ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာဆေးရုံတွင် ဆေးကုသမူ ခံယူနေသည့် မြန်မာ့တပ်မတော်သား နောက်တဦး ဇန်နဝါရီလ ၅ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဒု-တပ်ကြပ် ရဲဇော်ဟု စုံစမ်းသိရှိရပြီး ၂၀၁၂ ဒီဇင်ဘာလ ၁၄-၁၅ ရက်တွင် ဖြစ်ပွားခဲ့သည့် လဂျားယန် တိုက်ပွဲတွင် ကျန်ရစ်ခဲ့သူ ၇ ဦးအနက်မှ တဦးဖြစ်သည်။
ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း ၁၆ နှစ်အရွယ် အောင်အောင် အမည်ရှိ တပ်သားတဦး ဒဏ်ရာပြင်းထန်သဖြင့် ကွယ်လွန်သွားခဲ့သည်။
ယခုထပ်မံ သေဆုံးသူမှာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် လိုင်ဇာပြည်သူ့ဆေးရုံသို့ ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း ဆေးရုံ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
“ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ခွဲစိတ်ပါတယ်။ အူမကြီး၊ ရင်ခေါင်းက အစအနတွေ ထုတ်ပါတယ်” ဟု ဆေးရုံတာဝန်ခံက ဆိုသည်။ ဒဏ်ရာပြင်းထန်သဖြင့် ဝမ်းဗိုက်တခုလုံးဖောယောင်ကာ အစာမစားနိုင်သဖြင့် အရည်သာ တောက်လျောက် စားသုံးခဲ့ရကြောင်းလည်း ဆိုသည်။ “ စကားတောင် မပြောနိုင်လို့ စာရေးပြီး ပြောရပါတယ် ” ဟု ဆေးရုံတာဝန်ခံက ပြောသည်။
သေဆုံးသူများကို ဒုက္ခသည်များ နာရေးဆောင်ရွက်ပေးသည့်အဖွဲ့က မြုပ်နှံပေးခဲ့ကြောင်း သိရသည်။
ဆေးရုံသို့တက်ရောက်နေသည့် အခြားတပ်မတော်သားတဦးမှာ ခြေထောက်တွင် စတီးချောင်းထည့်သွင်းထားပြီး အခြေအနေ ကောင်းမွန်လျက်ရှိပြီး လဂျားယန်တိုက်ပွဲတွင် ကျောင်းသားတပ်မတော်က ခေါ်ယူလာသည့် စစ်မြေပြင်တွင်ကျန်ရစ်သည့် မြန်မာ့တပ်မတော်သား ၄ ဦးမှာလည်း အခြေအနေကောင်းမွန်လျက်ရှိကြောင်း ကျောင်းသားတပ်မတော်က ပြောသည်။
လိုင်ဇာတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော မြန်မာ့တပ်မတော်သားများ၊ ရဲဝန်ထမ်းများ၊ ကလေးစစ်သားများ ၃၀ ကျော်ကာ မြန်မာအစိုးရဘက်သို့ ပြန်လည်လွဲပြောင်းပေးရန် ၈၈ မျိုးဆက်ကျောင်းသားများမှ တဆင့် ကေအိုင်အေက ကြိုးပမ်းလျက်ရှိပြီး အစိုးရကလည်း ခေါ်ယူရန် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မကြာမီက လိုင်ဇာသို့သွားရောက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးမြအေးက “ကေအိုင်အေဘက်က ဒီ သုံ့ပန်းတွေကို ပြန်အပ်ချင်တယ်ဆိုတာ တိတိပပ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာ့တပ်မတော်သားများအပါအဝင် ရဲတပ်သားများ စသည့် သုံ့ပန်းများကို ပြန်ခေါ်သွားရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကိုလည်း အကြောင်းကြား ဆက်သွယ်ခဲ့ကြောင်း တပါတည်း ပြန်ခေါ်လာရေး အဆင်မပြေခဲ့၍ ခေါ်မလာနိုင်ခဲ့ကြောင်းလည်း ဦးမြအေးက ဆိုသည်။