ရန်ကုန် – မော်လမြိုင် – ကော့သောင်း ပြေးဆွဲနေသည့် မြန်မာ့ လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ယနေ့နေ့လည် ၁ နာရီခန့်က ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်သွားကြောင်း သိရသည်။
လေယာဉ် အမှုထမ်း ၄ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၅ ဦးအပေါအဝင် ခရီးသည် ၅၅ ဦးလိုက်ပါသည့် MA- 60 အမျိုးအစား လေယာဉ်သည် ဆင်းသက်စဉ် လမ်းချော်ပြီး ပြေးလမ်းအနောက်ဖက် ပေ ၂၀၀ ခန့် အကွာအထိ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် အမှုထမ်းများမှာ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း လေယာဉ်ပန်ကာများ ကျိုးပဲ့သွားသည်ဟု သိရသည်။
မြန်မာပြည်တွင်း၌ ပျံသန်းနေသည့် လေယာဉ်များ မတော်တဆ ဖြစ်မှုတချို့ ယခုတလော ရှိခဲ့ရာ ပြီးခဲ့သည်ရက်ကလည်း
ညောင်ဦး (ပုဂံ) မှ ရန်ကုန်သို့ ပျံသန်းသည့် နိုင်ငံခြားသား ခရီးသည်အများစု လိုက်ပါလာသော အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစင်း စက်ချို့ယွင်းသည့်အတွက် ပြန်လည် ဆင်းသက်ခဲ့ရသည်ဟု ယမန်နေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
အလားတူ ပြီးခဲ့သည့် နှစ်ကုန်ကလည်း အဲပုဂံ လေယာဉ်တစီး ဟဲဟိုးလေဆိပ် အဆင်းတွင် မတော်တဆ ပျက်ကျမှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၆၅ ဦးအနက် စပိန်နှင့် အင်္ဂလိပ် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် သေဆုံးခဲ့ရကာ ခရီးသည် ၁၁ ဦး ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ယခုအခါ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ ပိုမို များပြားလာသည်အတွက် ကမ္ဘာလှည့် ခရီးသွားများ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က “ လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး” ဆိုင်ရာ အစည်းအဝေးကို သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင် အပါအဝင် လေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် လေကြောင်းလိုင်းများ ဆွေးနွေး အဖြေရှာခဲ့သေးသည်။
လေကြောင်းဆိုင်ရာ ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DAC) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက “လေယာဉ်တွေ အရေးပေါ် ဆင်းသက်တာ၊ ခရီးစဉ် ဖျက်တာတွေကတော့ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ လူတွေက မြန်မာလေယာဉ်တွေက အဟောင်းတွေ၊ တရုတ်လုပ်မို့လို့ ဖြစ်တယ်လို့ ဝေဖန်တာ မဟုတ်ပါဘူး။ အရေးကြီးတာက နေ့စဉ် ပြုပြင်ထိန်းသိမ်းရေးအပိုင်းပါ” ဟု ဆိုသည်။
DAC အနေဖြင့် လေယာဉ်မှူးများ အရည်အသွေးနှင့် စက်ပစ္စည်းပိုင်းတွင် အမြဲ ဂရုစိုက်နေရာ၊ မြန်မာနိုင်ငံက ဝယ်ယူလာသည့် လေယာဉ်များသည် ပျံသန်းခွင့် မှတ်ပုံတင်ကတည်း နိုင်ငံတကာ စည်းကမ်းနှင့်အညီ စက်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ လေကြောင်းဆိုင်ရာ ဘေးကင်းမှု လက်မှတ်များ ပါရှိပါကြောင်း၊ DCA ၏ အင်ဂျင်နီယာဌာနကလည်း သွားရောက် စစ်ဆေးပြီး ပြည်စုံမှု ရှိမရှိ နိုင်ငံအလိုက် စစ်ဆေးပြီးမှ အသုံးပြုခွင့် ပေးခြင်းဖြစ်ကြောင်း ဦးဝင်းဆွေထွန်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်က လေယာဉ်အသစ်များ ဝယ်ယူရန် တိုက်တွန်းမှု ရှိသော်လည်း လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်တန်ဖိုးအပြင် လေကြောင်းလိုင်း အာမခံငွေကြေး အရင်းအနှီး တတ်နိုင်မှုမှာလည်း အရေးကြီးကြောင်း ဦးဝင်းဆွေထွန်းက ဆက်လက် ရှင်းပြသည်။
လက်ရှိအသုံးပြုနေသည့် လေယာဉ်များ၏ သက်တမ်းကို ၂၅ နှစ်အထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန် တားမြစ်ထားရာ မြန်မာလေကြောင်းရှိ ဖော်ကာ F 28 အမျိုးအစား လေယာဉ်များကို ပျံသန်းခွင့် မပေးတော့ဟု သိရသည်။