ပြည်ထောင်စုအစိုးရ အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးရန် ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်းချက်ကို သမ္မတရုံးက လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်ဟု အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဧရာဝတီသို့ ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် တိုင်းပြည် ရှေ့ဆက်သွားနိုင်ရန်အတွက် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့ကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စေရန် အထက်ပါ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ကို ယမန်နေ့က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းဝေး၌ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်တွင် ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်ရာ၌ ပိုမိုထိရောက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် ထုတ်ပြန်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြည်ထောင်စု အစိုးရအနေဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ်ထုတ်ပြန်ရန် လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“လောလောဆယ် အစီအစဉ်မရှိသေးပါဘူး ဆိုတဲ့စကားကို ကျနော့်အနေနဲ့ ထပ်ဖြည့်စွက်လို့ ရသေးတယ်။လောလောဆယ် ဆိုတာ ဘာကိုပြောတာလဲ၊ အခုလား၊ ၂၀၁၃ လားပေါ့။ ဒါပေမယ့် ကျနော့်မှာ မေးချင်စိတ် မရှိတော့ဘူး။ သူတို့မှာ ပူးပေါင်း ဆောင်ရွက်ချင်စိတ် မရှိဘူး။ ကျနော်တို့က အပြုသဘောနဲ့ မေးတာ။ လွှတ်တော်ဥက္ကဋ္ဌက ကျနော်ဆိုလိုတာကို သဘော ပေါက်တယ်။ သူလိုက်မှတ်နေတာ တွေ့တယ်။ အဲဒါကြောင့် ကျနော်က အမေးပုံစံတင် မဟုတ်ဘဲနဲ့ Massage တခု ရသွားအောင် ဥက္ကဋ္ဌကိုရော လွှတ်တော်ကိုပါ ကျနော်ပြောချင်တာတွေ ထည့်ပြောလိုက်တယ်” ဟု ဦးခိုင်မောင်ရည်က
ဆိုသည်။
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည်မှာ နက်နဲသော ကိစ္စရပ်များအပေါ်တွင် အခြေခံနေခြင်းကို သဘောပေါက်ကြောင်း၊ ယခု တင်ပြရာတွင်လည်း ဦးတည်ရာဘက် တဘက်တည်းကို သတ်မှတ်ရည်ညွှန်း ပြောဆိုခြင်းမဟုတ်ဘဲ နှစ်ဘက်စလုံးကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရှေ့ဆက်သွားမည့် နိုင်ငံရေး လုပ်ငန်းစဉ်များ၌ အတူတကွ ပါဝင်ပူးပေါင်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားကြောင်း ဦးခိုင်မောင်ရည်က လွှတ်တော်သို့ ပြောကြားခဲ့သည်ဟု သိရသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလတွင် နိုင်ငံရေးအကျဉ်းသား ရှိနေခြင်းသည် ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အနှောင့်အသွား ဖြစ်သည်ဟု ခံယူထားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
“တဘက်မှာ အမျိုးသားသင့်မြတ်ရေး ကိစ္စပြောပေမယ့် တဘက်မှာ လွှတ်တော်အမတ် မေးတာကို အစီအစဉ် မရှိသေးဘူးလို့ ပြောတယ်။ ကျနော်တို့ကတော့ နားမလည်တော့ဘူး။ အခုမလွှတ်ပေးရင် ဘယ်အချိန် လွှတ်ပေးမှာလဲ” ဟု သူက မေးခွန်းထုတ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးခံထားရ သူများအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း၊ အစိုးရမှ ဖွဲ့စည်းထားသော နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် စိစစ်ရမည့်သူမှ လွဲ၍ စာရင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း ဦးထွန်းကြည်က ပြောသည်။
“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြောပလောက်အောင် မရှိတော့ဘူးလို့ပဲ ပြောပြော၊ တယောက် ကျန်နေရင်တောင် အစိုးရမှာ တာဝန်ရှိပါတယ်။ နောက်ပြီးတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားက တော်တော် ကျယ်ပြန့် ပါတယ်။ ကျနော်ဆိုလိုတာက ပြည်တွင်းပြည်ပ မြေပေါ်မြေအောက် အကုန်လုံး ပါပါတယ်။ အခုက တချို့ကိစ္စတွေကိုတော့ သူတို့က လာခွင့်ပြုတယ်၊ နေခွင့်ပြုတယ်။ တချို့ ပြစ်မှုပြစ်ဒဏ်တွေကိုတော့ လာခွင့်မပြုဘူး။ ကျနော်တို့က တဘက်မှာ အဲဒီအခွင့်အရေးတွေကို တောင်းဆိုသလို တဘက်ကလည်း ကိုယ့်ဘက်က ပြန်ပေးရမှာ ရှိတယ်။ သူတို့ဘက်က ပြစ်မှုပြစ်ဒဏ် ရှိတဲ့သူတွေကိုလည်း ကျနော်တို့က ခွင့်လွှတ်ပေးရမယ်၊ ဘက်ကိုတဘက်တည်း မဟုတ်ဘဲနဲ့ သူ့ဘက် ကိုယ့်ဘက် ဆိုတဲ့စကားကို ကျနော် လွှတ်တော်ထဲမှာ ထည့်ပြောခဲ့တယ်။ ကိုယ့်ဘက်ကိုလည်း ဖြေလျော့ပေးရမယ့်အပြင် သူတို့ဘက်ကို အာဃတတွေ ထားနေရင်လည်း ပွဲကပြီးမှာ မဟုတ်တော့ဘူး” ဟု ဦးခိုင်မောင်ရည်က ရှင်းပြသည်။
ပြည်တော်ပြန်ချင်သူ အားလုံး ယုံကြည်စိတ်ချစွာ အိမ်ပြန်လာနိုင်ရန် အစိုးရအနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် တရားဝင် ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ၂၃ နှစ်ကြာ သွားရောက် နေထိုင်ခဲ့သူ ဦးထူးချစ်က ပြောသည်။
“ဖြစ်သင့်တာက အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တခု ကြေညာပေးသင့်တယ်။ ဘယ်လို အမှုမျိုးကတော့ လွတ်ငြိမ်းချမ်းသာခွင့် ရှိတယ်ဆိုပြီးတော့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်သင့်တယ်။ အခု ကျနော်တို့ ပြန်ရောက်နေတာကလည်း ပုဂ္ဂိုလ်ရေး ယုံကြည်မှုအရ ရောက်နေတာ။ တကယ်တော့ ကျနော်တို့အတွက် မလုံခြုံသေးဘူး။ အစိုးရ အဖွဲ့ထဲက ကူညီတဲ့သူရှိလို့ ကျနော် လာလုပ်နေတယ်။ ဒါပေမယ့် ကျနော်တို့ အတွက် တိကျတဲ့ ဘာမူဝါဒမှ မရှိသေးဘူး” ဟု သူက ဆိုသည်။
ငြိမ်းချမ်းစွာ ရင်ခြားစေ့နိုင်ရေးသည်သာ ဆုံးရှုံးမှု အနည်းဆုံးသော အောင်မြင်မှု ဖြစ်နိုင်ကြောင်း ဦးခိုင်မောင်ရည်က
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးရန် အစိုးရသို့တောင်းဆိုရာတွင် ထည့်သွင်းပြောဆိုသည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိသော်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်ရန်မှာမူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် ရရှိရန် လိုအပ်သည်။