ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက အများပြည်သူ မြင်ကွင်းတွင် ဆေးရောင်စုံသုံး၍ စာလုံး၊ ရုပ်ပုံ များ ရေးခြယ်ခြင်းကို အရေးယူမည်ဟု ထုတ်ပြန်လိုက်ခြင်း အပေါ် ပန်းချီဆရာများနှင့် ဂရပ်ဖတီရေးဆွဲသူ လူငယ်များက လက်မခံကြသည့် အပြင် ဂရပ်ဖတီ ဆွဲနိုင်မည့် ဧရိယာတခု သတ်မှတ် ပေးစေလိုကြောင်း ပြောဆိုကြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ) အရ အရေးယူမည်ဟူသော အဆိုပါ ဥပဒေကို ဒီဇင်ဘာလ ၃ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။
“အခုလို ဥပဒေ ထုတ်ပြန်လိုက်တာက တချို့စာလုံးတွေ၊ ရုပ်ပုံတွေက မြို့ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အပြင် မြို့တော် သန့်ရှင်းသာယာရေးကိုပါ ထိခိုက်စေလို့ပါ” ဟု ရန်ကုန် စည်ပင် သာယာရေး ကော်မတီမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာန တာဝန်ရှိသူတဦးက ပြောသည်။
၎င်း အမိန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ အများပြည်သူ၏ မြင်ကွင်းများတွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲခြင်း ပြုလုပ်မည်ဆိုပါက မည်သူမဆို ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုဥပဒေသည် ဒဏ်ငွေ ကျပ် ၃ သောင်းမှ ၃သိန်းအထိနှင့် ထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်မည်ဖြစ်ပြီး ချမှတ်ထားသည့် ဥပဒေကို ဆက်လက် ဖောက်ဖျက်မည်ဆိုပါက နေ့စဉ် ဒဏ်ကြေး ကျပ် ၁ သောင်းမှ ၅ သောင်းအထိ ကောက်ခံ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အမိန့် ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ မနှစ်ခြိုက်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကန့်သတ် ချုပ်ချယ်လိုက် သကဲ့သို့ ဖြစ်သွားသောကြောင့် မလွတ်လပ်တော့ကြောင်း ဂရပ်ဖတီ ရေးဆွဲသည့် လူငယ်များက ပြောသည်။
“ကျနော်တို့ အခုလို ဂရပ်ဖတီ ဆွဲတယ်ဆိုတာက ဘယ်သူ့ကိုမှ ထိခိုက်အောင်ဆိုပြီး၊ တဦးတယောက်ကို နစ်နာပါစေ ဆိုပြီး ရည်ရွယ် ဆွဲတာ မဟုတ်ဘူးလေ။ အခုလို ဥပဒေ ထုတ်လိုက်တော့ ကျဉ်းကျပ်သွားတယ်လို့ ခံစားရတယ်။ ကျနော်ကတော့ ဒီဥပဒေကို လက်မခံနိုင်ဘူး” ဟု ဂရပ်ဖတီရေးဆွဲသည့် လူငယ်တဦးက ပြောသည်။
၎င်းဥပဒေ ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၌ ဥပဒေ မငြိမ်ခြင်း၊ ဥပဒေ အတည်တကျ မရှိခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ ဥပဒေ အမျိုးမျိုး ပြောင်းနေခြင်း ဖြစ်သည်ဟု မော်ဒန်ပန်းချီဆရာ ကဲဆုသာက ဆိုသည်။
“ဥပဒေကို ပါးစပ်ကနေ အမျိုးမျိုး လုပ်နေတယ်။ ဒါကြောင့် အခုလိုတွေဖြစ်နေတာ၊ အကယ်၍သာ ဥပဒေက ခိုင်ခိုင်မာမာ ရှိနေမယ်ဆိုရင် အခုလို ဖြစ်နေစရာအကြောင်းတွေ မရှိပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ယခုကဲ့သို့ ဂရပ်ဖတီ ဆွဲခြင်းအား တားမြစ်သည့် ဥပဒေ ထုတ်ပြန်ခြင်းကို မတရားသည့် အမိန့်ဟု မြင်ကြောင်းလည်း သူက ဆိုသည်။
