[irrawaddy_gallery]
God Army (ခေါ်) ဘုရားသခင် တပ်မတော် ပေါ်ပေါက်လာခြင်း
၁၉၉၇ ကနေ ၂၀၀၂ ခုနှစ်အကြား နာမည်ကြီးခဲ့တဲ့ God Army (ခေါ်) ဘုရားသခင် တပ်မတော် ဆိုတာကို မင်းသမီး စခန်းကနေ ခွာစစ်ဆင်တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်အထိ ကျနော် တခါမှ မကြားဖူးပါ။ ဒီအမည်ကို ပထမဆုံးအကြိမ်
ကျနော် စကြားဖူးတာဟာ ဖုမဝမ် ဒုက္ခသည်စခန်းမှာ ရောက်နေစဉ်က ဖြစ်ပါတယ်။
ဘုရားသခင် တပ်မတော်ရဲ့ တပ်မှူး အမွှာညီနောင်၊ အသက် ၁၂ နှစ် အရွယ် ကလေးငယ် ၂ ဦးဟာ လျှာအနက်ရောင်ရှိပြီး တန်ခိုးရှင်လိုလို၊ ဓားပြီး၊ လှံပြီး၊ ကျည်ပြီးတဲ့လူတွေလိုလို၊ ဒဏ္ဍာရီဆန်ဆန် စတင်ကြားဖူးခဲ့တာပါ။ ဒီကလေးငယ်
၂ ဦးဟာ ကျနော်တို့ မင်းသမီးစခန်းရဲ့ အောက်ဘက် နေ့တဝက်စာ ခရီးအကွာက တနင်္သာရီ မြစ်ကမ်းဘေးမှာရှိတဲ့ မောထာရွာနဲ့ ထိုင်း-မြန်မာနယ်စပ်က ထောမမော-ထောမဖြိုးရွာ အကြားဒေသက ဖြစ်တယ်လို့ သိရပါတယ်။
မင်းသမီးစခန်းအကျ KNU နဲ့ ABSDF တပ်တွေ ပုံပျက်ပန်းပျက် ဆုတ်ပြေးနေရချိန်မှာ ဒီဘုရားသခင် တပ်မတော် စတင်ပေါ်လာပြီး နဝတ တပ်တွေကို အလစ်အငိုက် ဝင်တိုက်ရာက ချက်ချင်း နာမည်ကြီးလာတာလို့ ဆိုပါတယ်။ ပထမပိုင်းမှာ ထောမမောဒေသက ခရစ်ယာန် တရားဟောဆရာတဦးက ဒီကလေးငယ် ၂ ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်ခြား-ပုလောဒေသမှာ ပူးတွဲ တာဝန်ယူဖူးတဲ့ ဗိုလ်ရွှေဖျား အပါအဝင် KNU က နည်မည်ကြီး တပ်မှူးတချို့နဲ့ ရဲဘော်တချို့ပါ ပါလာပြီး အင်အား ရာနဲ့ချီ ရှိလာတယ်လို့ သိရပါတယ်။
KNU နဲ့ ABSDF တပ်တွေ ဆုတ်လာတဲ့ မင်းသမီးစခန်းအနီးက အမရာရွာ ဝန်းကျင်အထိ ဘုရားသခင် တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီပွဲမှာ နဝတဘက်က တပ်စုတစုစာ လူအင်အား ၃၀ ကျော်အထိ တကြိမ်တည်း ကျသွားခဲ့တယ်လို့ ဒုက္ခသည်စခန်းဆီ ရောက်လာသူတွေက ပြောပြပါတယ်။
ဒဏ္ဍာရီဆန်လှတဲ့ ဒီအဖွဲ့ဟာ ဘာသာရေး အတော်ကိုင်းရှိုင်းပြီး ဘုရားဝတ်ပြုပြီးမှ စစ်ထွက်တိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရက်မသောက်ရ၊ ဝက်သားမစားရ၊ ကြက်ဥမစားရ၊ တောကောင်မပစ်ရ စသည်ဖြင့် ကန့်သတ်ချက်တွေ များစွာရှိပြီး
