ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၃၁) ၌ ပြီးခဲ့သည့် ကြာသပတေးနေ့ ညပိုင်းက တပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။
တပ်တွင်းစည်းရုံးရေး ကိစ္စများနှင့် ပတ်သက်ပြီး စကားများရာမှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး ပြည်စုံအောင်က သေနတ်နှင့် ပစ်ခတ်ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ လည်ပင်း၌ ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။
“တပ်ရင်းမှူး အိမ်မှာ စကားများရင်းက တပ်ရင်းမှူးက ပါးရိုက်လိုက်တာမှာ ဌာနချုပ် တပ်ခွဲမှူးက သေနတ်ထုတ်ပြီး နှစ်ချက်က မိုးပေါ်ထောင်ပစ်တယ်၊ တချက်က တပ်ရင်းမှူးကို တည့်တည့်မှန်တယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ဗိုလ်မှူး ပြည်စုံအောင် ကိုယ်တိုင် သေနတ်ထိမှန်ထားသည့် တပ်ရင်းမှူးကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီးနောက် အဖမ်းခံခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
တာချီလိတ် အွန်လိုင်း သတင်းတွင်လည်း သေဆုံးသူ ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ရုပ်အလောင်းအား ယမန်နေ့က ခွဲစိပ် စစ်ဆေးကြောင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း ရေးသားထားသည်။
ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် တနင်္လာနေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။