ယာဉ်ဟောင်းများ ပြန်လည်အပ်နှံရာ၌ ပါဝင်ခဲ့သည့် CNG ဓာတ်ငွေ့အိုးများကို ကားသစ်များတွင် ပြန်လည် တပ်ဆင်ခွင့်ပြုရန် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသို့ လျှောက်ထားရာ ကြန့်ကြာမှုများ ရှိနေကြောင်း CNG တပ်ဆင်ခွင့် လျှောက်ထား သူများထံမှ သိရသည်။
“ကားဟောင်းက CNG အိုးတွေကို ကားသစ်တွေမှာ ပြန်တပ်ခွင့့် ချထားပေးဖို့ လျှောက်ထားတာတွေက လနဲ့ချီတာတောင် ချထားမပေးသေးဘူး။ ဌာနကို လှမ်းမေးတော့လည်း အထက်လူကြီးခွင့်ပြုမှ ချပေးလို့ ရမှာလို့ ပြောနေတယ်” ဟု CNG တပ်ဆင်ခွင့် လျှောက်ထားသည့် အငှားယာဉ်မောင်းတဦး ဖြစ်သူ ဦးစန်းအောင်က ပြောသည်။
ကားသစ်များ၌ CNG အိုးဟောင်းများ ပြန်လည်တပ်ဆင်အသုံးပြုခွင့် ကြန့်ကြာနေသည့် အတွက် ဆီသုံးကားဖြင့် အစားထိုး ပြေးဆွဲနေရသော အငှားယာဉ်မောင်းများ အခက်အခဲ တွေ့ကြုံနေရကြောင်း၊ ကားလမ်းကြောပိတ်ပြီး လမ်းပြည့်ကျပ်သော နေရာများသို့ ဆီကားဖြင့် မလိုက်နိုင်တော့ကြောင်း၊ CNG ကဲ့သို့ တကြိမ်ဖြည့်ထားရုံဖြင့် တနေ့လုံး ပြေးဆွဲမရကြောင်း၊ ခေါက်ရှည် ပြေးဆွဲပါကလည်း ဆီထည့်ရသည့် ငွေကြေးနှင့် ရရှိသည့် ငွေကြေး မကိုက်ခြင်းကြောင့် CNG ပြန်လည်အသုံးပြုခွင့် ချထားပေးမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“နောက်သွင်းတဲ့ ကားတွေက အော်တိုဂီယာဆိုတော့ ဆီစား အရမ်းမြန်တယ်။ ကားကြောပိတ်ပြီး လမ်းကြောင်းရှည်လေ ဆီကား မောင်းရတာ မကိုက်လေ ဖြစ်နေတယ်။ ဒါကြောင့် မြို့ထဲ နီးနီးနားနား ခေါက်တို ဆွဲတာပဲ လုပ်တော့တယ်” ဟု သူကဆိုသည်။
ကားသစ်များ၌ CNG တပ်ဆင်ခွင့် လျှောက်ထားမှုများကို လိုအပ်သည့် စစ်ဆေးမှုများ ရှိနေသဖြင့် ခွင့်ပြုပေးရန် ကြန့်ကြာ နေခြင်းဖြစ်ကြောင်း စွမ်းအင်စီမံရေး ဦးစီးဌာနမှ သိရသည်။
“CNG ချထားပေးဖို့ လိမ်လည်ပြီး လျှောက်ထားတာတွေလည်း ရှိနေတော့ သူတို့တင်ပြထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးရတာတွေ ရှိတယ်။ တပ်ဆင်ခွင့်ကို လုံးဝ ရပ်ဆိုင်းထားတာတော့ မဟုတ်ဘူး” ဟု ယင်းဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။
ထိုသို့ တပ်ဆင်ခွင့်ပြုရန် လျှောက်ထားမှုများတွင် ယခင်အပ်နှံခဲ့သော ကားဟောင်း၏ စာရွက်စာတမ်း၊ ပြေစာ၊ ယာဉ်ပိုင်ရှင် အမည် စသည့်အချက်အလက်များ အတုပြုလုပ်ကာ လိမ်လည် လျှောက်ထားခြင်းများ ရှိနေပြီး တချို့ ဆီကားများသည် CNG စတစ်ကာများ တပ်ဆင်ကာ အရောင်းဆိုင်များတွင် စာအုပ်အတု ပြုလုပ် ထုတ်ယူမှုမျိုးရှိ နေကြောင်း၊ နိုင်ငံခြားမှ တင်သွင်း လာသည့် ကားသစ်များ၏ CNG စွမ်းရည်သည် အပ်နှံခဲ့သည့် ကားဟောင်းများထက် စွမ်းရည်ပိုမို မြင့်မားသည့်အတွက် စစ်ဆေးချက် အများအပြား ပြုလုပ်ရကြောင်း သိရသည်။
“ခရီးသည်တင် ကားတွေကိုတော့ ဦးစားပေး ပါမစ်ချပေးတယ်။ ကားသစ်တွေကိုတော့ CNG တပ်ဆင်ခွင့် လုံးဝချထား မပေးဘူး” ဟု အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်က ဆိုသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း စာရင်းများအရ CNG ကားဟောင်းများ အပ်နှံမှုထဲမှ ကား ၇၃ စီးကို တပ်ဆင်ခွင့် ပြန်လည် ချထားပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင်းရှိ CNG အရောင်းဆိုင်များ၌ ယင်းဓာတ်ငွေ့ရောင်းချရာတွင် သတ်မှတ်ချက်များ မရှိသော်လည်း ကားသေးတစီးလျှင် တနေ့ ပျှမ်းမျှ ၅ ကြိမ်နှင့် ကားကြီးတစီးလျှင် ၂ ကြိမ် ပုံမှန် ရောင်းချပေးလျှက်ရှိသည်။