အဲဒီကန့်သတ်ချက်ဟာ ကျနော်တို့ ရှိနေတဲ့ ဖုမဝမ် ဒုက္ခသည် စခန်းထဲအထိ ရောက်လာပါတယ်။
ဘုရားသခင် တပ်မတော် စစ်ပွဲ အောင်နိုင်ရေးအတွက် ဒုက္ခသည်စခန်းအတွင်း ဝက်သားမစားရ၊ ကြက်ဥ မစားရဆိုပြီး အမိန့် ထွက်လာတဲ့အပြင် စစ်အောင်နိုင်ရေး ဆုတောင်းပွဲတွေလည်း လုပ်ခဲ့ကြတာကို ကျနော် အမှတ်ရနေပါတယ်။
အဲဒီအချိန်အထိ ဘုရားသခင် တပ်မတော် အကြောင်းကို မီဒီယာက မသိသေးပါဘူး။ ကျနော်ကိုယ်တိုင်လည်း သတင်းကြားရုံက လွဲပြီး ဒီအဖွဲ့ကို မတွေ့ဖူးးသေးပါဘူး။ ဘန်ကောက်က ပြန်ရောက်ပြီး နောက်မှာတော့ ကိုဌေးအောင်နဲ့ ကျနော်တို့ တပ်တွေရှိရာ ထောမမော-ထောမဖြိုးဘက် ဝင်နိုင်ဖို့ ကျနော် ကြိုးစားခဲ့ပါတယ်။
အဲဒီလိုကြိုးစားရင်းနဲ့ ကန်ချနပူရီ ထောက်လှမ်းရေး ၂ ဦးနဲ့ ချိတ်မိပြီး ရတ်ချပူရီခရိုင် ဆုန်ဖွန်း မြို့နယ် (မြန်မာတွေကတော့ ကရင်တွေ အနေများတဲ့ ဘန်းပုံရွာကိုအစွဲပြုပြီး ဘန်းပုံမြို့လို့ခေါ်ကြပါတယ်) ဘက်ဆီ ကျနော် ရောက်လာခဲ့ပါတယ်။ အဲဒီမြို့မှာ KNU တပ်မဟာ ၄ က တပ်ဖွဲ့ဝင်တချို့ကို တွေ့ရပြီး သူတို့ရဲ့ အကြံပေးချက်အရ နယ်စပ်ဒေသ (အခု ထန်ဟင်း ဒုက္ခသည် စခန်းဆီဝင်ရာ လမ်းပေါက် အနီးကရွာ) တဂိုလန်း ကျေးရွာဆီ ကျနော် ရောက်သွားပါတယ်။
အဲဒီရွာကိုမရောက်ခင် ထောမမော-ထောမဖြိုး ဒေသကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ခိုလုံရာစခန်းကြီး တခုကို တွေ့ရပြီး ဖုမဝမ် စခန်းထက်တောင် လူဦးရေ ပိုများမယ်လို့ ထင်ပါတယ်။ မောထာရွာမှာ ကျနော်တွေ့ဖူးတဲ့ ကရင်ရွာသားတွေ၊ ဈေးသည်တွေကို ဒီစခန်းမှာ တွေ့ရပြီး ပလစတစ် ယာယီအမိုး၊ ဝါးတဲတွေနဲ့ နေထိုင်နေကြပါတယ်။
ဒီစခန်းဟာ ကားလမ်းဘေးမှာတင် ရှိတဲ့အတွက် ဆက်သွယ်ရေး အလွန်လွယ်ကူပြီး ပြင်ပကမ္ဘာရဲ့ အကူညီကို ဖုမဝမ်ထက် ပိုရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် စခန်းဘေး စမ်းချောင်းလေးက သေးလွန်းတဲ့အတွက် သောက်ရေ၊ သုံးရေ မလောက်မငှ ဖြစ်နေပြီး