လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဟဲဟိုး လေဆိပ်မှာ လူ ၂ ဦးသေဆုံးပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဲပုဂံလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး အဆုံးအဖြတ်ဟာ အဓိကလို့ စုံစမ်းကော်မရှင်က ယနေ့ ရန်ကုန်မြို့၊ မင်္ဂလာဒုံမှာရှိတဲ့ လေကြောင်းသိပ္ပံခန်းမမှာ ပြုလုပ်ခဲ့ရာမှာ ပြောဆိုပါတယ်။
“အားလုံးကတော့ လူနဲ့ဆိုင်တာချည်းပဲ၊ လေယာဉ်မှူး ရဲ့ အဆုံးအဖြတ်ပေါ်ဘဲ မူတည်နေတာလေ၊ ဘာကြောင့်ဖြစ်ဖြစ် လူကြောင့်ဖြစ်တာလို့ပဲပြောလို့ရတယ်” လို့ လေယာဉ်ပျက်မှု စုံစမ်းရေးကော်မရှင်က ဥက္ကဋ္ဌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောဆိုပါတယ်။
လေယာဉ်မှာလိုက်ပါတဲ့ ခရီးသည်တဦးဖြစ်တဲ့ ဧည့်လမ်းညွှန် မနွယ်လင်းရှိန်အပြင် ကားလမ်းပေါ်မှာပါ ဆိုင်ကယ်စီးနေတဲ့ ဦးပြားဆိုသူပါ သေဆုံးခဲ့ရတာကြောင့် ဘယ်လိုကြောင့် ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းက ပြည်သူတွေသိချင်နေကြတာပါ။
လေယာဉ် ဘာကြောင့် ပျက်ကျရတယ်ဆိုတဲ့ အကြောင်းအရင်းကို စစ်ဆေးနိုင်ဖို့ လေယာဉ်မှာ တပ်ဆင်ထားတဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်း Black Box ကို သြစတြေးလျနိုင်ငံမှာရှိတဲ့ သြစတြေးလျ ပို့ဆောင်ရေး လုံခြုံမှုဌာန (Australian Transport Safety Bureau-ATSB)ဆီကို ဇန်နဝါရီ၁၈ ရက်နေ့မှာ ပို့ဆောင်စစ်ဆေးစေခဲ့ပါတယ်။
ဇန်ဝါရီလ ၂၅ရက်နေ့မှာ စစ်ဆေးမှုပြီးဆုံးခဲ့တဲ့တွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လေယာဉ်ပျက်ကျမှုစုံစမ်းရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို လေယာဉ်ပျက်မှု စုံစမ်းရေးကော်မရှင်က ဥက္ကဋ္ဌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း၊ အဲပုဂံလေကြောင်းလိုင်း လေယာဉ်မှူးကြီး ဦးသိန်းဇော်၊ မြန်မာ့လေကြောင်း လေယာဉ်မှူး ဦးခင်မောင်ငြိမ်းအပါအဝင် ၅ ဦးက အဓိကရှင်းလင်းခဲ့ပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့ အကြောင်းရင်း သတင်းစာရှင်းလင်းပွဲဆိုပေမယ့် ပွဲစတင်တဲ့အချိန်မှာ စုံစမ်းရေးကော်မရှင်ဦးဝင်းဆွေထွန်းက ကိုလိုနီခေတ်ကတည်းက ရှိလာတဲ့ မြန်မာနိုင်ငံလေကြောင်းဥပဒေ အကြောင်းကို မိနစ်အနည်းငယ်ကြာအောင် စတင်ရှင်းလင်းပါတယ်။ ပြီးမှ အဲပုဂံလေယာဉ်ပျက်ကျစဉ်က ဓာတ်ပုံတွေ၊ ဖြစ်စဉ်တွေကို အသေးစိတ် စတင်ရှင်းပါတယ်။
ဦးဝင်းဆွေထွန်းအဆိုအရ မြူဖုံးနေတဲ့ ကွင်းကို ဆင်းရာမှာ လေယာဉ်မှူးက လေယာဉ်မှူးအကူ(First Officer) ကို ပေးမောင်းခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပြေးလမ်းတလျှောက်မှာ မြူ ဖုံးလွှမ်းနေတာ၊ လေယာဉ်မှူးက ချိန်ခွက်ကြည့် ပျံသန်းမှု မလုပ်ခဲ့တာ၊ လေယာဉ်မှူးအကူကို လေယာဉ်ပေးမောင်းနှင်စေခဲ့တာတွေကြောင့် ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ပြောဆိုပေမယ့် “ဒီလိုကိစ္စလေးတွေလောက်က လေယာဉ်ပျက်ကျတဲ့အထိ အမှားအယွင်း မဟုတ်လောက်ဘူး” လို့လည်း ဦးဝင်းဆွေထွန်းက ဆိုပါတယ်။
