ပြည်တွင်း ပုဂ္ဂလိကလေကြောင်းလိုင်း Asian Wings Airways (AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဂျပန် လေကြောင်းလိုင်းကြီး တခုဖြစ်သည့် All Nippon Airways (ANA) သို့ ရောင်းချရန် စီစဉ်နေခြင်းကို လေကြောင်းလိုင်း အသိုင်းအဝန်းမှ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
AWA ၏ ရှယ်ယာများကို ဝယ်ယူရန် ANA က အမေရိကန်ဒေါ်လာ ၃၀.၄၅ သန်း ပေးဖွယ်ရှိကြောင်း Nikkei စီးပွားရေး နေ့စဉ် သတင်းက အစောပိုင်းတွင် ရေးသားခဲ့သည်။
ပြည်တွင်းလေကြောင်းလိုင်းများ အကြား နိုင်ငံခြား လေကြောင်းလိုင်းများနှင့် ဖက်စက်လုပ်ကိုင်ရေးတွင် အကန့်အသတ်များ ထားရှိရေးကို မူအားဖြင့် သဘောတူထားခဲ့သော်လည်း AWA က ချိုးဖောက်ခြင်းကြောင့် ယင်းသို့ ဝေဖန်မှုများ ရှိနေခြင်း ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်း တခုမှ အကြီးတန်းအရာရှိတဦးက ပြောသည်။
AWA လေကြောင်းလိုင်း အစုရှယ်ယာများ ဝယ်ယူရန် စီစဉ်ခြင်းသည် နိုင်ငံခြား လေကြောင်းလိုင်းတခု အနေဖြင့် မြန်မာပြည် အခြေစိုက် လေကြောင်းလိုင်း တခုမှ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျပန်လေကြောင်းလိုင်း ANA က ဆိုသည်။
“လျင်မြန်စွာ ကြီးထွားလာနေတဲ့ အာရှ လေကြောင်းလိုင်း ဈေးကွက်ရဲ့ တိုးပွားလာနေတဲ့ အစုရှယ်ယာတွေကို ANA က အမိအရ ဖမ်းဆုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်၊ နောက်ပြီး AWA မှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မဟာဗျူဟာမြောက် ရည်မှန်းချက်ကို ထောက်ကူ ပေးနိုင်ပါလိမ့်မယ်” ဟု ANA က ပြောသည်။
AWA လေကြောင်းလိုင်းသည် စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စတင် ထူထောင်သည့် လေကြောင်းလိုင်းဖြစ်ပြီး ထိုစဉ်က စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနှင့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်း၌ ပြေးဆွဲပျံသန်းရန် ထူထောင်ခဲ့သည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအဝိုင်းမှ သိရသည်။
ဦးတေဇသည် စစ်အစိုးရနှင့် နီးစပ်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများမှ စီးပွာေးရးပိတ်ဆို့မှု စာရင်းထဲတွင် ရှိနေဆဲဖြစ်သည်။
သို့သော် ANA က AWA လေကြောင်းလိုင်း၏ အစုရှယ်ယာကို ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာချိန်တွင် AWA ကို မည်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်က ပိုင်ဆိုင်ကြောင်း သတင်းဌာနများက ဖော်ပြခြင်းမရှိပေ။
AWA လေကြောင်းလိုင်းသည် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အပတ်စဉ်ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း လတ်တလောတွင်မူ အစီအစဉ်ကို ဖျက်သိမ်းထားသည်ဟု သိရသည်။
လက်ရှိ ရန်ကုန်- ချင်းမိုင် တပတ်နှစ်ကြိမ် ခရီးစဉ်ကို ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ ပြေးဆွဲလျက်ရှိသည်။