“ဆိုင်တွေများလာတယ် ဆိုပေမယ့် စားနိုင်သောက်နိုင်၊ ဝယ်နိုင်ခြမ်းနိုင်တာကတော့ ရေနံသူဌေးတွေချည်းပဲ”
ရန်ကုန်တဘက်ကမ်း သန်လျင်မြို့နေမြို့ခံတဦးက ပြောလိုက်တာဖြစ်ပါတယ်။
သန်လျင်မြို့က ၄ နှစ်ကျော် ကာလအတွင်း အရင်ထက် ပိုမိုစည်ကားနေတာတွေ့ရပြီး ဈေးဆိုင်တွေလည်း ပိုများလာသလို၊ မြင်းလှည်း၊ ဆိုက်ကားတွေအစား ဆိုက်ကယ်တက္ကစီတွေ တဝီဝီမောင်းနှင်နေတာ၊ လမ်းထိပ်တိုင်းမှာ ဆိုင်ကယ်တက္ကစီတွေ ဂိတ်ထိုးထားတာ တွေ့ရပါတယ်။ စားသောက်ဆိုင်တွေ၊ ဘီယာစတေရှင်တွေလည်း ပိုများလာပါတယ်။
ဈေးဆိုင်တွေများသလောက် ဝယ်သူရှိရဲ့လား၊ စားသောက်ဆိုင်တွေမှာကော ထိုင်သူတွေ ရှိရဲ့လား ဆိုတဲ့ မေးခွန်းကို မြို့ခံက အထက်ပါအတိုင်း ဖြေလိုက်တာပါ။
ရေနံသူဌေးဆိုတဲ့ စကားလုံးက နည်းနည်း ထူးဆန်းသလို ဖြစ်နေပေမယ့် သန်လျင်မှာ ကြီးပြင်းခဲ့သူ တယောက်အတွက်တော့ ထူးဆန်းတယ်လို့ မထင်ရပါဘူး။
“အိမ်ကြီးကို ဟီးလို့၊ အပေါ်ထပ်မှာ ရေကူးကန်ပါ တပါတည်းပါတယ်။ တော်ရုံတန်ရုံလူတောင် မဆောက်နိုင်ဘူး” လို့ မြို့ခံက အိမ်တအိမ်ကို လက်ညှိုးညွှန်ရင်း ပြောပါတယ်။ အဲဒီအိမ်ကတော့ သန်လျင်ရေနံချက် စက်ရုံက လုံခြုံရေး ဂိတ်စောင့် တယောက်ရဲ့ အိမ်ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးတော်ပုံကြီးနောက်ပိုင်းမှာ သန်လျင်ရေနံချက် စက်ရုံက ရေနံ ခိုးယူသူတွေ ပိုများလာတာလို့ သိရပါတယ်။ အရေးတော်ပုံ ပြီးခါစကတော့ ရေနံခိုးသူတွေ ရှိပေမယ့် သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းပါတယ်။ သန်လျင်မြို့ထဲမှာ နေ့နေ့၊ ညည ကြားရတဲ့ သေနတ်သံတွေဟာ ရေနံ ခိုးသူတွေကို ပစ်ခတ်နှိမ်နင်း သံတွေပါ။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရေနံ ခိုးသူတွေက သီးသန့်မဟုတ်တော့ဘဲ အထက်လူကြီး အဆင့်ဆင့်နဲ့၊ လုံခြုံရေးနဲ့ ပေါင်းခိုး၊ ပေါင်းစား လုပ်လာ ကြတော့ နောက်ပိုင်းမှာ တရားဝင်လိုလို ဘာလိုလိုတောင် ဖြစ်လာပြီး ရေနံခိုးလို့ ကြီးပွားလာတဲ့သူတွေကို သန်လျင်မှာ ရေနံသူဌေးတွေလို့ ခေါ်ကြပါတယ်။
