[irrawaddy_gallery]
အမြင့်ကနေ တဖြည်းဖြည်း နိမ့်ဆင်းသွားတဲ့ ခုံတွေရှေ့က စင်မြင့်ပေါ်မှာ ချထားတဲ့ စားပွဲထက်မှာ ဆုတံဆိပ် တချို့နဲ့အတူ ဝါးဆန်ကောဝိုင်း လေးချပ် ဆင့်ထပ်ထားတာ တွေ့ရပါတယ်။
ရုံထဲနဲ့ ရုံဝမှာ ဖွင့်ထားတဲ့ သီးချင်းသံနဲ့အတူ လူးလာခေါက်တုံ့ သွားလာပြီး အချင်းချင်း နှုတ်ဆက်လို့၊ ပျော်ရွှင်စနောက် နေကြသူတွေကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ကာတွန်းဆရာ ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်တွေ ဖြစ်ပါတယ်။ သူတို့တတွေရဲ့ ကြားမှာတော့ စာရေးဆရာ တချို့နဲ့ ကဗျာဆရာ အနည်းငယ်ရယ်၊ သူတို့တွေရဲ့ မိသားစုဝင်တွေရယ်၊ သတင်းသမား တချို့ရယ်ကို တွေ့နိုင်ပါတယ်။
ရွှေမင်းသား၊ ငွေကြည်၊ မြေဇာ၊ မောင်မောင်၊ သစ်ထွဏ်း စတဲ့ ကာတွန်း ဆရာကြီးတွေ၊ ဝင်းအောင်၊ အော်ပီကျယ်၊ ဇော်မောင်၊ ကိုရွှေထူး၊ အောက်တိုဘာအောင်ကြီး စတဲ့ ကာတွန်းဆရာလတ်တွေ၊ တော်တီဆွေ၊ အာကာ၊ နိုင်လင်း၊ ထက်မိုး၊ ဒီရေ၊ ဟတ်ကော့ စတဲ့ ကာတွန်းဆရာငယ်တွေကို တစုတည်း တဝေးတည်း စုံစုံညီညီ တွေ့ရတဲ့ ဒီပွဲကတော့ ကာတွန်းပြပွဲ၊ ကာတွန်းဆရာ ကန်တော့ပွဲ စတဲ့ ကာတွန်းပွဲ သီးသန့်မဟုတ်ပါဘူး။
ဇန်နဝါရီ ၁၇ ရက်နေ့ ညနေခင်းအချိန် ရွှေတိဂုံစေတီ တောင်ဘက်မုခ်က ကန်တော်မင်္ဂလာ ပန်းခြံထဲမှာရှိတဲ့ ဟက်ပီးဝေါလ် ကလေးကစားကွင်းထဲမှာ Joke United (JU) ဟာသ မဂ္ဂဇင်းရဲ့ တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အစီအစဉ် ကျင်းပခါနီး မြင်ကွင်းပါ။
အခမ်းအနားရဲ့ အစီအစဉ်မှူးကတော့ ကာတွန်းနိုင်လင်း ဖြစ်ပါတယ်။ အနက်ရောင် ဝမ်းဆက် ဝတ်ထားတဲ့ ကာတွန်း နိုင်လင်းက အစီအစဉ်ကို စတင်မကြေညာခင် ဒီအခမ်းအနားကို အကယ်ဒမီပွဲသဏ္ဍန် ကျင်းပမယ် ဆိုတဲ့အကြောင်း၊ ရွှေဗန်းကိုင်မယ့် လူငယ် ကာတွန်းဆရာတွေနဲ့ မိတ်ဆက်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပြီး ကာတွန်းဆရာ လေးယောက်ကို စင်မြင့်ထက် ဖိတ်ခေါ်လိုက်ပါတယ်။ တော်တီဆွေ၊ မျိုးမြင့်မြတ်၊ ဒီရေနဲ့ ပေါ်ကာတို့ စင်ပေါ်တက်လာချိန်မှာ ပရိသတ်က လက်ခုပ်သြဘာ ပေးပါတယ်။ စင်ပေါ်က စားပွဲပေါ်မှာ တင်ထားတဲ့ ဆန်ကောတွေက ဆုချီးမြှင့်ချိန်မှာ ရွှေဗန်းကိုင် ကာတွန်းဆရာတွေ အတွက် ဆိုတာ သိလိုက်ရပါတယ်။
