ဧရာဝတီတိုင်းအတွင်း တချို့သောနေရာများ၌ ရေပြန်လည် ကျဆင်းသွားပြီဖြစ်သော်လည်း မျိုးစပါး အလွယ်တကူ မရရှိသည့်အတွက် ပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်နေပြီး ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများထံတွင် အကူအညီတောင်းခံနေကြောင်း သတင်းရသည်။
ပုသိမ်ခရိုင် သာပေါင်းဒေသတွင်းရှိ လယ်သမားများမှာ ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း မျိုးစပါးမရှိ၍ မစိုက်ပျိုးနိုင်ကြောင်း၊ ထို့အတွက် မျိုးစပါးရရှိပြီး အချိန်မီ စိုက်ပျိုးနိုင်စေရန် အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းသို့ ကူညီတိုက်တွန်းပေးရန် ပြောဆိုကြောင်း အဆိုပါဒေသသို့ သွားရောက်ကူညီပေးနေသည့် ကိုနေမျိုးဇင်က ပြောသည်။
“မြုပ်သွားတဲ့ တောင်သူအများကစု မျိုးစပါး မရှိကြဘူး။ ဒါကြောင့် ဆန်ဝေသလိုမျိုး မျိုးစပါး ဝေပေးပါဆိုပြီး လယ်သမားတွေက အကူအညီတောင်းတယ်” ဟု ၎င်းက ဆိုသည်။
စိုက်ပျိုးရာသီ အစပိုင်းတွင် ငွေချေးငှား စိုက်ပျိုးထားသည့် လယ်သမားအများစုမှာ ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးရန် မတတ်နိုင်တော့ကြောင်း၊ ထိုအတွက် အစိုးရအနေဖြင့် မျိုးစပါးကို ချေးပေးရန် လိုလားနေကြောင်း၊ ယခုအချိန် ပြန်လည် စိုက်ပျိုးနိုင်လျှင် စပါးပေါ်ချိန်ဖြစ်သည့် နိုဝင်ဘာလအမီ ပြန်လည် ရိတ်သိမ်းနိုင်မည်ဖြစ်သည့်အတွက် မျှော်လင့်နေခြင်းဖြစ်ကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။
ငွေကြေးတတ်နိုင်၍ ပြန်လည် စိုက်ပျိုးထားသည့် လယ်သမားများမှာလည်း ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းလာသည့်အတွက် ရေပြန်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ကျုံပျော်ခရိုင် အတွင်း၌မူ ရေအနည်းငယ်သာ ကျဆင်းပြီး ယခုလကုန်ခန့်မှသာ ရေအကုန်အစင် ကျဆင်းနိုင်ရာ ပြန်လည်စိုက်ပျိုးရေး အချိန်မမီနိုင်ကြောင်း၊ စိုက်ပျိုးရာသီ ကျော်လွန်သွားပါက မိုးရေမရခြင်း၊ ရေသွင်းစိုက်ပျိုးရန် အခက်အခဲရှိခြင်း၊ မျိုးစပါးနှင့် စိုက်ပျိုးစရိတ် အခက်အခဲရှိခြင်းတို့ကြောင့် စိုက်ပျိုးရန် မလွယ်ကူကြောင်း ရှားခဲကျေးရွာမှ လယ်သမား ဦးဝင်းမြင့်က ဆိုသည်။
အစိုးရနှင့် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် စာရင်းများအရ ယခုနှစ် ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ရေမြုပ်စိုက်ပျိုး ဧရိယာပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိသည်ဟု သိရသည်။
