ ထောင်ထက်မနည်းကို တောင်ဥက္ကလာ ရပ်ကွက်ပြည်သူများထံသို့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဖြန့်ဝေနေပြီဖြစ်ကြောင်း ဒေါက်တာ စောနိုင်ထံမှ သိရှိရသည်။
“ဥပဒေကို သေချာနားမလည်သေးတဲ့ အချိန်မှာ ဥပဒေကို လက်တလုံးခြား လုပ်တာမျိုးတွေရှိမှာစိုးလို့ ဒီလို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ စာရွက်မိတ္တူတွေကို ပြည်သူတွေဆီ ဖြန့်တာပါ။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာက အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံးဖြစ်သလို ပြည်သူနဲ့လည်း အထိတွေ့ရဆုံး နေရာလည်းဖြစ်လို့ အရမ်းအရေးကြီးပါတယ်” ဟု ဒေါက်တာစောနိုင်က ပြောသည်။
ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တောင်ဥက္ကလာမြို့နယ်ရှိ ရပ်ကွက်စုစုပေါင်း ၁၃ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းရာ၌ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ရယကဟောင်းများ အများစုပါဝင်နေကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ် အပါအဝင် မြို့နယ်အများပြားရှိ ရပ်ကွက်များတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ခြင်းနှင့် ကော်မရှင်ဖွဲ့စည်းခြင်းတို့တွင် ကြံ့ခိုင်ရေးပါတီက အဓိက ဦးဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကို အခြေခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပေါ်ထွန်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများက စောင့်ကြည့်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
“ဥပဒေအတိုင်းဖြစ်ဖို့က အားလုံးစုပေါင်းပြီး ညီညီညွတ်ညွတ် လုပ်သင့်တယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်
ပြည်ထဲရေးဝန်ကြီးဌာနက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို တလလျှင် လစာ ၇ သောင်းကျပ်နှင့် ရုံးအသုံးစရိတ် ၅ သောင်း ပေးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးနေရာရရှိရေး အပြိုင်အဆိုင် ကြိုးပမ်းမှုများလည်း ရှိကြောင်း သိရသည်။
“လူတွေက အလုပ်အကိုင်ရယ်လို့လည်း မယ်မယ်ရရ မရှိတော့ လစာ ၇ သောင်းလည်းရ၊ ရပ်ကွက်ဥက္ကဋ္ဌဆိုပြီး ပါဝါ၊ အာဏာလေးလည်း ရှိတဲ့အလုပ်ဆိုတော့ စိတ်ဝင်စားကြတယ်။ အချို့တွေလည်း ရာထူးရဖို့ ဟိုလူကပ်၊ ဒီလူကပ်၊ ကြံ့ခိုင်ရေးပါတီထဲ ပစ်ဝင်တဲ့သူလည်း ဝင်ပေါ့။ အခုလောလောဆယ် ရန်ကုန်မှာ စိတ်ဝင်စားမှုအများဆုံး အလုပ်အကိုင်လို့ ပြောပါဆိုလို့ရှိရင်တော့ အုပ်ချုပ်ရေးမှူး အလုပ်အကိုင်ပဲ” ဟု မရမ်းကုန်းမြို့နယ်သားတဦးက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများအဖြစ် သတ်မှတ်လစာပေးမှုများ လုပ်ဆောင်နေသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးများကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတိုးမြှင့်ပေးခြင်း၊ တိုင်း/ပြည်နယ် အုပ်ချုပ်ရေးမှူးများကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးများသို့ တိုးမြှင့်ပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။