အစီအစဉ်အရ အခမ်းအနား ဖွင့်လှစ်ကြောင်းကို ကြေညာပြီးတဲ့အချိန်မှာ Joke united ရဲ့ အယ်ဒီတာချုပ် စာရေးဆရာ ကျော်ဇင်ကိုကိုက အဖွင့်စကား ပြောကြားပါတယ်။
ဒီအခမ်းအနားကို ကျင်းပဖို့အတွက် အစက ကွယ်လွန်သူ ကာတွန်း ဆရာကြီး ဦးဖေသိန်းရဲ့ နေအိမ်ခြံဝန်းထဲမှာ စီစဉ်ခဲ့ကြောင်း၊ ဒါပေမယ့် မကြာသေးခင်ကမှ ဆရာကြီးရဲ့ ဇနီးသည် ရုတ်တရက် လေဖြတ်ဝေဒနာ ခံစားရပြီး ဆေးရုံတက် ကုသခံနေရတဲ့အတွက် ဟက်ပီးဝေါလ်ကို ရွှေ့လိုက်ရကြောင်း သူက ပြောပြပါတယ်။
ဒီအခမ်းအနားကို အကယ်ဒမီပွဲလို ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အကယ်ဒမီပွဲလို “ဒီအစီအစဉ်ကို ပံ့ပိုးသူကတော့” ဆိုတဲ့စကားကို ခဏခဏ မဆိုနိုင်တဲ့အကြောင်း၊ ပံ့ပိုးတဲ့သူဆိုလို့ ဒီမဂ္ဂဇင်းထုတ်ဝေသူတွေ ဖြစ်တဲ့ မမြတ်နိုးဦးနဲ့ ဘခင်ဖြစ်သူ စာရေးဆရာ ရင်ငြိမ်းပန်း၊ ဟက်ပီးဝေါလ် ပိုင်ရှင် ဦးကျော်ထွန်းအောင်တို့ပဲ ရှိတဲ့အကြောင်း အယ်ဒီတာချုပ် ကျော်ဇင်ကိုကိုက ဆိုပါတယ်။
မြန်မာပြည်ရဲ့ စာဖတ်ပရိသတ်တွေက ဘီယာ တဂျားဖိုးလောက်တောင် တန်ဖိုးမရှိတဲ့ စာအုပ်တအုပ်ကို ဝယ်ဖတ်ဖို့ အားနည်းနေသေးတယ် ဆိုတဲ့အကြောင်းပြောရင်း JU ရဲ့ ရှေ့ခရီးအစီအစဉ်တွေကို သူက ပြောသွားပါတယ်။
သူ့အနေနဲ့ ကာတွန်း ဆရာတွေကို ချစ်ခင်လေးစားတာနဲ့ ပတ်သက်လို့ “ကျနော်က ကာတွန်းဖတ်ပြီး စာဖတ်တတ်လာတယ်၊ ကာတွန်းဖတ်ပြီး လူလိုသိလာတယ်၊ ကာတွန်းဖတ်ပြီး စာရေးချင်လာတဲ့အတွက် ကာတွန်းတွေနဲ့ ကာတွန်းဆရာတွေကို နေရာပေးသွားမယ်” လို့ ဆိုပါတယ်။
သူပြောတဲ့အတိုင်းပဲ JU မဂ္ဂဇင်းမှာက ကာတွန်းတွေ၊ ရုပ်ပြတွေကို ဝေဝေဆာဆာ သုံးထားတာ တွေ့ရသလို၊ ကာတွန်းတွေ၊ ရုပ်ပြတွေနဲ့ သရုပ်ဖော်ပုံအတွက် ဉာဏ်ပူဇော်ခက တလတလ စာမူခ ချီးမြှင့်ရတာထက် ပိုများတယ်လို့ သိရပါတယ်။