“လေယာဉ်မှူးအကူကို လေယာဉ်မှူးက လေယာဉ်ပေးမောင်းခဲ့ပေမယ့် အတွေ့အကြုံနဲ့ လက်ရေတက်ဖို့ လုပ်တာပါပဲ၊ ဒါ အမှား မဟုတ်ပါဘူး၊ ဒါပေမယ့် လေယာဉ်ကို ကွင်းထဲ မဖြစ်မနေ ဆင်းရမယ်ဆိုတဲ့ အတွေးဝင်သွားတာကလည်း အကြောင်းတခု ဖြစ်နိုင်ပါတယ်” လို့လည်း နောက်က လေယာဉ် ၂ စင်းကလည်း တန်းစီပါလာတာကိုလည်း ရည်ညွှန်း ဖြေကြားပါတယ်။
ဒါ့အပြင် လေယာဉ်ဟာ ဟဲဟိုးလေဆိပ်မှာ တခါမှ မဆင်းဘူးသေးဘဲ ပထမဆုံးအကြိမ် ဆင်းသက်တာ ဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် လေယာဉ်မှာပါတဲ့ စက်ကိရိယာအစိတ်အပိုင်းတွေက အရည်အသွေးပိုင်းပြည့်မီတဲ့ ထောက်ခံချက်တွေရှိပြီးသားမို့ စက်ချို့ယွင်းမှုကြောင့် မဟုတ်၊ လေယာဉ်ဆင်းသက်ချိန်က လေယာဉ်ကွင်းထဲအချို့နေရာတွေမှာ မြူကျနေပြီး ရာသီဥတုက လေယာဉ်ပျက်ကျမှုရဲ့ အဓိကတရားခံလို့ စုံစမ်းရေးကော်မရှင်ဥက္ကဌက သုံးသပ်ပြောဆို သွားပါတယ်။
ဒါ့အပြင် လေယာဉ်ပျံသန်းမှုမှတ်တမ်း Black box က မီးလောင်မှု ကို ၃၀ မိနစ်သာ ခံနိုင်ကြောင်း၊ အဲပုဂံလေယာဉ် Black box က ၃ နာရီ နီးပါး မီးလောင်ကျွမ်းမှု ခံခဲ့ရတာဖြစ်လို့ မှတ်တမ်းမှတ်ရာ တချို့ကို ပြန်ကြည့်ဖို့ ခက်ခဲနေကြောင်း စတဲ့ လေယာဉ်ပျက်ကျမှု စုံစမ်းရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ကော်မရှင်ဥက္ကဌက ရှင်းပြပါတယ်။
လေယာဉ်ပျက်ကျမှု စုံစမ်းရေး ရေနာက်ဆုံးရလာဒ်တွေကို ကော်မရှင်က မူကြမ်းအရင်ထုတ်ပြီး နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ အကြံပြုချက်တွေနဲ့ ရယူပြီးမှသာ ဘာကြောင့်ပျက်ကျတယ်ဆိုတဲ့အကြောင်း အတိအကျထုတ်ပြန်နိုင်လိမ့်မယ်လို့ ဆိုတယ်။
လေယာဉ်ပျက်မှုနဲ့ပတ်သက်တဲ့ သတင်းတွေရေးတဲ့နေရာမှာလည်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက ထင်ကြေးတွေနဲ့ ရေးနေတာမျိုးတွေ တွေ့နေရတယ်လို့ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားတဲ့ ခရီးသည် မနွယ်လင်းရှိန်က လေယာဉ်ပေါ်မှာ သေတာမဟုတ်ဘဲ လေယာဉ်ထဲက အထွက်မှာ တစုံတခုနဲ့ ထိခိုက်မိပြီး လဲကျရာက မီးလောင် အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်း၊ ဆိုင်ကယ်မောင်းသူ ဦးပြား သေဆုံးမှုကလည်း လေယာဉ်ဝင်တိုက်မိလို့ သေတာမဟုတ်ဘဲ လေယာဉ်ဆီ ပန်းထွက်စဉ် ဦးပြားကိုယ်ပေါ်လေယာဉ်ဆီ စင်ရာကနေ မီးစွဲသွားတာကြောင့် သေဆုံးရတာ ဖြစ်တဲ့အကြောင်း ဦးဝင်းဆွေထွန်းက ရှင်းပြပါတယ်။
လေယာဉ်က ဟဲဟိုးလေဆိပ်ကို ဆင်းသက်ခါနီး မနက် ၈နာရီ ၃၆ မိနစ်ခန့်မှာ လေယာဉ် လမ်းကြောင်း လွဲသွားခဲ့ရာက အောင်ပန်း- တောင်ကြီးကို သွယ်တန်းပေးထားတဲ့ လျှပ်စစ်တာဝါတိုင်ကို တိုက်မိပြီး လေယာဉ်ကွင်းအနီး တောအုပ်က သစ်ပင်တွေနဲ့ထပ်မံတိုက်မိခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ်တောင်ပံတဖက် ပထမဆုံးပြုတ်ထွက်ခဲ့ပြီး နောက်လေယာဉ်တောင်ပံတဖက်ကလည်း စက္ကန့်ပိုင်းအတွင်း ထပ်ပြီးပြုတ်ထွက်ခဲ့ကြောင်း၊ လေယာဉ်တောင်ပံတွေ ပြုတ်ထွက်သွားမှုက လေယာဉ်ပေါ်ရှိနေတဲ့ ခရီးသည်တွေ ကံကောင်းမှုတခုလို့ ဆိုရမှာဖြစ်ကြောင်း၊ လေယာဉ်တွေမှာ တောင်ပံနှစ်ဖက်က ဆီတွေပါဝင်တာကြောင့် တကယ်လို့ တောင်ပံတွေသာ လေယာဉ်ကိုယ်တွေနဲ့တွဲလျက်ပါလာပြီးမှ ပျက်ကျခဲ့မယ်ဆိုရင် ဆုံးရှုံးမှုတွေက အခုထက် ပိုမိုကြီးမားနိုင်တယ်လို့ ပြောဆိုသွားပါတယ်။