[irrawaddy_gallery]
ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ ဒေသတွင်းဆိုင်ရာ စိုက်ပျိုးရေး သုနေသနနှင့် ဘွဲ့လွန်လေ့လာရာရေး ဌာန (Southeast Asian Regional Center for Graduate Study and Research in Agriculture – SEARCA) က ကြီးမှူး ကျင်းပတဲ့ “ရေသည်အသက်” လို့ ခေါင်းစဉ်ပေးထားတဲ့ ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာနိုင်ငံသား ဓာတ်ပုံဆရာ ၄ ဦး က ထိပ်တန်းဆုတွေ အားလုံးကို ရရှိခဲ့ပါတယ်။
“ရေသည်အသက် – နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ရေစက်တိုင်းမှာ တန်ဖိုးရှိတယ်” (Water is Life: Too Much or Too Little, Every Drop Counts) လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲမှာ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် တို့က ဓာတ်ပုံဆရာပေါင်း ၂၄၅ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၉၅၄ ပုံ အနက် မြန်မာ ဓာတ်ပုံဆရာတွေက နိုင်ငံအတွင်း ရေနဲ့ အသက်မွေးဝမ်းကျောင်းနေရတဲ့ သဘာဝ မြင်ကွင်းတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ထိပ်သီးဆုတွေကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မိတ္ထီလာ ကန်တော်ကြီးထဲမှာ ကွန်ပစ်ပြီး ငါးဖမ်းနေတဲ့ တံငါလှေနှစ်စီး ဓာတ်ပုံနဲ့ ပထမဆုရရှိခဲ့သူ ကိုကျော်ဇော်လေး က “ဒီ Water is Life ပြိုင်ပွဲရဲ့ ပုံ ၃၀ ဆန်ခါတင်ရွေးတဲ့အခါမှာ မြန်မာက ၂၆ ပုံလောက်ပါတယ်။ နောက်ဆုံး ဆုစာရင်း ထုတ်ပြန်တဲ့အခါ ပထမ၊ ဒုတိယ၊ တတိယ ကလည်း မြန်မာပြည်ကပဲ။ နောက် People Choice ဆုနဲ့ နှစ်သိမ့်ဆု ၁၀ ပုံလောက်ပါ မြန်မာပြည်က ရတော့ အရမ်းပျော်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
“ရေသည်အသက်” ပြိုင်ပွဲမှာ ပထမဆုကို ကိုကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆု ကိုထွန်းအောင် (ရန်ကုန်)၊ တတိယဆု ကျော်ကျော်ဝင်း (ရန်ကုန်) နဲ့ ပရိတ်သတ်အကြိုက် ရွေးချယ်တဲ့ဆုကို သန်းထိုက်စိုး (မန္တလေး) တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ကြောင်း SEARCA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
SEARCA အဖွဲ့အနေနဲ့ “ရေသည်အသက်” ပြိုင်ပွဲအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရရှိတဲ့ ဓာတ်ပုံ ၉၅၀ ကျော်ထဲက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေကိုတော့ ပထမဆုကို အမေရိကန်ဒေါ်လာ ၅၀၀၊ ဒုတိယဆု ၃၀၀၊ တတိယဆု ၂၀၀ နဲ့ ပရိတ်သတ်အကြိုက် ဓာတ်ပုံဆု ၁၀၀ စသဖြင့် သတ်မှတ်ထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေအနေနဲ့ ဒီပြိုင်ပွဲ ဖိတ်ခေါ်မှုကို အင်တာနက်ကတဆင့် သိရပြီး ပြိုင်ပွဲဝင် ဓာတ်ပုံတွေကို စီဒီနဲ့ ပို့ပေးခဲ့တာဖြစ်ကြောင်း ဆုကြေးငွေ အရနည်းပေမယ့် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရာမှာ ဆုရရှိတဲ့အတွက် ဂုဏ်ယူကြောင်း ကိုကျော်ဇော်လေးက ပြောပါတယ်။
“အခုလို ဆုရတော့ နောက်လူတွေလည်း ကြိုးစားချင်စိတ်ရှိတာ ကောင်းတာပေါ့။ အခုဒီပွဲက အာဆီယံက ခေါ်တယ်ဆိုတော့ မြန်မာဓာတ်ပုံတွေနဲ့ အခုခေါ်တဲ့ပွဲက ဒိုင်တွေနဲ့ အကြိုက်ချင်းတူလို့ ဖြစ်မယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်မီဖို့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေ အနေနဲ့ဆိုရင်တော့ အများကြီး လိုပါသေးတယ်” လို့ သူက ဆက်ပြောပါတယ်။
ဓာတ်ပုံများ ဆက်လက်ကြည့်ရှုလိုပါက http://photocontest.searcabackup.org/winner2012.php