“ဒီလိုအမိန့်ထုတ်တာကို ကျနော့် အနေနဲ့တော့ မတရားဘူးလို့မြင်တယ်။ သူတို့ လုပ်ချင်တာ လိုက်လုပ်နေတယ်လို့ပဲ မြင်တယ်” ဟု ပန်းချီ ကဲဆုသာက ဆက်ပြောသည်။
ဂရပ်ဖတီရေးဆွဲသည့် လူငယ်အများစုကမူ ထို ဥပဒေထုတ်ခြင်းအား မနှစ်သက် ကြသကဲ့သို့ လိုက်နာမည် မဟုတ်ကြောင်း ပြောကြသည်။
“အိုဘားမားပုံ ဆွဲတုန်းကတော့ ဘာလို့မဖမ်းလဲ၊ အိုဘားမားပုံ မို့လို့၊ အိုဘားမားကို ကြိုဆိုတာ မို့လို့လား။ ဒါဆို အိုဘားမားကို ကြိုဆိုတာမဟုတ်ဘဲ အိုဘားမားလာတာကို ကန့်ကွက်တဲ့ပုံ ဆွဲမယ်ဆိုရင်ကော ဘာလုပ်မှာလဲ။ အားလုံးကို တသမတ်တည်း ရှိစေချင်တယ်။ ဖမ်းမယ်ဆို အားလုံးကိုဖမ်းပါ” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ ဂရပ်ဖတီရေးဆွဲသူ လူငယ်တဦးက ပြောသည်။
ထိုသို့ ဂရပ်ဖတီရေးဆွဲကြသူ များထဲတွက် ပြည်တွင်းရှိ လူငယ်များသာမက ပြည်ပမှ အလည်အပတ် လာကြသော နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရသည်။
“ဒီလို ညဘက်တွေ ခိုးဆွဲတယ်ဆိုတာ နိုင်ငံခြားတွေမှာလည်း ရှိတာပဲ။ ကိုယ့်အနုပညာကို ကိုယ်ဖော်ပြတာလေ။ နောက်ပြီး အပြင်မှာ ဖြစ်ပျက်နေတာတွေကို အစိုးရကသိအောင် ရေးဆွဲကြတာမျိုးလည်း ရှိပါတယ်” ဟု ဂရပ်ဖတီရေးဆွဲသူ ကိုသားချိုက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာက ယခုကဲ့သို့ ဂရပ်ဖတီဆွဲခြင်းကို တားမြစ်သည့် ဥပဒေ ထုတ်ပြန်ခြင်းသည် အိုဘားမားပုံ ဂရပ်ဖတီ ရေးဆွဲခြင်းနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ပန်ချီဆရာတချို့နှင့် ဂရပ်ဖတီရေးဆွဲသူ လူငယ်များက သုံးသပ်ပြောဆို ကြသည်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ မလာခင်ရက်ပိုင်းက အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီကို ကိုအာကာက ရေးဆွဲခဲ့ပြီး ၂၄ နာရီအတွင်း ယင်းပုံ ဖျက်ဆီးခံခဲ့ရသည်။
ထိုသို့ ဂရပ်ဖတီ ဆွဲခြင်းကို ပိတ်ပင်သည့် ဥပဒေသည် တခြားနိုင်ငံများတွင် ရှိသော်လည်း ဂရပ်ဖတီ ရေးဆွဲသည့် အနုပညာရှင်များ ဘက်က ကြည့်မည်ဆိုပါက ကန့်သတ်လိုက်သကဲ့သို့ ခံစားမိကြောင်း၊ ဂရပ်ဖတီရေးဆွဲသည်ကို တားမြစ်သည့် ဥပဒေ ထုတ်ပြန်သကဲ့သို့ အစိုးရအနေဖြင့် ဂရပ်ဖတီ အနုပညာရှင်များ အတွက် ဧရိယာတခု ဖန်တီးပေးသင့်ကြောင်း ကိုအာကာက ပြောသည်။
“သူတို့ ဒီလို အမိန့်ထုတ်ထားတာကို ကျနော်တို့က ငြင်းပယ်လို့မှ မရတာ။ ဒီတော့ လက်ခံလိုက်ယုံပဲ ရှိတော့တာပေါ့” ဟု ကိုအာကာက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်က ယခုကဲ့သို့ ဥပဒေ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပန်းချီဆရာများတွင် လွတ်လပ်ခွင့် ရှိသင့်သကဲ့သို့ တဘက်က ကြည့်ပြန်လျှင်လည်း စည်းကမ်း ဆိုသည်မှာ ရှိနေသောကြောင့် နှစ်ဦးနှစ်ဘက်စလုံး အဆင်ပြေစေရန် အတွက် ဂရပ်ဖတီ အနုပညာရှင်အများအတွက် သီးသန့်နေရာတခု ဖန်တီးပေးနိုင်မည် ဆိုပါက အဆင်ပြေသွားနိုင်မည် ဖြစ်ကြောင်း မော်ဒန် ပန်းချီဆရာတဦးဖြစ်သည့် ပန်းချီစံမြင့့်က ဧရာဝတီသို့ ပြောသည်။