ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ ထောက်ခံမှုလည်း မရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ တာဝန်ခံ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က မိန့်သည်။
“ဒီမျိုးစောင့်ဥပဒေကို လက်ခံခြင်း၊ လက်မခံခြင်းကို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ပဲ ပြောမယ်။ ဘယ်သူမဆို လွတ်လပ်စွာ လက်ထပ်နိုင်တယ်၊ ဒီမှာ အတင်းအကျပ် လုပ်ပြီး တဦးတယောက်က သူ့ဘာသာထဲ အတင်းသွတ်သွင်း ရင်တော့ ဘုန်းဘုန်း အနေနဲ့ လက်ခံမှာမဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ မညီတာဆိုရင်တော့ ဘုန်းဘုန်းတို့ လက်မခံနိုင်ဘူး” ဟု ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က ဧရာဝတီသို့ မိန့်ကြားသည်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ပြီးမှသာ တရားဝင် လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို နိုင်ငံတော်သြဝါဒ ဓမ္မစရိယ ဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်းအဝေး တခုတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ ဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့က တင်သွင်းခဲ့ကြောင်း ဇွန် ၁၃ ရက်နေ့တွင် ဧရာဝတီသို့ ဦးဝီရသူ ကိုယ်တိုင်က ပြောကြားခဲ့သည်။
ထိုသို့ အမျိုးစောင့် ဥပဒေပြုရေး ကိစ္စကို ပြောကြားခဲ့ခြင်းနှင့် ပတ်သတ်၍ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မပိယက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း၊ မည်သို့ရည်ရွယ်၍ ပြောခြင်းကိုလည်း မသိကြောင်း၊ သို့ရာတွင် မှော်ဘီ ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ဆွေးနွေးခြင်းဖြစ်ပြီး မည်သည့် ဥပဒေကြမ်းမှ တင်ပြခဲ့ခြင်းမရှိကြောင်း ပြန်လည် မိန့်ကြားသည်။
ဓမ္မဒူတ အရှင် ဆေကိန္ဒကလည်း ဆရာတော်များ အနေဖြင့် ဥပဒေပြု၍ မရကြောင်း ရှင်းပြသည်။
“တဦး တယောက်ကနေ ဘယ်သူက ဒီဟာကို ဝေခဲ့လဲတော့ မသိဘူး။ ဒီမှာက ဆရာတော် ကိုယ်တိုင် ကမကထ လုပ်တယ်။ ဒီမိုကရေစီ အရ ဘယ်သူမဆို လာခိုင်းတယ်။ ဒီတော့ ဆရာတော်လည်း ပြောတယ်။ ဒီကနေ့ ထုတ်တဲ့ ကြေညာချက်ပဲ ထုတ်တယ်။ ကျန်တာ ဒီဆွေးနွေးပွဲ နဲ့မဆိုင်ဘူး” ဟု ဇွန် ၁၄ ရက်နေ့က ဧရာဝတီက သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် ပြန်လည် ဖြေကြားသည်။
ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် အဓိကအချက် ၇ ချက် ကိုသာ ဆွေးနွေးခဲ့ ခြင်းဖြစ် ကြောင်း၊ ၎င်းတို့မှာ ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဥပဒေကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ်လေ့လာရေး ကဏ္ဍ၊ သတင်းနှင့် ပြန်ကြားရေး ကဏ္ဍ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေး ကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေး ကဏ္ဍ စသည့် အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။
“ဒီအချက်တွေက တနိုင်ငံလုံးမှာ ရှိတဲ့ သံဃာအားလုံးကိုယ်စား ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။ ဒီမှာ သံဃာတွေ အားလုံးကို ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်းဖြင့် အရင်က ငြိမ်းချမ်းရေးကို နားမလည်ရင်လည်း ဒီအတွက် အသိပညာပေးတဲ့ သဘောပေါ့။ ဘာသာသာသနာနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့ အတွက် တနိုင်ငံလုံး အနေနဲ့ လုပ်ဆောင်နိုင်ဖို့ပဲ ဆွေးနွေးခဲ့တာပါ” ဟု ဆရာတော်က မိန့်သည်။
ဆက်လက်ပြီး ဆရာတော်က ပဋိပက္ခများတွင် ဗုဒ္ဓတရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော်ပုဒ်များကို ရည်ညွှန်းသော ၉၆၉ တံဆိပ် ပါဝင်နေမှုနှင့် ပတ်သက်၍လည်း ရှင်းပြခဲ့သည်။
“အခုလက်ရှိမှာက အသက် ၃၅၊ ၄၀ အောက်တွေမှာ စာရိတ္တတွေ ပျက်ပြီး ငြိမ်းချမ်းရေးတွေမှာ မသိမသာ သွေဖည်နေသလို ဖြစ်နေတော့၊ စာရိတ္တ မဏ္ဍိုင်ပျက်နေတော့ ဘုရား၊ တရား၊ ဂုဏ်တော်တွေနဲ့ လိမ္မာလာအောင် ပြောတာပေါ့။ ဒီမှာ ၉၆၉ ကို တခြားမသမာမှုတွေ အတွက် အသုံးချခံခဲ့ လိုက်ရတာ” ဟု အရှင် ဆေကိန္ဒက မိန့်သည်။