အဆုံးသတ်အနေနဲ့ အယ်ဒီတာချုပ်က JU မဂ္ဂဇင်းကို မြန်မာဘောလုံးအသင်းကို မျှော်လင့်သလို မျှော်လင့်ကြပါ၊ မြန်မာဘောလုံးအသင်းကို ဆဲသလိုပဲ ဆဲကြပါ၊ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ကန်တဲ့အခါမှာ ပရိသတ်တွေ မြန်မာအသင်းကို အားပေးသလို အားပေးကြပါလို့ ပြောသွားပါတယ်။
တတိယ အစီအစဉ်အနေနဲ့ စာရေးဆရာ သစ္စာနီက အမှတ်တရ မုဒိတာစကား ပြောကြားရာမှာ “ကျနော့်ဘေးက တယောက်က ကျော်ဇင်ကိုကို စကားပြောချိန်မှာ အဲဒါမင်းသား စိုးသူလားလို့ မေးတယ်။ စိုးသူကလည်း အခု မြန်မာပြည် ပြန်ရောက်နေတာကိုး။ သူ့နှာခေါင်းကို ကြည့်ပြီး ထင်ယောင်ထင်မှား ဖြစ်သွားတာပါ။ ကျနော့်ကိုတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ မှားမှာစိုးလို့ ကြိုပြောထားမယ်၊ ကျနော် သစ္စာနီပါ” ဆိုပြီး အရွှန်းဖောက်ရင်း စကားကို အစပြုပါတယ်။
သူ့အနေနဲ့ စာအမျိုးမျိုး ရေးသားတဲ့အကြောင်း၊ ဟာသကို ဝါသနာပါတဲ့အတွက် ဟာသ စာပေတွေလည်း ရေးတဲ့အကြောင်း၊ ဘာကြောင့် ဟာသကို ဝါသနာပါသလဲ ဆိုရင် မြန်မာပြည်က လူတွေကို ရယ်စေချင်လို့ ဖြစ်ကြောင်း ဆရာ သစ္စာနီက ပြောပါတယ်။
“လူတွေကို ငိုအောင်လုပ်တဲ့သူတွေက များနေလို့ပါ” လို့ သူက ဆိုပါတယ်။
အစီအစဉ် နံပါတ် ၄ ကတော့ JU မဂ္ဂဇင်းက မြန်မာနိုင်ငံ ကာတွန်းဆရာများကို လှူဒါန်းငွေ ပေးအပ်ပွဲ ဖြစ်ပါတယ်။ အလှူငွေကို ဦးကျော်ဇင်ကိုကိုက ပေးအပ်ပြီး လက်ခံသူကတော့ ကာတွန်းဝင်းအောင် ဖြစ်ပါတယ်။
အလှူငွေ လက်ခံပြီးတဲ့နောက်မှာ အစီအစဉ် ၅ အဖြစ် ကာတွန်းအော်ပီကျယ်က ကျေးဇူးတင်စကား ပြောကြားပါတယ်။
ကာတွန်းအော်ပီကျယ်က သူ့ရဲ့ ကျေးဇူးတင်စကားကို အစီအစဉ်မှူးအဖြစ် တာဝန်ယူပြီး ပြောတာဆိုတာ ကမောက်ကမ ဖြစ်တိုင်းမှာ “ကျနော်တို့က အဲဒီလို ဇာတ်တိုက်နာတာ” လို့ ခဏခဏ ပြောတဲ့ ကာတွန်းနိုင်လင်းကို စနောက်ပြီး အစပြုပါတယ်။
“သူက ဇာတ်တိုက်နာတာ ဆိုပြီး ခဏခဏပြောတယ်။ တကယ်က ဒီမှာ အခမ်းအနားမှူး လုပ်ဖို့ တချိန်လုံး ဇာတ်တိုက်နေတာ မြင်သားပဲ။ ဝင်းဦးသံနဲ့ လုပ်လိုက်၊ ဦးထွန်းလွင်အသံနဲ့ လုပ်ပြလိုက်နဲ့ တချိန်လုံး ကျင့်နေတာ။ အခုတော့ ကြောက်ဒူးတုန် နေတဲ့ပုံပဲ” လို့ ဆရာအော်ပီကျယ်က စပါတယ်။