“ဆိုင်မှာ ဘာတင်တင် အကုန်ကုန်တာပဲ။ တော်တော် ဝယ်နိုင်ကြတာ” လို့ သန်လျင်မြို့မဈေးမှာ ကလေးအဝတ်အထည်ဆိုင် ဖွင့်ထားသူ တဦးက ဆိုပါတယ်။ ဘာတင်တင်၊ ဘယ်လောက်ဖြစ်ဖြစ် ဝယ်နိုင်သူတွေကတော့ ရေနံသူဌေး ကတော်တွေလို့ သူက ဆက်ပြောပါတယ်။ သာမန် ဝန်ထမ်းနဲ့ လက်လုပ်လက်စားတွေကတော့ သူတို့လောက် မသုံးဖြုန်းနိုင်ကြပါဘူး။
သန်လျင်က ရေနံသူဌေးတွေဟာ စက်ရုံက သာမန်အလုပ်ကြမ်းသမားတွေ၊ မြက်ခုတ်သမားတွေ၊ တချို့ဆိုနေ့စားတွေဖြစ်ပြီး သူတို့ရဲ့ လစာအရင်းက ကျပ် ၅ သောင်း ဝန်းကျင်သာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဝင်ငွေနဲ့ သိန်း ရာနဲ့ချီတဲ့ အိမ်တွေ၊ ခြံတွေ ဝယ်နိုင်ပါတယ်။ မိန်းမဖြစ်သူကို စိန်ရွှေ အပြည့် ဆင်နိုင်ကြပါတယ်၊ သူတို့ကလေးတွေရဲ့ ဆရာမတွေကို လစဉ် ပါတိတ် ဝမ်းဆက် ပေးနိုင်ကြပါတယ်၊ ကလေးတွေကို ကျူရှင်ကောင်းကောင်းမှာ ထားနိုင်ကြပြီး မွေးနေ့ပွဲတွေ အကြီးအကျယ် ကျင်းပပေးနိုင်ကြပါတယ်။
ဖိုမင် အဆင့်လောက်ကစလို့ အရာရှိတွေ၊ စက်ရုံမှူးတွေ ကတော့ ရေနံကို ကိုယ်တိုင်သယ်ပြီး ရောင်းစရာမလိုဘဲ အိမ်တိုင် ရာရောက် ဝေစုက ရောက်လာတာပါ။ မယူချင်လည်း ယူရတယ်လို့ သိရပါတယ်။
“ဓာတုဗေဒနဲ့ ဘွဲ့ရပြီး ဓာတုဗေဒ ဌာနမှာ အရာရှိဖြစ်နေပေမယ့် ဝင်ငွေက မကောင်းဘူး။ စက်ရုံထဲမှာ သာမန်အလုပ်ကြမ်း သမားပဲ လုပ်လိုက်ချင်တယ်” လို့ သန်လျင်ရေနံချက် စက်ရုံက ဓာတုဗေဒ ဓာတ်ခွဲခန်း အရာရှိတဦးက ညည်းညူပါတယ်။ ခွင်မကောင်းတဲ့ နေရာမှာ အရာရှိဖြစ်တာထက် ခွင်ကောင်းတဲ့ ဆီသိုလှောင်ရုံလို၊ စက်ရုံထဲလို နေရာတွေမှာ မြက်ခုတ်သမား ဖြစ်ရတာကမှ ပိုကောင်းသေးတယ်လို့ သူက ပြောပါတယ်။
သန်လျင်ရေနံ ရုံးကြီးပေါ်က စာရေး၊ စာချီတွေလည်း သူ့ဟာနဲ့သူ ခွင်ရှိကြပါတယ်။ အလုပ်ကိစ္စအတွက် စာရွက်စာတန်းက စလို့၊ လက်မှတ်အဆင့်ဆင့် ထိုးတဲ့ကိစ္စကို ဒီစာရေးစာချီတွေပဲ လုပ်ပေးနေရတော့ သူတို့ကို စက်ရုံက လူတွေက ရေနံနဲ့ပဲ လာဘ်ထိုးရတာပါ။
“ရုံးရောက်လို့ မနက်ပိုင်းအလုပ်လုပ်၊ မနက်စာ စားပြီးတာနဲ့ ထမင်းချိုင့်လေးတွေ ဆွဲပြီး သိုလှောင်ရုံဘက်ကို ဆီယူ ထွက်ကြတယ်။ ထမင်း တချိုင့်လောက်ကတော့ လုံခြုံရေးကလည်း မရှာပါဘူး။ လွှတ်ပေးလိုက်တာပဲ။ အဲဒါက နေ့စဉ် မုန့်ဖိုးပေါ့” ဟု သန်လျင် ရေနံ ရုံးကြီးက စာရေးမတယောက်က ပြောပြတာပါ။