ဝမ်းလျှောရောဂါ စတင်ဖြစ်ပွား နေပါတယ်။ ဒီစခန်းရဲ့ အပေါ်ဘက် ဆုန်ဖုန်းမြို့ အနီးက ဘော်ဝီရွာဘက်မှာလည်း ဖယ်ဖျားခီးဒေသ၊ အောင်သာဝရ ဒေသဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ ဘော်ဝီ၊ ထောမမောနဲ့ ဖုမဝမ်စခန်း ၃ ခုစလုံးကို ပေါင်းပြီး ထန်ဟင်ဒေသမှာ စခန်းသစ်တခုအဖြစ် ဖွင့်လှစ်ခဲ့တာ အခုချိန်အထိ ဒုက္ခသည် ၈ ထောင်လောက် ရှိနေဆဲဖြစ်ပါတယ်။
ထောမမော – ထောမဖြိုးဒေသသို့
ထိုင်းနယ်မြေထဲကရွာကို ထောမမောအဖြစ် ဆက်ခေါ် နေကြတဲ့ ထောမမော ဒုက္ခသည်စခန်းကို ကျော်ပြီး တဂိုလမ်းရွာကို ရောက်တဲ့အခါမှာလည်း KNU တပ်ဖွဲ့ဝင်တွေနဲ့ မောထာမှာ ကျနော်တွေ့ဖူးတဲ့ ရွာသားတွေ၊ ဈေးသည်တွေ အတော်များများကို တွေ့ရပြန်ပါတယ်။ တဂိုလမ်းရွာကနေ ထောက်လှမ်းရေး ၂ ဦးနဲ့အတူ ကျနော် ပထမ ရောက်သွားတဲ့နေရာဟာ ထောမမောဆီ ဝင်တဲ့ နယ်စပ်ဂိတ် တည့်တည့်ဖြစ်ပေမယ့် တိုက်ပွဲဖြစ်နေလို့ ရှေ့ကို ဆက်သွားခွင့် မရပါဘူး။
ထိုင်း-မြန်မာနယ်စပ်လို့ ရေးထားတဲ့ သွပ်ပြားဆိုင်းဘုတ်ကြီးနားအထိ ကားမောင်းသွားပြီး အဲဒီဆိုင်းဘုတ်မှာ ကျည်ဖောက်သွားတဲ့ နေရာတွေကို တွေ့ရပါတယ်။ အဲဒီကနေ မြန်မာနယ်ထဲ လမ်းလျှောက် ဝင်လိုက်တော့
အိမ်အိုတလုံးပေါ်မှာ ကရင်အဖိုးအဖွား ၂ ဦးကို တွေ့ရပါတယ်။
ကျနော်နဲ့ပါလာတဲ့ ထောက်လှမ်းရေး ၂ ဦးထဲက တဦးက ထိုင်း-ကရင် ဖြစ်တဲ့အတွက် ကရင်ဘာသာနဲ့ စကားပြော နေကြပါတယ်။ ကျနော်က တလုံးမှ နားမလည်ပါ။ ကရင်လိုလည်း ကောင်းကောင်းမရ၊ ထိုင်းလိုကလည်း ကောင်းကောင်း မရဘဲ ထိုင်းထောက်လှမ်းရေးတွေနဲ့အတူ စစ်မြေပြင်ဆီ သွားနေတဲ့ ကျနော်ဟာ မျက်စိကန်း တစ္ဆေမကြောက် ဆိုသလို
ဖြစ်နေမလားပါပဲ။
ဒီလိုစစ်ပူဒေသမှာ ဘာသာစကားကို ကောင်းကောင်းနားမလည်ရင် စကားတလုံး ဘာသာပြန်လွဲရုံနဲ့ သေစေ၊ ရှင်စေ အဓိပ္ပာယ်ပြောင်းပြန်ဖြစ်ပြီး အချိန်မရွေး အသက်ပျောက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့
ဒီလောက်အထိ မစဉ်းစားဖြစ်ပါဘူး။ ကြောက်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။
