မကြာသေးမီက ဖမ်းဆီးခံရပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်နိုင်သူများ ရှိနေသောကြောင့် လက်ကျန် နိုင်ငံရေး အကျဉ်းသား ပြန်လည်စိစစ်မှု လုပ်ငန်းများ မပြီးပြတ်သေးသော်လည်း စိစစ်တင်ပြပြီးသော ၁၅၅ ဦးထဲမှ အများစု အမြန်ဆုံး ပြန်လွတ်လာနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်၊ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် တဦးလည်း ဖြစ်သူ ဦးဘိုကြည်က အစိုးရထံ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား ၁၅၅ ဦးရှိပြီး မကြာခင်ကာလတခုတွင် အများစု ပြန်လည် လွတ်မြောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“(ဝန်ကြီး) ဦးစိုးသိန်းကတော့ နိုင်ငံရေးအကျဉ်းသား အကုန် ပြန်လွှတ်ပေးမယ်တော့ ကတိပေးပါတယ်။ ဒါပေမယ့် ကျနော်တို့က ရက်အတိအကျကို ပြောဖို့ကတော့ အတော်ခက်ပါတယ်။ ဒါကလည်း သမ္မတ အပေါ် မူတည်တယ်” ဟု ဦးဘိုကြည်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသား အရေအတွက်နှင့် ပတ်သက်၍ ယခုအထိ စိစစ်နေဆဲဖြစ်ပြီး တချို့သည် ရုံးတင်စစ်ဆေး ခံနေရဆဲ ရှိသကဲ့သို့ တချို့မှာ မကြာသေးခင်က ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး အကျဉ်းချ ခံရခြင်းများလည်း ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။
ပြစ်ဒဏ်ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ပြန်လည် စိစစ်ရေး ကော်မတီတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်ထဲရေး ဝန်ကြီဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များသည် ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် ပုဒ်မ ၄၀၁ နှင့် ထောင်ကြွေးကျန် ကိစ္စလည်း ပါဝင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို အဆိုပါ ပုဒ်မ ၄၀၁ နှင့် လွှတ်ပေးသည့်အခါ ထောင်ထွက်လက်မှတ်တွင် သဲကွဲစွာဖြင့် ခြွင်းချက်မဲ့ ပြန်လွှတ်ခြင်းဟု ရေးသား ဖော်ပြပေးစေလိုကြောင်းလည်း ဆွေးနွေးကြသည်ဟု သိရှိရသည်။
မည်သည့် အကျဉ်းသားကိုမဆို ပြစ်ဒဏ်မှ လျှော့ပေါ့လို၍ ဖြစ်စေ၊ လုံး၀ လွှတ်ပေးလို၍ ဖြစ်စေ ယင်းလုပ်ပိုင်ခွင့်ကို သမ္မတ အနေဖြင့် ပုဒ်မ ၄၀၁ ဖြင့် ကျင့်သုံးနိုင်သည်။
ပုဒ်မ ၄၀၁ အရ ခြွင်းချက်အားဖြင့် နောက်ထပ် ပြစ်မှုတခု ကျူးလွန်ခဲ့ပါက မူလ ကျခံရမည့် ထောင်ကြွေးကျန်ကာလကို ပြန်လည် ကျခံရမည်ဟူသည့် အငြင်းပွားဖွယ်ရာ စကားရပ် ရှိသကဲ့သို့ ခြွင်းချက်မဲ့လည်း လုံး၀ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်လည်း ဥပဒေတွင် ဖော်ပြထားသည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ပြီးခဲ့သည့် မေလအတွင်းက ပုဒ်မ ၄၀၁ ပါ ကြွေးကျန်ဖြင့် ပြည်ထဲရေးဝန်ကြီး အမိန့်အရ ကျခံစေခဲ့သည်။ သို့သော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၎င်းအား ပြန်လည်လွှတ်ပေးခဲ့သည်။
ထောင်ကြွေးကျန် ကျခံစေရမှုကို အမိန့်ဖြင့် တိတိကျကျ ပယ်ဖျက်ရန် လိုကြောင်း ဦးဘိုကြည်က ဆိုသည်။
“ဒါမှသာ ပုဒ်မ ၄၀၁ နဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စိတ်အေးလက်အေးနဲ့ နေလို့ရမှာပါ။ ဒါကြောင့် ဥပဒေကြောင်းအရပါ တိတိကျကျလေး ဖြစ်စေဖို့ ကျနော်တို့ ကြိုးစားနေဆဲပါ” ဟု ၎င်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ဇွန်လ ၄ ရက်နေ့ မိန့်ခွန်းတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှု၌ စေတနာ သက်သက်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်နေကြောင်း၊ အချိန်အတိုင်းအတာတခု ယူခြင်းမှလွဲ၍ အခြား နိုင်ငံရေးအမြတ် မထုတ်လိုကြောင်း ပြောဆိုခဲ့သည်။
“ကျနော်တို့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ် အကျဉ်းကျခံခဲ့ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေး လက်နက်တခု အနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ဖို့ အစီအစဉ် မရှိကြောင်း တပါတည်း ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
နိုင်ငံရေးအကျဉ်းသား ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုရန် စံသတ်မှတ်ချက်နှင့် ပတ်သက်၍ ဦးဘိုကြည်က “အစိုးရ ဘက်ကမှာက အဓိပ္ပာယ်ဖွင့်ဆိုချက်က ရှိ မထားသေးဘူး။ ယာယီ သဘောတူထားတာက နိုင်ငံရေးနဲ့ ဆက်စပ် ပတ်သက်ပြီး အဖမ်းခံထားရတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် ခေါ်တယ်ဆိုပြီး အကြမ်းဖျင်း အဓိပ္ပာယ် သတ်မှတ်ထားကြတယ်” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်နွှယ်သည်ဟုဆိုကာ ဖမ်းဆီး အရေးယူထားသူများလည်း ရှိနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ ကိုလည်း ဖျက်သိမ်းသင့်ကြောင်းလည်း လေ့လာသူများက ပြောဆိုနေကြသည်။