[irrawaddy_gallery]
နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း Myanma Airways (MA) က အမေရိကန် ကုမ္ပဏီကြီး General Electric(GE) ၏ အကူအညီဖြင့် ATR 72-500 အမျိုးအစား လေယာဉ် ၃ စင်းဝယ်ယူရန် စီစဉ်နေသည်။
GE Capital Aviation Service (GECAS)၏ အကူအညီဖြင့် အိုင်ယာလန်အခြေစိုက် Aer Arann လေကြောင်းလိုင်းမှ ၅ နှစ် အသုံးပြုပြီးသား ATR လေယာဉ်များကို ဝယ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း MA က ဆိုသည်။
မြန်မာ့ လေကြောင်း ဦးဆောင်ညွန်ကြားရေးမှူး ဦးသန်းထွန်းက “GECAS က လေယာဉ်ငှားရမ်းတဲ့ ကုမ္ပဏီအကြီးကြီးပါ၊ အခု နောက်ပိုင်း နိုင်ငံတကာမျက်နှာစာမှာ မြန်မာက မျက်နှာသာရလာတော့ သူတို့အကူအညီနဲ့ ဝယ်ယူတဲ့သဘောပဲ”ဟုပြော သည်။
တခြားသော အာရှလေကြောင်းလိုင်းများဖြစ်သည့် အိန္ဒိယ အခြေစိုက် Jet Airways ၊ အင်ဒိုနီးရှား အခြေစိုက် ဂရူဒါး လေကြောင်း လိုင်း (Garuda Indonesia)၊ ဂျပန်လေကြောင်းလိုင်း (JAL)စသည့်လေကြောင်းလိုင်း ကြီးများ ထူထောင်စဉ်ကလည်း GECAS လေယာဉ်ကုမ္ပဏီက အကူအညီ ပေးဖူးကြောင်း ၎င်းက ဆက်ပြောသည်။
ATR 72-500 သည် ပြင်သစ်- အီတလီ ဖက်စပ်ထုတ်လုပ်သည့် လေယာဉ်အမျိုးအစားဖြစ်ပြီး Bangkok Airways ၊ Jet Airways အိုင်ယာလန်အခြေစိုက် လေကြောင်းလိုင်းများဖြစ်သည့် Aer Arann၊ Aer Lingus Regional ၊ အမေရိကန်အခြေစိုက် FedEx Express လေကြောင်း လိုင်းများတွင် လက်ရှိ အသုံးပြုလျက်ရှိသည်။
မြန်မာ့လေကြောင်း (MA)က ATR လေယာဉ်များကို တစီးလျှင် အမေရိကန်ဒေါ်လာ ၁၂. ၅ သန်းဖြင့် ဝယ်ယူရန် စီစဉ်ခြင်းဖြစ်ပြီး
တရုတ်လုပ် MA 60 အမျိုးအစားလေယာဉ်ပျံများ၏ နေရာတွင် အစားထိုးရန်ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနEleven Myanmar ၏ ဝက်ဘ်ဆိုဒ် တွင် ရေးသားထားသည်။
လက်ရှိ MA ၌ ATR အမျိုးအစား လေယာဉ် သုံးစီး၊ ဘရာဇီးနိုင်ငံလုပ် Embraer လေယာဉ် နှစ်စီး၊ တရုတ်လုပ် MA 60 လေယာဉ် သုံးစီး၊ ပြေးဆွဲလျက်ရှိရာ ပြီးခဲ့သည့် နှစ်က တရုတ်လုပ်လေယာဉ်ပျံနှစ်စီး မိုင်းဆတ်နှင့် ကော့သောင်းလေယာဉ်ကွင်းများတွင် လမ်းချော်မှုများ ဖြစ်ပွားခဲ့၍ ရပ်ဆိုင်းထားခဲ့ရသည်ဟု သိရသည်။
အစိုးရသစ်လက်ထက် အနောက်နိုင်ငံများမှ အရေးယူပိတ်ဆို့မှုတချို့ဖွင့်လှစ်ပေးလိုက်သည့် နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာရာ မြန်မာ့လေကြောင်း ဈေးကွက်သို့လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်းပုဂ္ဂလိက လေကြောင်းတခုဖြစ်သည့် Asian Wings Airways (AWA)၏ အစုရှယ်ယာ ၄၉ ရာခိုင် နှုန်းကို ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) ကဝယ်ယူလိုက်ခြင်းဖြင့် ပထမဆုံး မြန်မာ့လေကြောင်း ဈေးကွက်ကို စတင်ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ထိုသို့ ပြည်ပအင်အားကြီးလေကြောင်းလိုင်းကြီးတခု ထိုးဖောက်ဝင်ရောက်လာခြင်းသည် ပြည်တွင်းလေကြောင်း ဈေးကွက် ပျက် ပြားနိုင်သည်ဆိုသော ဝေဖန်ပြောဆိုမှုများ ပြည်တွင်းရှိ လေကြောင်းလိုင်းများ အကြား ထွက်ပေါ်ခဲ့သည်။