ကံကောင်းတာ တခုကတော့ အဲဒီ ထိုင်း-ကရင် ထောက်လှမ်းရေးက အင်္ဂလိပ်လို ကောင်းကောင်းရတဲ့ အတွက် ကရင်လိုနဲ့ ထိုင်းလိုကို သူက အင်္ဂလိပ် ဘာသာပြန်ပြပြီးမှ ကျနော်က နားလည်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် နေရာ အတော်များများမှာတော့ သူလည်း ဘာသာပြန်ဖို့ အချိန်မရတဲ့အတွက် Body Language လက်ဟန် ခြေဟန်ကို မှန်းပြီး ကိုယ့်ဘာသာ နားလည်နိုင်အောင် လေ့ကျင့်ထားရပါတယ်။
အဲဒီ ကရင်အဘိုးကြီး လက်ညှိုးပြတဲ့ဘက်ဆီ ကျနော်တို့ ၃ ဦး တက်လာပြီး ထိုင်း-ကရင် ထောက်လှမ်းရေးက ကရင် ဘာသာနဲ့ တခုခု အော်ပြောလိုက်ပါတယ်။
ဗြုန်းဆို မျက်နှာဖုံး စွပ်ထားတဲ့ ကရင်ရဲဘော်တဦး လှံစွပ်ပါတဲ့ AK 47 ကိုင်ပြီး ကားလမ်းပေါ် ရောက်လာပါတယ်။ သူတို့ အချင်းချင်း ကရင်လို ပြောနေတာကို ကျနော်က နားမလည်ပြန်ပါဘူး။
“သူငယ်ချင်းက ကျောင်းသားအဖွဲ့က သတင်းထောက်လား။ ဒီမနက်ပဲ တိုက်ပွဲဖြစ်ပြီး ရန်သူခဏဆုတ်သွားလို့ ငါတို့ တပ်တွေ ဒီမှာရောက်နေတာ” လို့ အဲဒီ မျက်နှာဖုံးစွပ် ကရင် တပ်ကြပ်ကြီးက ပြောပါတယ်။ ပြီးတော့ ကားလမ်းဘေး ခြုံထဲက သွေးပေနေတဲ့ နဝတ စစ်ယူနီဖောင်းတွေကို လက်ညှိုး ထိုးပြပါတယ်။ အဓိပ္ပာယ်ကတော့ နဝတ တပ်တွေ အကျအဆုံး များစွာနဲ့ ဆုတ်သွားတယ်ဆိုတဲ့ သဘောပါ။ ဒီနေရာကနေ ကားလမ်းအတိုင်း ထောမမောနဲ့ မောထာဘက် သွားဖို့လွယ်ပေမယ့် ရှေ့မှာ နဝတ တပ်တွေ ပိတ်နေတာကြောင့် သွားခွင့်မရဘဲ ကျနော်တို့ ပြန်လှည့် လာခဲ့ပါတယ်။
နောက်တနေ့ မနက်မှာတော့ တဂိုလမ်းရွာကနေ မိုင်းဟောင်းတခုကို ကျော်ပြီး တောင်ပေါ်တက် သွားရတဲ့ လမ်းကနေ တောစီးဆိုင်ကယ် ၂ စီးနဲ့ ကျနော်တို့ ၃ ဦး တက်လာပြန်ပါတယ်။ တနာရီလောက် တက်ပြီးတဲ့အခါ အလွန်မြင့်တဲ့ နယ်စပ်တောင်ထိပ်ဆီ ရောက်လာပြီး အဲဒီမှာ အင်အား ၂၀ ခန့်ရှိတဲ့ တောချတော နယ်ခြားစောင့် တပ်စခန်းတခု ရှိပါတယ်။
ဒီစခန်းကနေ မြန်မာဘက် တောတန်းနဲ့ ရွာပျက်တခုလုံးကို လှမ်းမြင်နေရပြီး အဲဒါဟာ ထောမမော ဒေသလို့သိရပါတယ်။ နက်စောက်လှတဲ့ အဲဒီကုန်းဆင်းကနေ နာရီဝက်လောက် ဆက်မောင်းလိုက်တော့ ထောမမောရွာ အဝင်ဆီရောက်လာပြီး မီးလောင်ထားတဲ့ အိမ် ၁၀ လုံး ခန့်နဲ့ မီးလောင်နေဆဲ စပါးပုံကြီး တခုကို တွေ့ရပါတယ်။