၉၆၉ မှာ မူလအစက မော်လမြိုင်တွင် စတင်ခဲ့ကြောင်း၊ သို့ရာတွင် အကြမ်းဖက်ရေး မရှိသည့် ဗုဒ္ဓသာသနာဖြင့် စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ရန်အတွက်သာ ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းစတွင် ဗုဒ္ဓသာသနာကို ခုတုံးလုပ်ကြခြင်း ဖြစ်ကြောင်း ဧရာဝတီကို ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။
“ဘယ်သာသနာမှ ပဋိပက္ခ မဖြစ်ချင်ဘူး။ အခုက တသီးပုဂ္ဂလ လူမှုရေး ပြဿနာတက်နေ တာကိုလည်း ဘာသာရေးကို ပါဝင်အောင် ဆွဲထည့်တာတွေ ရှိတယ်။ အခုကတော့ ဒီအစည်းအဝေး လုပ်တာလည်း သာသနာနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းစွာ ဘယ်သူမဆို နေထိုင်ဖို့ ဆွေးနွေးတာပါ” ဟု ဆရာတော်က ရှင်းပြသည်။
ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲတွင် ဒီမိုကရေစီ နည်းအရ မည်သူ့ကိုမှ မပိတ်ပင်ထား သည့်အတွက် မျိုးစောင့် ဥပဒေကို မည်သူက ဝေမျှသွားသည်ကို မသိကြောင်း၊ ၎င်းမှာ မူကြမ်းကို ကြေညာချက် တစုံတရာ ထုတ်ခြင်းမရှိဘဲ တဦးတယောက်က ဝေမျှခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခု ကျင်းပခဲ့သော အစည်းအဝေးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း အရှင်ဆေကိန္ဒက ဆိုသည်။
“သံဃာတွေမှာ အစုဖွဲ့တယ်ဆိုတာ လုပ်လို့လည်း မရဘူး။ ဒီဟာက ဝိနည်းနဲ့လည်း မညီဘူး။ ဖွဲ့စည်းမယ်ဆိုလည်း သက်ဆိုင်ရာ သံဃာ အစည်းအရုံးကို တင်ရတယ်။ သံဃာတွေဟာ ဘာအဖွဲ့အစည်း ဝင်မှမဟုတ်ဘူး။ သံဃာစစ် တွေကို ပြောတာ။ မစစ်တာတော့ မသိဘူး။ ဒီ အခုထုတ်ခံတဲ့ ကြေညာချက်ကိုလည်း အစိုးရကိုတင်တာ၊ ပါတီတွေကို တင်ပြတာ၊ လွှတ်တော်ကို တင်တာ ဘာမှ လုပ်မှာမဟုတ် ဘူး” ဟု ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ဆရာတော်တပါး ဖြစ်သည့် သီတဂူ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသက မိန့်သည်။
သာသနာ့တာဝန် ထမ်းဆောင်နေသည့် ဆရာတော် တပါးပါးက အဆိုပါဥပဒေကို တင်ပြလာမည် ဆိုပါက သာသနာပိုင် ဆရာတော်များ အနေဖြင့် မည်သို့ဆုံးဖြတ်မည်ကို ဧရာဝတီမှမေးမြန်းရာတွင် မည်သည့် ဘုန်းကြီးက စတင်ခဲ့သည်ကို မသိရဘဲ မဆွေးနွေးနိုင်ကြောင်း ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယက မိန့်သည်။
“ဘယ်ဘုန်းကြီးက ဘယ်လိုတင်လဲ၊ ဘယ်သူက တင်တာလဲ ဆိုတာမသိဘဲနဲ့၊ မဆွေးနွေးရဘဲနဲ့ ဘုန်းဘုန်းတို့ဘာမှ မပြောနိုင်သေးဘူး။ အခုအချိန်မှာ ဘာမှ မပြောလိုသေးဘူး၊ ပြောပြဖို့လည်း စောသေးတယ်။ နောက်တခုက ဒီဟာက တဦးတယောက်က ဆွဲတာကို တင်ထားတာ။ ဘယ်သူ့ သဘောတူညီချက်မှ မရှိသေးတော့ ပြောရခက်တယ်” ဟု ဆရာတော်က ဆက်လက် မိန့်သည်။
မှန်ကန်သည့် ပညာရေးစနစ် မရှိခဲ့သည့်အတွက် တွေးခေါ်မှု ပိုင်းတွင် အားနည်းနေမှုများ ရှိကြောင်း၊ ၎င်းအတွက် သာသနာကို ခုတုံး လုပ်သည့် မသမာသော သူများကြောင့် သာသနာ၏ ဘုရားဂုဏ်တော်နှင့် တရားဂုဏ်တော် တို့၏ ငြိမ်းချမ်းရေး သင်္ကေတမှာ ပဋိပက္ခ ဖြစ်စေသည့် တံဆိပ်အဖြစ် လူတကာမှ သတ်မှတ်ခြင်း ခံနေရခြင်း ဖြစ်သည်ဟု ဆရာတော်က ရှင်းပြသည်။
မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကမူ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာ တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်း ဖြစ်ပြီး ဤဥပဒေ ပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော် သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ အမျိုးစောင့် ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။
ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၃၊ ၁၄ တွင် မှော်ဘီရှိ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အချက် ၇ ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြင်ဆင်ဖြည့်စွက်ချက်
ဧရာဝတီ သတင်းထောက် မေခ ရေးသားသည့် “မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော” သတင်း၏ အပိုဒ် ၁၅၊ ၁၆ နှင့် ၁၇ ကို ပြောကြားသည့် ဆရာတော် ဘွဲ့မည် ကျန်ခဲ့သဖြင့် မိန့်ခဲ့သည့် ဆရာတော်ဘွဲ့မည် “ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ” ကို ဖြည့်စွက် ဖော်ပြအပ်ပါသည်။