JU ရဲ့ တနှစ်ပြည့်ပွဲကို မြင်ရတာ ပုံမှန်အခမ်းအနားတွေနဲ့ မတူပါဘဲ ပျော်စရာ ကောင်းနေပါတယ်။
“ဒီပွဲလေးမှာ မြန်မာပြည်က ကာတွန်းဆရာ ကြီးငယ်တွေ တော်တော်ကို စုံစုံညီညီ လာတာ တွေ့ရပါတယ်။ ကာတွန်း ဆရာတွေကို အခုလိုပဲ ချစ်ကြပါ၊ ဖေးမကြပါ” လို့ပြောရင်း ဆရာအော်ပီကျယ်က သူ့ရဲ့ ကျေးဇူးတင်စကားကို အဆုံးသတ်ပါတယ်။
အစီအစဉ် ၆ မှာတော့ ဆုချီးမြှင့်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ ဆုမချီးမြှင့်ခင်မှာ ဗန်းကိုင်မယ့် ကာတွန်းဆရာတွေကို စင်ပေါ် ဖိတ်ခေါ်ပါတယ်။
ပထမဆုံး အနေနဲ့ ၂၀၁၂ JU မှာ လစဉ် ပါတဲ့ ဦးနှောက်ချွေးထုတ်ခန်း အစီအစဉ်က ဉာဏ်ထူးရှင် ၁၆ ဦးကို ရွေးချယ်ခဲ့ပြီး အဲဒီထဲကမှ တယောက်ကို ကံစမ်းမဲဖောက် ရွေးချယ်တာပါ။ ဒီကံစမ်းမဲကို ဖောက်ပေးသူ ကတော့ JU နိုဝင်ဘာထုတ်ရဲ့ မျက်နှာဖုံးရှင် မော်ဒယ်လ် သူဇာမောင် ဖြစ်ပါတယ်။
ဒီဆုချီးမြှင့်ပြီးချိန်မှာတော့ JU ရဲ့ ၂၀၁၂ အတွက် အကောင်းဆုံး စာရေးဆရာဆုကို ကြေညာမှာဖြစ်ပါတယ်။ ဆုကို မကြေညာခင်မှာတော့ အခမ်းအနားမှူးက “ရုပ်သံသတင်းထောက်များ၊ ဓာတ်ပုံ သတင်းထောက်များခင်ဗျား … ဆုများကို ကြေညာပြီးမှသာ ရုပ်သံနှင့် ဓာတ်ပုံများ ရိုက်ယူကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ခင်ဗျား” လို့ အကယ်ဒမီပွဲ အတိုင်း ကြေညာပါတယ်။
ဆုကို အကယ်ဒမီပွဲ အတိုင်းပဲ တယောက်က ဖွင့်ဖောက် ကြေညာရတာပါ။ ဒီဆုအတွက် ဖွင့်ဖောက်ကြေညာသူကတော့ ကဗျာဆရာ မောင်စိမ်းနီပဲ ဖြစ်ပါတယ်။
ဆန်ကောပေါ်က စာအိတ်ကို ကတ်ကြေးနဲ့ ညှပ်ဖွင့်ပြီး “၂၀၁၂ အတွက် အကောင်းဆုံး စာရေးဆရာဆု ရသူကတော့ စာရေးဆရာ သစ္စာနီ ဖြစ်ပါတယ်” လို့ ဆရာမောင်စိမ်းနီက ကြေညာလိုက်တဲ့အချိန်မှာတော့ အကယ်ဒမီပွဲလို သတင်းထောက်တွေက ဆရာသစ္စာနီနားမှာ ဝိုင်းအုံမသွားပါဘူး။ သတင်းသမားကလည်း သိပ် များများစားစား မရှိပါဘူး။