ရွာသား တဦးစ နှစ်ဦးစက မီးလောင်နေတဲ့ စပါးထဲက မလောင်သေးတဲ့ စပါးတွေကို ရသမျှယူပြီး ထိုင်းဘက် သယ်ဖို့ပြင်နေ တာကိုလည်း တွေ့ရပါတယ်။
နောက်ထပ် နာရီဝက်လောက် ဆက်မောင်းတဲ့အခါ ထောမမော-မောထာ ကားလမ်းပေါ် ရောက်လာပြီး KNU စစ်ကြောင်းတွေနဲ့ တိုးပါတယ်။ ထိုင်းထောက်လှမ်းရေးတွေနဲ့ KNU တပ်တွေအကြား စက်နဲ့ အချိတ်အဆက် လုပ်ထားပြီး ဖြစ်ပုံရပါတယ်။ အားလုံး အေးအေးဆေးဆေးပါပဲ။ ကရင်စစ်သားတွေဟာ လမ်းဘေးက သစ်ပင်ကြီးတွေအောက် အရင်က ကျန်နေပုံရတဲ့ ယာယီဝါးတဲလေးတွေမှာ ခရီးပန်းလို့ ခဏ ထိုင်နေကြတာ တွေ့ရပါတယ်။
အဲဒီစစ်ကြောင်းရှေ့က အိမ်တလုံးမှာတော့ ခရိုင်အတွင်းရေးမှူး ပဒိုနီးနီနဲ့ အဖွဲ့ကို ကျနော် တွေ့ခွင့်ရခဲ့ပါတယ်။
“ခင်ဗျားကတော့ သတင်းထောက်ကြီး ဖြစ်နေပြီပေါ့။ ကျုပ်တို့ အခြေအနေကတော့ ဒီမှာ မြင်တဲ့အတိုင်းပဲ” ဆိုပြီး ပြောပါတယ်။
အဲဒီအချိန် ကျနော် ဆင်မြန်းထားတဲ့ ဝတ်စုံက ထိုင်းအရပ်သား ဝတ်စုံဖြစ်ပြီး Pentax ကင်မရာကို လည်ပင်းမှာဆွဲ၊ ရေဒီယို၊ ရီကော်ဒါ၊ လက်နှိပ်ဓာတ်မီး အသေးစားနဲ့ တိုလီမိုလီပါတဲ့ စစ်ရောင် အိတ်အသေးစား တလုံးကို စလွယ်သိုင်း၊ ပြီးတော့ ပင်လယ်ပြင်စစ်ကြောင်း ခေတ်က ကျန်နေတဲ့ လက်ကိုင် တယ်လီဖုန်း တလုံးကို ခါးကြား ချိတ်ထားတယ်ဆိုတော့ ပဒိုနီးနီ မျက်စိ နောက်နေပုံရပါတယ်။
ပဒိုနီးနီနဲ့ စကားပြောပြီးတဲ့နောက် ကိုဌေးအောင်တို့ တပ်ဖွဲ့ရှိတဲ့အရပ်ဆီ ကျနော်လိုက်ရှာတော့ စမ်းချောင်းဘေး တနေတရာမှာ တွေ့ရပါတယ်။ ကိုဌေးအောင်နဲ့အတူ ကိုဆလိုင်း ယောအောင်တို့တပ်ဖွဲ့၊ မဟာမိတ် ဆက်ဆံရေး တာဝန်ခံ ကိုအောင်သန်းကြီး၊ နောက် ဆက်သွယ်ရေးနဲ့ ဆေးတပ်ဖွဲ့ ပါဝင်တဲ့ ရုံးအဖွဲ့ တခုလုံး အင်အား ၃၀ ဝန်းကျင် ရှိနေဆဲလို့ ထင်ပါတယ်။
ဗလဖ အဖွဲ့ဝင် ကိုသောင်းထွန်း ဦးဆောင်တဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းတခု စော်လ၀ ချောင်းဖျားဘက်ဆီ ချီတက်ပြီး
