အစိုးရ တပ်မတော်အနေဖြင့် စစ်တပ်ပိုင် စီးပွားရေး၊ စီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆) နှစ်အထိ ၅ နှစ် စီမံကိန်းများအတွက် ရေးဆွဲထားရာတွင် စစ်တပ်၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအများအပြား ပါဝင်နေခြင်းကြောင့် စစ်တပ်အနေဖြင့် စီးပွားရေး မလုပ်သင့်တော့ကြောင်း ယမန်နေ့က အကြံပြုဆွေးနွေးခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဧရာဝတီသို့ ပြောသည်။
တပ်မတော်သည် ကာကွယ်ရေး ဘတ်ဂျက်အပေါ် မီခိုခြင်း မရှိစေရန် တိုင်းစစ်ဌာနချုပ်များရှိ တပ်ရင်းများ၊ တပ်ခွဲများသည် တအုပ်တမ စီးပွားရေးလုပ်ငန်းမှ တနိုင်ငံတပိုင်အထိ မိမိတို့တပ်ရင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများ လုပ်ကိုင်ကြရန်အတွက် တပ်မတော်၏ အကျိုးစီးပွား လုပ်ငန်းများကို ပဉ္စမ ၅ နှစ် ကာလတို စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားသည်။
ထို့အတူ တမျိုးသားလုံး၏ အသားတင်ကုန်ထုတ်လုပ်မှု တန်းဖိုး (GDP) တိုးတက်ရန်အတွက် သားငါးကဏ္ဍနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်များ အနေဖြင့် ဆောင်ရွက်ရေး စီမံကိန်းများ ချမှတ်အကောင် အထည်ဖော်ရန်လည်း လမ်းညွှန်ထားသည်။
တပ်မတော်၏ စီးပွားရေး လုပ်ငန်းများအတွက် ပြည်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို တနိုင်ငံလုံးနီးပါးတွင် သိမ်းယူထားကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဒုက္ခဆင်းရဲ ခံနေကြရခြင်း၊ အလုပ်လက်မဲ့ဖြစ် ပွားနေခြင်း စသည့် အကျိုးဆက်များ ခံစားနေရကြောင်း၊ ထို့ကြောင့် စစ်တပ်အနေဖြင့် ပြည်သူကို အကျိုးမပြုသည့် လုပ်ငန်းများကို မလုပ်ဆောင်သင့်ကြောင်း ဒေါက်တာ ဗညာအောင်မိုးက ပြောသည်။
“စစ်တပ်ဆိုတာ စီးပွားရေး လုပ်စရာ မလိုဘူး။ လက်ရှိလုပ်နေတဲ့ စစ်တပ်စီးပွားရေး လုပ်ငန်းတွေဟာလည်း အရာရှိတွေပဲ အကျိုးခံစားရပြီးတော့ ရဲဘော်တွေ မခံစားရဘူး။ စီးပွားရေးလုပ်ငန်း မရှိရင် စစ်တပ်အသုံးစရိတ်ကို အစိုးရက တာဝန်ယူ ဖြေရှင်းပေးရမှာပေါ့။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်ကြတာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်တပ်ပိုင် စီးပွားရေးဦးပိုင် လီမီတက် အပါအဝင် စစ်တပ်က လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများမှ ရရှိသော ဝင်ငွေများကိုလည်း နိုင်ငံတော် ဘတ်ဂျက်တွင် ထည့်သွင်းပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ဆွေးနွေးခဲ့သည်။
“လိုက်နာတာ မလိုက်နာတာ သူတို့အပိုင်းပေါ့။ ကျနော်က ပြည်သူချစ်တဲ့၊ ပြည်သူအားထားရတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်စေချင်လို့ပါ။ အရင်က အမူအကျင့်တွေ မရှိစေချင်တော့ဘူး။ ခေတ်လည်းပြောင်းနေပြီ။ ပြည်သူသည်သာ အမိ၊ ပြည်သူသည်သာ အဖ ဆိုတာမျိုး ဖြစ်သင့်ပြီ” ဟု ဒေါက်တာ ဗညားအောင်မိုးက ဆိုသည်။
တပ်မတော်အား အဂတိလိုက်စားမှု မရှိရေး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဟူသော စကားကို ပယ်ဖျက်ရေး၊ ပြည်သူ့အကျိုးစီးပွား ထိခိုက်မည့် ကိစ္စများ မလုပ်ဆောင်ရေး၊ ပြည်သူကို ကာကွယ်ပေးရေး၊ ပြည်ထောင်စု တပ်မတော်ဖြစ်ရေး စသည့် အချက်များကို ထောက်ပြဆွေးနွေးရာ စစ်တပ်ကိုယ်စားလှယ်များက တုံ့ပြန်ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။
ဒေါက်တာ ဗညားအောင်မိုး၏ ထောက်ပြဆွေးနွေးမှုများသည် အများပြည်သူ ကောင်းမွန်ရေးအတွက် ပြောဆိုမှုဖြစ်၍ လက်ခံသင့်ကြောင်း၊ သို့သော် စစ်တပ်က မည်မျှလိုက်လျှော လက်ခံပေးမည်ကို စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုသည်။
တပ်မတော်သည် တပ်တွင်းမိသားစုများ စားဝတ်နေရေးအတွက် တနိုင်တပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သည်ကို နားလည်ပေးသင့်သော်လည်း ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူများ၏ ပိုင်ဆိုင်သည့် လယ်မြေများကို အဓမ္မ သိမ်းယူခြင်းကို လက်မခံကြောင်း၊ ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် တနိုင်ငံလုံးမှ သိမ်းယူထားသည့် လယ်ယာ၊ ဥယာဉ်ခြံမြေများကို မူလပိုင်ရှင် ပြည်သူများထံ ပြန်ပေးရေးအတွက် လွှတ်တော်က ကြိုးပမ်းသွားမည်ဟု ဦးဘရှိန်က ဆိုသည်။
စစ်တပ်သည် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်နေသည့်အပြင် နိုင်ငံတော် ဘတ်ဂျက်၏ ရာခိုင်နုန်း ထက်ဝက်နီးပါးကိုလည်း သုံးစွဲနေခြင်းကြောင့် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ဦးနေဝင်းအစိုးရ လက်ထက်မှ နဝတ၊ နအဖ အစိုးရအဆင့်ဆင့် သုံးစွဲခဲ့သည့် စစ်တပ်အသုံးစရိတ်သည် နိုင်ငံတော် ဘတ်ဂျက်၏ ထက်ဝက်နီးပါး ရှိသော်လည်း ပြည်သူထံ တရားဝင် ထုတ်ပြန်ကြေညာမှု မရှိခဲ့ပေ။ ပြီးခဲ့သည့် ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာာရေးနှစ်တွင် စစ်သုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာ ခိုင်နှှုန်းသုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ၂၁ ရာခိုင်နှုန်း တောင်းခံထားကြောင်း သိရသည်။