ဆုကိုလည်း ဆရာမောင်စိမ်းနီကပဲ ချီးမြှင့်ပြီး ဆရာသစ္စာနီက ကျေးဇူးတင်စကား ပြန်ပြောပါတယ်။ ဆရာ သစ္စာနီကို ဆုချီးမြှင့်ပြီးချိန်မှာ ဗန်းကိုင်တဲ့ ကာတွန်းတော်တီဆွေက ပြန်ဆင်းသွားပြီး ပရိသတ်ကြားက သူ့နေရာမှာ သွားပြန်ထိုင်ပြီး ဝေထားတဲ့ ထမင်းထုပ် ဖွင့်စားနေလို့ အခမ်းအနားမှူး နိုင်လင်းက စင်ပေါ်ပြန်တက်ဖို့ ပြန်ခေါ်ရပါသေးတယ်။
JU ရဲ့ Man of the year 2012 ဆုကို စာရေးဆရာ မြေမှုံလွင်ပြင်က ဖွင့်ဖောက် ကြေညာရာမှာ ဘုန်းတော်ကြီး ဘဒ္ဒတ္တ အရှင်တေမိခေါ် စာရေးဆရာ ကြူးနစ်က ဆွတ်ခူးရရှိသွားပါတယ်။ အခမ်းအနားမှူးက ဆုရသူကို ကျေးဇူးတင်စကား ပြောဖို့ မေတ္တာရပ်ခံရင်း “အရှင်တေမိဆိုတော့ စကားပြောပါ့မလား မသိဘူး” လို့ဆိုလိုက်တော့ ပရိသတ် ပွဲကျသွားပါတယ်။
ဘုန်းဘုန်းက ကျေးဇူးတင်စကား ပြောရာမှာတော့ “မြန်မာပြည်မှာ ဝတ္ထုတိုတမျိုးတည်းနဲ့ ထမင်းစားနေတာ ကြူးနစ် တယောက်တည်း ရှိတယ်၊ အစကတော့ ထမင်းစားဖို့ အဆင်မပြေဘူးပေါ့၊ အခုတော့ အဆင်ပြေနေပါပြီ။ ဘုန်းကြီးဝတ်လိုက်တာကိုး” ဆိုပြီး အရွှန်းဖောက်ပါတယ်။
အရှင်တေမိက ဆုရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောရင်း ဝတ္ထုရေးတိုရေးတဲ့ အလုပ်တခုတည်းနဲ့ ရပ်တည်ဖို့ ဆိုတာ မလွယ်တဲ့ အကြောင်း၊ စာရေးဆရာတွေ အတွက် ဝတ္ထုတပုဒ် ထွက်လာဖို့ ခက်ခဲတဲ့အကြောင်း၊ သူဟာ သမုတိသံဃာ အမျိုးအစားထဲမှာ ပါဝင်တဲ့အကြောင်း၊ သမုတိ သံဃာဆိုတာ လောကီအရေးကိစ္စတွေနဲ့ မပြတ်နိုင်သေးတဲ့ သံဃာဖြစ်ကြောင်း၊ သူ့အနေနဲ့ကတော့ လောကီအရေးထဲက စာပေမွေ့လျော်ခြင်း၊ စာရေးခြင်းဆိုတာနဲ့ ဘယ်လိုမှ မပြတ်နိုင်သေးကြောင်း ပြောပါတယ်။
“ဆုထဲမှာ ကျပ် ၂ သောင်းပါတယ် ကြားတယ်၊ တကယ်တော့ ဆုငွေ ကျပ် ၂ သောင်းဆိုတာ အရမ်းနည်းပါတယ်၊ ကျပ် ၅ သိန်းလောက် ပေးသင့်တယ်” လို့ ပြောရင်း ဘဒ္ဒတ္တ အရှင်တေမိက သူ့ရဲ့ ကျေးဇူးတင်စကားကို အဆုံးသတ်ပါတယ်။
နောက်တဆုကတော့ ပရိသတ်ရွေးချယ်တဲ့ စာရေးဆရာ ဆုဖြစ်ပါတယ်။ အွန်လိုင်းပရိသတ်တွေရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်တာလို့ သိရပါတယ်။ ဒီဆုအတွက် စာအိတ်ဖွင့်ဖောက် ကြေညာသူကတော့ စာရေးဆရာမ သင်းသင်းသာ ဖြစ်ပါတယ်။ ဆုရရှိသူက ဒေါက်တာနေမင်း ဖြစ်ပေမယ့် ဒေါက်တာနေမင်း မလာနိုင်တာကြောင့် ကိုယ်စားအဖြစ် ကဗျာဆရာ မောင်သစ်လှိုင်း (ကျောက်ဆည်) က ဆုတက်ယူပြီး ကျေးဇူးတင်စကား ပြောပါတယ်။