စခန်းနေရာသစ် ရှာနေတယ်လို့ ထင်ရပါတယ်။ တခါ တပ်ရင်း ထောက်လှမ်းရေးမှူး ကိုဇော်သန်း ဦးဆောင်တဲ့ အင်အား ၂၀ ကျော် စစ်ကြောင်းတခုနဲ့ တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးဆောင်တဲ့ အင်အား ၃၀ ဝန်းကျင် နောက်ထပ် စစ်ကြောင်း
တခုတို့က တနင်္သာရီ မြစ်ကိုဖြတ်ပြီး ကစီထာကနေ ငါးတက်-ပြည်ခြား (အရင် နိုင်ငံခြား သတင်းထောက်တဦးနဲ့အတူ ကျနော်တို့ သွားခဲ့တဲ့ လမ်းအတိုင်း) ဘက် ဆင်းသွားတယ်လို့ သိရပါတယ်။
ကိုဌေးအောင်နဲ့ ရုံးအဖွဲ့ကတော့ KNU တပ်မဟာ ၄ က ဌာနချုပ် တပ်တွေနဲ့အတူ တဖြည်းးဖြည်းချင်း အောက်ဘက်ဆီ ဆုတ်ဆင်းနေပြီး မယ်ဖျာခီးဒေသ သို့မဟုတ် စောလ၀ ချောင်းဖျားဒေသ ဝန်းကျင်က သတ်မှတ်နေရာသစ်ဆီ ရောက်အောင် သွားဖို့ ပြင်နေတယ်လို့ ကျနော်နားလည်ခဲ့ပါတယ်။ အဲဒီ အချိန်ဟာ ၁၉၉၇ ဧပြီလ အစောပိုင်း သင်္ကြန်မကျခင်လေးလို့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။ God Army နဲ့ နာမည်ကြီးတပ်မှူး ၂ ဦးကတော့ ထောမမောဘက်ကနေ အမာရာဘက် ရောက်နေတဲ့အတွက် ကျနော် တွေ့ခွင့် မရလိုက်ပါဘူး။
အကျအဆုံး များလွန်းတဲ့ မင်းသမီးခွာစစ်
စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်၊ သူသေကိုယ်သေ နွှဲရတဲ့ပွဲမှာ အတွက်အချက် တကွက်မှားတာနဲ့ ခံသွားရ နိုင်ပါတယ်။
ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်းခွာစစ် လမ်း ၃ သွယ် စီမံကိန်းအရ ဖြန့်ခွဲလိုက်တဲ့ ကျနော်တို့ တပ်တွေဟာ
တကွဲတပြားစီ ဖြစ်သွားပြီး နဝတ တပ်တွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံလိုက်ကြရပါတယ်။
ပထမဆုံး ခံလိုက်ရတဲ့ အဖွဲ့ကတော့ စစ်ပွဲ မဖြစ်ခင် လေးမှာတင် ပင်လယ်ပြင်ထဲ ဆင်းသွားတဲ့ တပ်ရင်းမှူး ကိုချစ်ကိုကိုတို့ စစ်ကြောင်းကနေ ရှေ့တန်းမှာ ကျန်နေခဲ့တဲ့ တပ်စုမှူး စောပိုလို ဦးဆောင်တဲ့ တပ်စိပ်ဖြစ်ပါတယ်။ စစ်မဖြစ်ခင် တနင်္သာရီမြစ်အတိုင်း စုန်ဆင်းသွားတဲ့ ဒီအဖွဲ့ဟာ ကော့မပြင်း၊ သကျက်ကနေ တပ်ရင်းမှူးနဲ့အဖွဲ့ ပင်လယ်ပြင်ထဲ ဆင်းသွားပေမယ့် စောပိုလိုနဲ့ တပ်စိတ်တစိပ်က တခြားတာဝန်တခုနဲ့ ပပြင်ခွင်မှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးစက်က တပ်ရင်းမှူးနဲ့အတူ ပါသွားတဲ့အတွက် စက်မရှိဖြစ်နေတဲ့ စောပိုလိုဟာ ဆက်သွယ်ရေးစက် ရမယ်ဆိုပြီး ပပြင်ကနေ ကစီထာဘက် တက်လာစဉ် စော်လဝချောင်း၀ အနီးရှိ ကျောက်လုံးကြီးရွာမှာ ပစ်သတ် ခံလိုက်ရတယ်လို့ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။ စောပိုလိုဟာ မင်းသမီးခွာစစ်အတွင်း ပထမဆုံး ကျဆုံးသူဖြစ်ပြီး အချိန်ကတော့ ၁၉၉၇ မတ်လအတွင်းမှာ ဖြစ်ပါတယ်။
ဒုတိယ ကျဆုံးတဲ့အုပ်စုကတော့ တပ်ရင်းမှူး ချစ်ကိုကို ကိုယ်တိုင်ဦးဆောင်တဲ့ ပင်လယ်ပြင် တပ်ခွဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ကျွန်းစုမြို့နယ် ကပကျွန်းမှာဖြစ်ပြီး အချိန်ကတော့ ၁၉၉၇ မေလ အတွင်းမှာဖြစ်ပါတယ်။
တပ်ရင်းမှူး ချစ်ကိုကိုနဲ့အတူ ဒု တပ်စုမှူး ကိုသန်းကြည်၊ ဆက်သွယ်ရေးမှူး ကိုစစ်နိုင်၊ ပါးမဲ ခေါ် ဘုန်ကြီးသိန်းရွှေ၊ ဘမြင့် ခေါ် ဦးရင်၊ သီဟ၊ စိုးစိုး၊ အာနိုး၊ ရွှေတင်၊ အပါအဝင် ရဲဘော် ၉ ဦး ကျဆုံးသွားခဲ့ပါတယ်။
နဝတရဲ့ထိုးစစ်ဟာ အလွန်ပြင်းထန်ပြီး အင်အားအလွန်အကျွံ သုံးခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို နဝတတပ်တွေဟာ ဆင်ဖြူတိုင်နဲ့ ဘန်းချောင်းဘက်ကနေ စစ်ကြောင်း ၂ ကြောင်းတည်း ဆင်းလာတာမျိုး မဟုတ်ဘဲ တနင်္သာရီနဲ့ မြိတ်ဘက်ကနေလည်း တနင်္သာရီမြစ်ကြောင်း တလျှောက် စစ်ကြောင်းကြီးတခု တက်လာပြီး KNU တပ်မဟာ ၄ ဒေသကို အပေါ် အောက် ညှပ်ပြီး အပြတ်ရှင်းတဲ့ သဘောလို့ ယူဆရပါတယ်။ တချိန်တည်းမှာပဲ ကမ်းဦး ရေတိမ်ပိုင်းနဲ့ ပင်လယ်ထဲက ကျွန်းတွေကိုလည်း တပြိုင်တည်း စစ်ဆင်ရေး ဝင်ခဲ့တာ ဖြစ်ပါတယ်။
“ရန်သူအနေနဲ့ တနင်္သာရီ တိုင်းတခုလုံးကို တပြိုင်နက်တည်း ပိုက်စိပ်တိုက် ထိုးစစ် မဆင်နိုင်ဘူးလို့ ငါသုံးသပ်ခဲ့တာ မှားသွားတယ်” လို့ စစ်ဒေသ တာဝန်ခံ ကိုဌေးအောင်က ဒီဆောင်းပါးရေးဖို့ မေး မြန်းစဉ်အတွင်း ကျနော့်ကို ပြောပြပါတယ်။
