ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ လူနေရပ်ကွက်ပေါ်သို့ ယနေ့နံနက်တွင် အစိုးရတပ်၏ လက်နက်ကြီးကျည် ကျရောက်ပြီးနောက် KIA ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများကိုပါ ပစ်ခတ်မည်ကို စိုးရိမ်နေရကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။
“ဒီလိုမြို့ပေါ်ကို ပစ်ခတ်ပြီဆိုမှတော့ ကျနော်တို့ ဒုက္ခသည် စခန်းတွေကိုလည်း ပစ်ခတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ ဒုက္ခသည်တွေလည်း ဒီအကြောင်းပဲ ပြောပြောနေကြပြီး သူတို့အတွက် လုံခြုံမှု မရှိတော့ဘူးလို့ ခံစားနေရပြီး စိုးရိမ်နေကြတယ်” ဟု ကချင်ဒုက္ခသည်စခန်းများ ကော်မတီ ဥက္ကဌ ဦးဒွဲပီဆားက ဧရာဝတီသို့ ပြောသည်။
လိုင်ဇာမြို့ပေါ်တွင် ဒုက္ခသည်ဦးရေ ၅၀၀၀ ကျော်ရှိသော အမှတ် (၃) ဈေးဟောင်း ဒုက္ခသည်စခန်းနှင့် ဝေကြိုင် ဒုက္ခသည် စခန်းတို့ရှိပြီး အရပ်ဘက် အဆောက်အအုံ တချို့တွင်လည်း ခိုလှုံနေသူများရှိကြောင်း၊ KIA ထိန်းချုပ်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ဒုက္ခသည် စုစုပေါင်း ၇ သောင်း ကျော်ရှိကြောင်း သိရသည်။
လိုင်ဇာဝန်းကျင်မှ KIA တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်နေသည့် အစိုးရတပ်များက ယနေ့မနက် ၈ နာရီခွဲခန့်တွင် လိုင်ဇာမြို့တွင်းကို ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိ သွားကြောင်း အခင်းဖြစ်ပွားသည့် အနီး ရောက်ရှိနေသည့် မျက်မြင်ဖြစ်သူ ဧရာဝတီ သတင်းထောက်က ပြောသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် လိုင်ဇာမြို့ပေါ်တွင် တိတ်ဆိတ်သွားကြောင်း၊ မြို့ခံအချို့မှာ စစ်ဘေးခိုလှုံရန် တရုတ်နိုင်ငံ ယူနန် ပြည်နယ်နှင့် နယ်စပ်ရှိ KIA ထိန်းချုပ်ရာ ဒုက္ခသည် စခန်းများကို သွားရောက် ခိုလှုံနေကြကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “အခုမြို့ပေါ်မှာလည်း ခြောက်ကပ်သွားတယ်၊ တချို့ လူတွေက ယူနန်ဘက်ကို သွားကုန်ကြပြီ။ အမျိုးသမီးတွေနဲ့ ကလေးတွေ များတယ်၊ မနက်က ပေါက်ကွဲမှုဖြစ်ရပ်က ယောက်ျားလေးတွေတောင် သွေးပျက်လောက်တယ်။ ဒီကလူတွေကတော့ အဲဒီလို ထပ်ဖြစ်မှာ စိုးရိမ်နေကြတယ်” ဟု ပြောသည်။
လတ်တလော စစ်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်မှ ထွက်ပြေးလာမည့် ဒုက္ခသည်များအား လက်ခံနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် စခန်း ၄ ခုကို ပြင်ဆင်ထားကြောင်း The Global Times သတင်းစာက ဖော်ပြသည်။
အရေးပေါ် ကူညီရေး ပစ္စည်းများကိုလည်း စခန်းများတွင် ပြင်ဆင်ပေးထားကြောင်း၊ အဆိုပါ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၁ သောင်းကျော် လက်ခံနိုင်ကြောင်း သိရသည်။
အစိုးရတပ်များကလည်း KIA ထိန်းချုပ်ရာ ခြေကုပ်စခန်းများကို စိုးမိုးနိုင်ရေးအတွက် ခြေလျင်တပ်များ အလုံးအရင်း အင်အားသုံး ထိုးစစ်ဆင်နေသည့်အပြင် လေယာဉ်များကိုပါ အသုံးပြု၍ တိုက်ခိုက်လျက်ရှိကြောင်း၊ KIA ဘက်ကလည်း ပျောက်ကျားစနစ်ဖြင့် ခုခံကာကွယ်နေဆဲ ဖြစ်ကြောင်းနှင့် မကြာခင်ရက်ပိုင်းအတွင်း ကချင်တပ်တချို့ တပ်စွဲထားသည့် ဖားကန့်မြို့နယ်တွင်ပါ တိုက်ပွဲများ ကူးစက်ဖွယ်ရှိကြောင်း စစ်မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုးစစ်များ ဖြစ်ပွားရာ ဒေသတလျှောက်ရှိ ဒေသခံများမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေကြသကဲ့သို့ KIA ထိန်းချုပ်မှု အောက်ရှိ ဒုက္ခသည်စခန်းများတွင်လည်း တိုးပွားလာနေကြောင်း၊ ထို့ကြောင့် ဒုက္ခသည်များနေထိုင်ရန် တဲများ၊ ဆေးဝါး၊ အအေးဒဏ်ခံ စောင်နှင့် အဝတ်အထည်များ လိုအပ်ကြောင်း ဦးဒွဲပီဆားက ပြောသည်။
ဒုက္ခသည်များ၏ စားဝတ်နေရေး အတွက် KIO အပါအဝင် NGO အဖွဲ့များနှင့် ဘာသာရေးအသင်းအဖွဲ့များက အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။
KIA နှင့် အစိုးရတို့အကြား စစ်ပွဲများ ရပ်ဆိုင်းသွားရန်နှင့် နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံညှိနိုင်းရန် ကြားခံ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့များက ကြိုးပမ်းနေသော်လည်း လတ်တလော အနေအထားတွင် KIA ဘက်မှ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုထားခြင်းကို အစိုးရက အကြောင်းပြန်ကြားလာခြင်း မရှိသေးသဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင် က ပြောသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရအနေဖြင့် ကူညီဖြေရှင်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမက်ကြီး ဒဲရက် မစ်ချယ်၏ မွန်ပြည်နယ်လေ့လာရေး ခရီးစဉ်၌ မွန်နိုင်ငံရေး ပါတီများက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။