ဒီဆုပေးပြီးချိန်မှာတော့ ကာတွန်းဆုတွေ လာပါပြီ။ အဲဒီမှာ အခမ်းအနားမှူးက အကောင်းဆုံးကာတွန်းဆရာဆု ချီးမြှင့်မယ်လို့ ကြေညာပြီး ဆုကို ဖွင့်ဖောက်ကြေညာပေးဖို့ အကန်တော့ခံ ကာတွန်းဆရာကြီး ရွှေမင်းသားကို ဖိတ်ခေါ်ပါတယ်။ ဦးရွှေမင်းသား စင်ပေါ်တက်လာတော့ ဖွင့်ဖောက်ဖို့ ပေးလိုက်တဲ့စာအိတ်က တနှစ်တာအတွက် အကောင်းဆုံး ရုပ်ပြဆု ဖြစ်နေပါတယ်။ ဒါနဲ့ပဲ မထူးဘူးဆိုပြီး အကောင်းဆုံး ရုပ်ပြဆုရတဲ့ ကာတွန်းအာကာက ဆုတက်ယူလိုက်ပါတယ်။ သူကတော့ စိန်မောင်ရွှီး ဆိုတဲ့ ဇာတ်ကောင်ကို JU မှာ ဖန်တီးခဲ့သူ ဖြစ်ပါတယ်။
JU ကပေးတဲ့ နောက်ဆုံးဆုကတော့ တနှစ်တာအတွက် အကောင်းဆုံး ကာတွန်းဆု ဖြစ်ပါတယ်။ ဒီဆုကို ဖွင့်ဖောက် ကြေညာဖို့ စာရေးဆရာမ ခင်ပန်နှင်းကို အခမ်းအနားမှူးက ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် စာရေးဆရာမ ခင်ပန်နှင်း စင်မြင့်ပေါ် တက်မလာပါဘူး။ ခဏအကြာအထိ တက်မလာတဲ့အတွက် အခမ်းအနားမှူးက ကာတွန်းဆရာကြီး သစ်ထွဏ်းကို စင်ပေါ်တက် ကြေညာပေးဖို့ ဖိတ်လိုက်ပါတယ်။ ဦးသစ်ထွဏ်းကပဲ ဖွင့်ဖောက် ကြေညာလိုက်ရာမှာ တနှစ်တာအတွက် အကောင်းဆုံး ကာတွန်းဆုကို ကာတွန်းကျော်သူရိန်က ရရှိသွားပါတယ်။ ဦးသစ်ထွဏ်းက ကြေညာ ဆုပေးပြီး ချိန်မှာမှ ဆရာမ ခင်ပန်နှင်းက စင်ပေါ်တက်လာပါတယ်။
အခမ်းအနားမှူးက ခုနက ခေါ်တဲ့အချိန်မှာ ဆရာမ ဘယ်ရောက်သွားတာလဲလို့ မေးလိုက်တော့ ဆရာမ ခင်ပန်နှင်းက “ကျမလည်း အကယ်ဒမီပွဲမှာ စိုးမြတ်သူဇာ ပျောက်သလို ပျောက်သွားရင် ဘယ်လိုများ ဖြစ်မလဲ သိချင်လို့ ခဏ ပျောက်သွား ကြည့်တာပါ” လို့ ဖြေတာနဲ့ ပရိသတ်အားလုံး ပွဲကျကုန်ပါတယ်။