အကျအဆုံး စာရင်းကို ဆက်ပြောရမယ်ဆိုရင် ထောက်လှမ်းရေး အရာရှိ ကိုဇော်သန်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းမှာ ပိတ်ဆို့တိုက်ခိုက် ခံလိုက်ရပြန်ပါတယ်။ အချိန်ကတော့ ၁၉၉၇ အောက်တိုဘာလ အတွင်းဖြစ်ပြီး ကိုဇော်သန်းနဲ့အတူ တပ်စုမှူး ကိုလေး၊ ကိုတိတ်၊ ဘငြီး ခေါ် ထွန်းသိန်း၊ အရှည်ကြီး အေးဝင်း၊ ဆေးမှူး အောင်ကျော်မိုးနဲ့ စောလွင်အပါအဝင် ရဲဘော် ၇ ဦး ကျဆုံးသွားပါတယ်။
ပင်လယ်ပြင်ဘက်မှာ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေသလို တနင်္သာရီ မြစ်နဲ့ ထိုင်းနယ်စပ်တကျော အကြားမှာလည်း တိုက်ပွဲတွေက ပြင်းထန်ခဲ့ပါတယ်။
ရှေ့မှာ တင်ပြခဲ့တဲ့ ထောမမော-ထောမဖြိုးဒေသ ကိုဌေးအောင်တို့ ရုံးအဖွဲ့ကနေ ထွက်ပြီး နေရာသစ် ရှာဖို့အတွက် တာဝန်ပေးခြင်း ခံရသူ ဗလဖ အဖွဲ့ဝင် ကိုသောင်းထွန်းနဲ့ အင်အား ၃၀ ခန့် စစ်ကြောင်းတခုဟာ တနင်္သာရီမြစ်နဲ့ စော်လ၀ ချောင်းဆုံရာ ကျောက်လုံးကြီးရွာ ဝန်းကျင်မှာ နဝတ စစ်ကြောင်းရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံခဲ့ရပြန်ပါတယ်။
အဲဒီ တိုက်ပွဲအတွင်း ကိုတင်ထွန်း ဒဏ်ရာနဲ့ လွတ်မြောက်လာပြီး ခွဲအရာခံဗိုလ် ကိုဖိုးချိုကတော့ ဒဏ်ရာနဲ့ အရှင်ဖမ်း ခံလိုက်ရပါတယ်။
နောက်ဆုံးမှာတော့ ရိက္ခာကလည်းပြတ်၊ ခဲယမ်းကလည်း ပြတ်၊ မဟာမိတ်နဲ့လည်း အဆင်မပြေ ဖြစ်ခဲ့တဲ့ အတွက် ရှေ့ဆက်သွားဖို့ ဘယ်လိုမှမလွယ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ဒီလိုနဲ့ သေနတ်တွေကို မြေကြီးထဲ တွင်းတူးမြှုပ်ထားခဲ့ပြီး ထိုင်းနယ်မြေထဲ အရဲစွန့် ထွက်လာစဉ် ထိုင်းနယ်ခြားစောင့် တပ်ရဲ့ ဖမ်းဆီးခြင်းကို အင်အား ၂၃ ဦးရှိတဲ့ သူတို့တဖွဲ့လုံး ခံလိုက်ရတယ်လို့ ကိုသောင်းထွန်းနဲ့ ကိုရဲမင်းအောင်တို့က ပြောပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုဌေးအောင်နဲ့အတူ ကျန်နေတဲ့ ရုံးအဖွဲ့က ဆေးမှူး ကိုမိုးဇော်အောင်နဲ့ တခြား ရဲဘော်တဦးဟာလည်း ထိုင်းနယ်မြေထဲက ဖုမဝမ် ဒုက္ခသည်စခန်းရောက် ဆရာအောင်မြင့်တို့အဖွဲ့နဲ့ ဆက်သွယ်ဖို့ဆိုပြီး ထွက်လာစဉ် ထိုင်း နယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြန်ပါတယ်။