ကချင်ပြည်နယ် ဖားကန့်မြို့လယ် ဥရုချောင်းကူး မရှီကထောင်တံတားရှိ အစိုးရ လုံခြုံရေး အဖွဲ့ဝင်များကို အမည်မသိ လူတစုက ယနေ့နံနက် ၄ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် တဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မနက်စောစောမှာ လက်ပစ်ဗုံးနဲ့ လာပစ်သွားတာ။ တံတားကတော့ ဘာမှ မဖြစ်ပါဘူး”ဟု ဖားကန့် ဒေသခံတဦးက ဧရာဝတီကို ပြော သည်။
မရှီကထောင် တံတား တိုက်ခိုက်မှုကို မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ကချင်လွတ်လပ် ရေး တပ်မတော်(KIA) အကြမ်းဖက် သောင်းကျန်းသူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ဟု ရေးသားထားသည်။
“KIA လို့တော့ ကျနော်တို့လည်း မသိဘူး၊ လူ အပြတ်ဆုံးအချိန်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားတယ် ဆိုတော့ ဘယ်သူလုပ်မှန်း မသိ ရဘူး။ ပြည်သူလူထု အတွက်ကတော့ ဘယ်နေရာမှ မလုံခြုံဘူး ဖြစ်နေတယ်။ ရဲရော၊ စစ်တပ်ရော၊ KIA ရော ဘယ်ဘက် ကြောက် ရမှန်း မသိဘူး။ မြေမြှုပ်မိုင်း ကြောက်ရ၊ တိုက်ပွဲ ကြောက်ရ၊ လက်ပစ်ဗုံး ကြောက်ရနဲ့”ဟု ဖားကန့် ဒေသခံက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ ဆက်သွယ်ခဲ့ရာ ဖုန်းဖြေဆိုမှု မရှိပဲ၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး – မူဆယ် အဝေးပြေးလမ်းရှိ နမ့်အွန် ကျေးရွာအနီးတွင် ဖရဲသီး များ တင်ဆောင်လာသည့် ၁၂ ဘီးကား တစီးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။
ထိုဖြစ်ရပ်ကိုလည်း မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်းဌာနက KIA ၏ လက်ချက်ပင် ဖြစ်ကြောင်း ဖော်ပြထားသည်။
KIA နှင့် အစိုးရတပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့် ယမန်နှစ် အောက်တိုဘာလ နောက်ပိုင်းမှစတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ပြီး အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။
အစိုးရက ဇန်နဝါရီလ ၁၉ ရက်နေ့မှ စ၍ ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲထားကြောင်း သတင်း ထုတ်ပြန်ပြီး နောက် ပိုင်းတွင်လည်း KIA ဌာနချုပ် လိုင်ဇာ အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ် အတွင်းတွင်လည်း ခြုံခိုတိုက်ခိုက်မှုများ၊ ဗုံးခွဲ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။
ယနေ့ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် အစိုးရ၏ ကြေညာချက်အရ ဇန်နဝါရီ ၁၉ ရက်နေ့မှ စတင်၍ အပစ်အခတ်ရပ်စဲထားသည် ဆိုစေကာမူ မြန်မာ့ တပ်မတော်သည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် အနီးဝန်းကျင်ကို စစ်ရေးအရ ဆက်လက် ထိုးစစ်ဆင်နေကြောင်း၊ အရပ်သားများ ထိခိုက်သေကျေစေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အား ယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပါရှိသည်။