အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဆင်မပြေဖြစ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ လိုင်ဇာ ဗဟိုဌာနချုပ်အနီး အစိုးရတပ်များ တပ်အင်အားနှင့် စစ်လက်နက်ခဲယမ်းများ တိုးချဲ့လာကြောင်း သတင်းရရှိသည်။
လိုင်ဇာဌာနချုပ်နှင့် ၇ မိုင်ခန့်အကွာရှိ အစိုးရတပ်စခန်းများတွင် အဝေးပစ် ၈၀ မမ၊ ၁၂၀ မမ အမြှောက်လက်နက်များအပါအဝင် တပ်အင်အား၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းမှုရှိနေကြောင်း KIA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒိမိုကရက်တစ် တပ်ဦး ABSDF ကပြောသည်။
“လိုင်ဇာဌာနချုပ်ရဲ့ အရှေ့တောင်ဘက်နဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ အစိုးရတပ်ရင်တွေက အရင် တပ်စုတစ်စုကို ၃၀ လောက်နဲ့ ထိုင်ထားတာ၊ ဒီလပိုင်းထဲမှာ အဲဒီနေရာတွေကို တပ်ရင်းတရင်းစာ တရာကျော်လောက်ထိ ဖြည့်လာတယ်၊ လက်နက် ကြီးတွေလည်း ဖြည့်ထားတဲ့အတွက် ကျနော်တို့လည်း မျက်ခြေမပျက်စောင့်ကြည့်နေကြရတယ်” ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်း က ဧရာဝတီသို့ ပြောသည်။
ယင်းသို့ အင်အားဖြည့်တင်းမှုများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ယခင် လကုန်ပိုင်းက ရွှေလီ ဆွေးနွေးပွဲအပြီး ပိုမိုဖြည့်တင်းလာခြင်းဖြစ်ပြီး ယင်းသို့ ဖြည့်တင်းနေမှုများကို KIA နှင့် ABSDF ပူးပေါင်းတပ်များက မကြာခဏ ကြားဖြတ် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ကြောင်းသိရသည်။
လိုင်ဇာဌာနချုပ်၏ ၁၀ ဝန်းကျင်အတွင်းတွင် အစိုးရတပ်များဖြစ်သော စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၃၊ စကခ ၂၁ နှင့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများတိုးချလာခြင်း ဖြစ်ပြီး ယင်းအခြေအနေကို KIA နှင့် ABSDF တို့ကလည်း အသင့်အနေအထားပြင်ဆင်၍ စောင့်ကြည့်နေကြကြောင်း စုံစမ်း သိရှိရသည်။
အလားတူ KIA တပ်မဟာ ၂ လက်အောက်ခံတပ်ရင်းများ အခြေစိုက်ရာ ဖားကန့်မြို့နယ် ထဲတွင်လည်း အစိုးရတပ်များ အင်အား တိုးချဲ့မှုရှိနေပြီး နှစ်ဖက်တပ်များ တင်းမာမှုများ ဖြစ်နေကြောင်း၊ ယမန်နေ့က အစိုးရတပ်များသည် ဖားကန့် ဗျူဟာ ကုန်းပေါ်မှ နေ၍ ၁၂၀ မမ၊ ၁၀၅ မမ လက်နက်များနှင့် KIA တပ်ရင်းများရှိရာဘက်သို့ ၈ ကြိမ်ပစ်ခတ်ခဲ့ကြောင်း KIA ရှေ့တန်း စစ်မြေပြင် တာဝန်ရှိသူ များထံမှ စုံစမ်းသိရှိရသည်။
“တိုက်ပွဲတွေကဖြစ်လာနိုင်တယ်၊ ဒီအတွက်လည်း သူတို့က တပ်အင်အား၊ လက်နက်ခဲယမ်းအင်အားတွေဖြည့်နေတာ၊ ကျနော် တို့ကတော့ အသင့် အနေအထား စောင့်ကြည့်နေတာပေါ့၊ မနေ့ကလည်း ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ လှမ်းထုပြီး ရန်စနေတာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ခွဲမှူး ဗိုလ်ကြီး ဦးလဒွဲ က ဧရာဝတီသို့ပြောသည်။
ဖားကန့်မြို့နယ်အတွင်း၌ အစိုးရတပ်များနှင့် KIA တို့အကြား ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံခဲ့ကြရသးသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား ၂၀၁၁ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသော စစ်ပြေးဒုက္ခသည် ယခုအချိန်တွင် ၆၃၀၀၀ ကျော်ရှိပြီး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ မြို့နယ်များတွင် ဒုက္ခသည် ၃၄၀၀၀ ကျော် ရှိကြောင်း ကချင်ဒုက္ခသည် စခန်းများကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆား က ပြောသည်။
“ဟိုတစ်နေ့က ရွှေလီမှာအစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တချို့ဒေသခံတွေကစောင့်ကြည့်ကြတယ်၊ အဆင်ပြေသံ မကြားတော့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်ဆိုပြီး ထွက်ပြေးလာတဲ့လူတွေလည်းရှိတယ်” ဟု ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။
အဆိုပါဒုက္ခသည်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကို KIO နှင့် ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံတကာရောက် အလှူရှင်များနှင့် ပုဂ္ဂလိက အလှူရှင်များက လှူဒါန်းပံ့ပိုးပေးကြောင်း သိရသည်။ ယခုအခါ ချီဖွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် ကလေးများဝက်သက်ရောဂါဖြစ်ပွားနေပြီး ထိန်းချုပ်နိုင်ရန် KIO ဆေးအဖွဲ့က ဆောင်ရွက်နေလျက်ရှိသည် ဟု ဦးဒွဲပီဆား က ပြောသည်။