ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးများ၏ အလွဲသုံးစားမှုများကို တိုင်ကြားလာပါက စိစစ်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ပြောသည်။
ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးထားသည့် အာဏာကို အလွဲသုံးစားလုပ်ကာ ရပ်ကွက်ပိုင် မြေနေရာများကို ကိုယ်ကျိုးအတွက် အငှားချခြင်း၊ ရောင်းစားခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများကို အနိုင် အထက်ပြု ဆက်ဆံခြင်းများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားလာလျှင် ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။
“အာဏာ အလွဲသုံးစား လုပ်တာ၊ ရပ်ကွက်ကျေးရွာပိုင် မြေတွေအလွဲသုံးစားလုပ်တာတွေရှိရင် ဘယ်သူကိုမှ မျက်နှာမလိုက်ဘူး ထောင်ချသင့်တာဆို ချပစ်ဖို့လုပ်တယ်၊ စိစစ်ပြီး ထိထိရောက်ရောက် ဥပဒေအရ အရေးယူတယ်” ဟု ဦးအောင်ကျော်စိုးင ပြောသည်။
လက်ရှိတွင် အလွဲသုံးစား ပြုလုပ်သည့် ပြဿနာများကြောင့် တရားရုံးများတွင် တရားရင်ဆိုင်နေကြရသည့် အုပ်ချုပ်ရေးမှူးများ ရှိနေကြောင်းလည်း သူကဆိုသည်။
ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်် ရပ်မိရပ်ဖ ၅ ဦးတို့က ဦးဆောင်ပြီး ဒေသနေ ပြည်သူများကို ရွေးကောက်ပဲွဲ ပုံစံ မဲစနစ်ဖြင့် လျှို့ဝှက်ရွေးချယ် တင်မြှောက်ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ဒေသတချို့၊ မြို့နယ်တချို့တွင် နည်းလမ်းတကျ မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်း မဟုတ်သည့် အုပ်ချုပ်ရေးမှူး ရွေးချယ်မှု များရှိနေပြီး အာဏာအလွဲသုံးစား လုပ်ကာ ရပ်ကွက် ကျေးရွာပိုင် မြေနေရာများ၊ ပစ္စည်းများကို ရောင်းချ၊ ငှားစားကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ရပ်ကွက်ရန်ပုံငွေဟု ဆိုကာ ပြည်သူများထံမှ နာမည်အမျိုးမျိုး ခေါင်းစဉ်တပ်၍ အခကြေးငွေ ွကောက်ခံခြင်းများ ရှိနေကြောင်း သိရသည်။
“ရပ်ကွက်ပိုင် ဘောလုံးကွင်း မြေနေရာကို တဦးတည်းသဘောနဲ့ ရောင်း၊ ကိုယ်ကျိုးအတွက် သုံးတဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ လူထုက သမ္မတ အထိ တိုင်ပေမယ့် သူ့အပေါ် ထိရောက်တဲ့ အရေးယူတာမျိုး မရှိတော့ ပြည်သူက မကျေနပ်ကြဘူး” ဟု ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာဒေသခံ တဦးက ဆိုသည်။
ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် ဆောင်ရွက်သည့် ပြဿနာများကို တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း အားနည်းနေသည့် နေရာများ ရှိနေသောကြောင့် အမှန်တကယ် အရေးယူပေးရန် လိုအပ်နေကြောင်း ပြောဆိုမှုများ ရှိသည်။
ရန်ကုန်မြို့တွင်းမြို့နယ် တချို့တွင်လည်း အုပ်ချုပ်ရေးမှူးများက ကောက်ခံခိုင်းသည်ဟု ဆိုကာ အုပ်ချုပ်ရေးရုံးက လစဉ် မီးသတ်ကြေး၊ လမ်းမီးကြေး၊ မီးကင်းကြေးများ၊ ရပ်ကွက်ထောက်ခံစာ၊ ဧည့်စာရင်း တိုင်ခြင်းများ ပြုလုပ်ခြင်းကို အခမဲ့ ဆောင်ရွက်ရမည်ဟုဌာနမှ သတ်မှတ်ထားသော်လည်း အလှူငွေ ကောက်ခံနေခြင်းများ ရှိနေကြောင်း သိရသည်။
“ရပ်ကွက်ရုံးမှာ ထောက်ခံစာလုပ်ရင် တစောင် ကျပ် ၅ ရာပဲ၊ ဧည့်စာရင်း တပတ်တခါ တိုင်ရင် ကျပ် ၁ ရာပေးရတယ်။ ရပ်ကွက် တော်တော်များများက မကောက်တဲ့ မီးသတ်ကြေး၊ မီးကင်းကြေး ဆိုတာတွေလည်း ကောက်တယ်၊ ရပ်ကွက်ရုံးက လုပ်ထားတဲ့ အမှိုက်လှည်းနဲ့ပစ်ရင် အမှိုက်တထုပ် ၃၀၀ ကျပ် ပေးရတယ်။ ရပ်ကွက်မှာ အမှိုက်ပုံလည်းမရှိဘူး။ ပိုက်ဆံ မတတ်နိုင်ရင် အိမ်မှာမြေမြှုပ်ပဲ” ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတဦးက ပြောသည်။
ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေအတိုင်း တင်မြှောက်ရန် လိုကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ ရှိမနေနိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ရပ်ကျေးအုပ်ချုပ်ရေး ပြဿနာများသည် နိုင်ငံ၏ တရားဥပဒေ အခြေအနေကို မီးမောင်းထိုးပြသည်နှင့် တူနေကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများ လျော့နည်းသွားစေရန် နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရအပါအဝင် အဓိကဖြစ်သည့် ပြည်သူလူထု ကလည်း ပါဝင်ကာ ဆောင်ရွက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်သည်။
“စစ်မှန်တဲ့ လူထုကိုယ်စားပြုသူကို ရွေးချယ်သင့်တယ်။ နားမလည်တဲ့ ပြည်သူတွေကို အာဏာအလွဲသုံးစား လုပ်တာ ရှိနေတယ်။ ဒါတွေကို မပြင်ဆင်ရင်တော့ မြန်မာနိုင်ငံမှာ အာဏာကြီးလေလေ၊ ငါသာလျင် အရှင်သခင်ဆိုတဲ့ ဝါဒ ထွန်းကားနေအုံးမှာပဲ” ဟု သူက ဆိုသည်။
အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကို ကိုယ်စားပြုသည့် လူတန်းစားတခု ဖြစ်နေသော်လည်း စက်တင်ဘာ လပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း ကျေးရွာနှင့် ဇီးအုပ် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် ကျူးကျော် ပြဿနာတွင် အုပ်ချုပ်ရေးမှူးများက အဆိုပါ မြေနေရာများကို ရောင်းစားခဲ့ရာမှ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ကိုမြအေးက ဆိုသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တဦးဦးကို ဥပဒေနှင့်အညီ တာဝန်ပေး ဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဌာန်း ထားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တဦးလျှင် ကျပ် ၇၀၀၀၀ နှင့် အုပ်ချုပ်ရေးရုံး တရုံးလျှင် လစဉ်အသုံးစရိတ် ကျပ် ၅၀၀၀၀၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ စု အတွက် လစဉ်ထောက်ပံ့ကြေးငွေနှင့် ရုံးအသုံးအဆောင် စရိတ်ငွေ တနှစ်လျှင် ကျပ်သန်းပေါင်း ၂၄၀၁၇. ၇၆ သန်း ကုန်ကျ သုံးစွဲနိုင်ရန် အစီအစဉ် ရေးဆွဲနေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေး နည်းဥပဒေကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။