အခမ်းအနားအစီအစဉ် ထဲက နောက်ဆုံးကတော့ ကာတွန်းဆရာငယ်တွေ စုပြီး ချစ်စရာအကောင်းဆုံး အယ်ဒီတာဆု ဆိုပြီး ပေးတာပါ။ ဒီစာအိတ်ကို ဖွင့်ဖောက် ကြေညာသူကတော့ မုဆိုးကျော်ဖိုးထော် ဇာတ်ရုပ်နဲ့ စန္ဒာမဂ္ဂဇင်းမှာ နာမည်ကြီးခဲ့သူ ကာတွန်းမောင်မောင် ဖြစ်ပါတယ်။ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ကာတွန်းမောင်မောင်က လတ်တလော ထွက်ရှိလာတဲ့ ၂၀၁၃ JU ဇန်နဝါရီ လထုတ်ရဲ့ မျက်နှာဖုံးရှင်ပါ။ သူနဲ့ တွဲဘက်သရုပ်ဆောင်သူက မော်ဒယ်လ် သရုပ်ဆောင် ခရစ္စတီးနားပါ။
ကာတွန်းဆရာတွေပေးတဲ့ ချစ်စရာအကောင်းဆုံး အယ်ဒီတာဆုကိုတော့ အားလုံးစိတ်ထဲမှာ သိထားပြီးဖြစ်တဲ့ JU ရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇင်ကိုကိုရတာပါ။ သူရတဲ့ ဆုကတော့ ဖဲပြားလေးကပ်ထားတဲ့ ဝိုင်ကလပ်တခုနဲ့ နမူနာပေးတဲ့ နိုင်ငံခြား အရက်ပုလင်း သေးသေးလေး နှစ်လုံး ဖြစ်ပါတယ်။
နောက်ဆုံး အစီအစဉ် ဖြစ်တာကြောင့် အားလုံးပေါ့ပေါ့ပါးပါး ဖြစ်နေကြပါပြီ။ ဆုရ အယ်ဒီတာချုပ်ကလည်း ကျေးဇူးတင် စကားကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ ပြောသွားပါတယ်။
“ဒီရာသီက စာရေးဆရာတွေ ဟောပြောပွဲကိစ္စနဲ့ နယ်ထွက်နေတဲ့ ရာသီဖြစ်တာတကြောင်း၊ ကျနော့်မဂ္ဂဇင်းမှာ ရေးတာက နယ်စာရေးဆရာတွေ များတာတကြောင်းကြောင့် ဒီပွဲကို ကာတွန်းဆရာတွေနဲ့ ကျင်းပသလို ဖြစ်နေတာလည်း ပါပါတယ်” လို့ ဦးကျော်ဇင်ကိုကိုက ဧရာဝတီကို ပြောပေမယ့် ကာတွန်းဆရာတွေနဲ့ သူ့ရဲ့ ရင်းနှီးကျွမ်းဝင်မှု၊ ချစ်ခင်မှု၊ ကာတွန်းဆရာတွေ အပေါ် ထားတဲ့ သူရဲ့ စေတနာတွေကိုတော့ အတိုင်းသား တွေ့မြင်နေရတာပါ။
မကြာသေးခင်ကမှ ဖြန့်ချိတဲ့ သူ့ရဲ့ “ပန်းတံတားတဘက်ကမ်းမှာ ကျွမ်းထိုးတဲ့ ကောင်မလေး” ဟာသဝတ္ထုဆိုရင်လည်း ကာတွန်းလောကကို အခြေခံပြီး ကာတွန်းဆရာဇာတ်လိုက်နဲ့ ကာတွန်းဆရာ နာမည်အစစ်တွေကို ဇာတ်ပို့တွေအဖြစ် ထည့်သွင်းရေးဖွဲ့ထားတာ တွေ့ရပါတယ်။
အခမ်းအနားအပြီးမှာ ဟက်ပီးဝေါလ်ပိုင်ရှင်က ကာတွန်းဆရာတွေကို သဒ္ဒါပေါက်ပြီး တည်ခင်းတဲ့ ညစာစားပွဲ ရှိသေးလို့ အားလုံး မပြန်ကြသေးဖို့ အခမ်းအနားမှူးကကော၊ အယ်ဒီတာချုပ်ကပါ မေတ္တာရပ်ခံပါတယ်။
မြင်တွေ့ရသမျှ အဲဒီညနေကတော့ ကာတွန်းဆရာတွေ မြူးတဲ့ညနေလို့ပဲ ဆိုရတော့မှာပါ။ ။