ပန်းတနော်ခရိုင်တွင် အင်းလုပ်ငန်းရှင်များက ရေထွက်ပေါက်များကို ပိတ်ထားရာ ရေများပြန်လည် ကျဆင်းခြင်း မရှိသည့်အတွက် မြို့နယ်အာဏာပိုင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ အင်းလုပ်ငန်းရှင်များနှင့် လယ်သမား အကျိုးဆောင်အဖွဲ့များ ယနေ့ဆွေးနွေးပွဲ ပြုလုပ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဦးအောင်မြင့်က ဆိုသည်။
“ဒီကွင်းကြီး ရေမြုပ်နေတာ နှစ်လကျော်ပြီ။ ရေထွက် လုံလုံလောက်လောက် မရှိဘူး၊ ရှိတဲ့နေရာတွေလည်း ပိတ်ထားတယ်။ ဒါကြောင့် အချိန်မီ ရေပြန်ဆင်းရေးက အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။
ရေပြန်ကျရေးကို ပထမ ဦးစားပေး ဖြေရှင်းနေရသော်လည်း ရေပြန်ကျလျှင် မျိုးစပါးရရှိရေး၊ စိုက်ပျိုးစရိတ် ရရှိရေး၊ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးတို့အတွက် လုံးပမ်းဖြေရှင်းရဦးမည် ဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။
ယခု ရေမြုပ်ဧရိယာမှာ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် မြို့နယ်များ ထိစပ်နေသည့် ဒေသဖြစ်ပြီး မိုင် ၂၀ ကျော် ကျယ်ဝန်းကြောင်း၊ စိုက်ပျို ဧက ၇ ထောင်ကျော် ရှိပြီး မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးကြောင်း သိရသည်။ မိုးများသည့်အတွက် ရေနစ်မြုပ်ခဲ့ရသည့် ဧရာဝတီတိုင်း၊ ပဲခူတိုင်းဒေသများသို့ သမ္မတ ဦးသိန်းစိန် သွားရောက်ကာ မျိုးစပါးပြန် လည်ဝယ်ယူရန် လိုအပ်သည့် အကူအညီ အထောက်အပံ့ပေးရန် ဒေသအာဏာပိုင်များကို ပြောဆိုခဲ့သေးသည်။
ပုသိမ်ခရိုင် ကန်ကြီးဒေါင့်၊ ကျောင်းကုန်းမြို့နယ်များတွင်မူ ရေမြုပ်ဧရိယာ တွက်ချက်ရာတွင် မှားယွင်းမှုများကြောင့် ယခုရေပြန်ကျချိန်၌ အစိုးရထောက်ပံ့သည့် မျိုးစပါး ဝေငှရာတွင် မလောက်မငဖြစ်နေကြောင်း ကန်ကြီးဒေါင့်မြို့နယ်မှ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လယ်သမား ဦးရွှေလှကြိုင်က ဆိုသည်။
“သမ္မတကြီး ဦးသိန်းစိန် ကျောင်းကုန်းလာတုန်းက ရေက မကျသေးဘူး။ အဲဒီတော့ ရေမြုပ်ဧရိယာ တိတိကျကျ ကွင်းမနင်းနိုင်ဘူး။ အခုတကယ်လည်း ရေကျလို့ ကွင်းနင်းရော ဧကအများကြီး ဖြစ်နေတော့ မျိုးစပါးဝေတဲ့နေရာ ပြဿနာတက်ရော”ဟု ဦးရွှေလှကြိုင်က ဆိုသည်။
အဆိုပါဒေသတွင် ရေမြုပ်ဧရိယာ ၁ သောင်း ၅ ထောင်ကျော်ရှိပြီး ယခုအခါ ဒေသအာဏာပိုင်များက မူလ ကောက်ခံထားသည့် စာရင်းအတိုင်း တဧကလျှင် မျိုးစပါး ၁ တင်း ဖြန့်ဝေလျှက်ရှိသည်။
ပြီးခဲ့သည့်လကလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRIA) အနေဖြင့် တောင်သူများ လျင်မြန်စွာ စိုက်ပျိုးနိုင်ရန် အဓိက လိုအပ်နေသည့် မျိုးစပါး တင်း ၃ သောင်းခန့်နှင့် ပျိုးပင်များကို ကူညီမည်ဟု မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သေးသည်။