ဂျပန်လေကြောင်းလိုင်း (ANA) အနေဖြင့် နိုင်ငံပိုင် မြန်မာ့လေကြောင်း(MA) တွင်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ပါလျက်နှင့် လေယာဉ် သုံးစီးသာရှိသည့် သာမန်လေကြောင်းလိုင်းတခုဖြစ်သော Asian Wings Airways (AWA) တွင် ရင်းနှီးမြုပ်နှံခြင်းသည် မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟူသော ပြောဆိုမှုများလည်း ရှိခဲ့သည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်း (MA)သည် ပြည်တွင်းခရီးစဉ်များတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ထူထောင်ထားသည့် Air Bagan လေကြောင်းလိုင်း၊ Air KBZ ၊ Golden Myanmar Airline ၊ Air Mandalay၊ Yangon Airway စသည့် လေကြောင်းများနှင့် ယှဉ်ပြိုင် ပြေးဆွဲလျက်ရှိသည်။
MA သည် နိုင်ငံပိုင် လေကြောင်းဟု ဆိုသော်လည်း ယခုနှစ်မှစတင်ကာ နိုင်ငံတော်မှ ဘတ်ဂျက်လျာထားမှုတွင် ပါဝင်ခြင်းမရှိတော့ ကြောင်း ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးများက ဆုံးဖြတ်ခဲ့သည်။
မြန်မာ့လေကြောင်း (MA)မှ အမည်မဖော်လိုသည့် အရာရှိကြီးတဦးက “နိုင်ငံပိုင်လုပ်ငန်းတွေက အကုန်ရှုံးနေတော့၊ ကျနော်တို့ လေကြောင်းက စီးပွားရေးဆန်ဆန် လုပ်မှဖြစ်မယ်၊ အားလုံးဝိုင်းကြိုးစားရင်တော့ အောင်မြင်မှာပါ”ဟု ပြောဆိုသည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် အစိုးရထံမှ ကျပ်သိန်း ၅၀ ချေးယူက Union of Burma Airways (UBA) ဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး ဒါကိုတာလေယာဉ်များ ငှားရမ်းကာ ပြည်တွင်းလေဆိပ် ၁၉ ခုသို့ စတင်ပြေးဆွဲခဲ့သည်။
ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံတော်၏ တစ်ခုတည်းသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံပြည်သူများ ပိုင်ဆိုင်သည့် လေကြောင်းလိုင်း တခု အဖြစ်ရပ်တည်ခဲ့သည်။
မြန်မာ့ ဆိုရှယ်လစ် လမ်း စဉ်ပါတီ ခေတ် ကBurma Airways Corporation (BAC)ကို စစ်အစိုးရလက်ထက် တွင် Myanma Airways (MA) ဟု အမည်ပြောင်းလဲခဲ့သည်။
၁၉၉၃ ခုနှစ်တွင် စစ်အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ စင်ကာပူ အခြေစိုက် Highsonic Enterprises က ၄၉ ရာခိုင်နှုန်း ငွေကြေး ထည့် ဝင် ကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း Myanmar Airways International (MAI) အမည်ဖြင့် ထပ်မံတိုးချဲ့ခဲ့သည်။ယခုအခါ MAI ကို စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်းက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။