တကယ့်ရေနံ သူဌေးတွေကတော့ တော်တော်လေး စွန့်စားကြရပါတယ်။ ပိုက်ခေါင်း ဖွင့်ပေးသူက တယောက်၊ အပြင်ကို သယ်ထုတ်သူက တယောက်ပါ။ ပိုက်ခေါင်းက ထွက်လာတဲ့ ရေနံထွက် ဆီ (အများသောအားဖြင့် ဈေးကောင်းရတဲ့ ဒီဇယ်ပါ) တမျိုးမျိုးကို အမှိုက်အိတ် ပလက်စတစ်အိတ်မည်း ကြီးတွေနဲ့ ထည့်ထုပ်၊ ပြီးရင် ပုဆိုးအသစ်နဲ့ ပြန်ထုပ်ရပါတယ်။
“ပုဆိုးက အသစ်မှရတာ။ အဟောင်းဆို ကွဲထွက်သွားတတ်တယ်။ အဲဒါကို ယောက်ျားစီး စက်ဘီးကြီးရဲ့ ရှေ့ကော၊ နောက်ကောမှာ အပြည့်တင်၊ နောက်က လူလေးယောက်လောက်က တွန်းလွှတ်လိုက်ရော။ လမ်းမှာရပ်လို့မရဘူး။ အဲဒါကို ဟိုဘက်က လုံခြုံရေး ဂိတ်မှာစောင့်နေတဲ့ လေးယောက်လောက်က ဆီးဖမ်း။ အိတ်တွေကို ဂိတ်မှာ အသင့်စောင့်နေတဲ့ ကားပေါ် တင်ပေးလိုက်ရုံပဲ” လို့ ရေနံသူဌေး တယောက်က ရှင်းပြပါတယ်။ အဲဒီကားက ရေနံ ဝယ်ယူသူ ဒိုင်တွေဆီ ဒါရိုက် ပို့လိုက် ရုံပါပဲ။
ရလာတဲ့ ဝေစုကို လုံခြုံရေး အပါအဝင် ဒီအဖွဲ့ထဲမှာပါတဲ့သူတွေ အားလုံး ဝေပုံကျ ခွဲဝေယူရပါတယ်။ အဲဒီထဲမှာ အဆင့်ဆင့် သက်ဆိုင်ရာ အရာရှိတွေ အတွက် ဝေစုလည်း ပါပြီးသားပါ။ လက်ဝါးရိုက်ထားတဲ့ လုံခြုံရေးဖြစ်မှာ ခိုးထုတ်ရတာ အဆင်ပြေတာ လို့လည်း သိရပါတယ်။
ဝေစု ခွဲတဲ့အချိန်မှာတော့ ရန်ကုန်က စင်တင်တေးဂီတပါတဲ့ စားသောက်ဆိုင်၊ ဒါမှမဟုတ် ကေတီဗီ၊ အနှိပ်ခန်း တခုခုကို ချီတက်ကြပါတယ်။ အဲဒီမှာ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ သောက်စရာရှိသောက်၊ ပျော်စရာရှိပျော်ကြပြီး ကျန်တာကိုမှ အညီအမျှ ခွဲဝေကြတာပါ။ မသောက်တတ်တဲ့သူ၊ မပျော်တတ်တဲ့သူက နစ်နာမှာဆိုတော့ ဒီလိုပဲ သောက်တတ်သွား၊ ပျော်တတ်သွားကြတယ်လို့ ရေနံသူဌေးတဦးက ရှင်းပြပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလက သန်လျင်မြို့နယ် သပိတ်ကို ရေနံမြေအလုပ်သမားတွေကနေ စတင်ခဲ့ကြတာပါ။ အရေးတော်ပုံ ပြီးသွားတဲ့အချိန်မှာ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ရာထူးက ရပ်စဲခံရသူ အများအပြားဟာ ရေနံ အရာရှိတွေ ဖြစ်ပါတယ်။
“တချိန်ကတော့ ရေနံချက်စက်ရုံက နာမည်တခုနဲ့ နေခဲ့တာပါ။ အခုတော့ အားလုံး အများပိုင်ပစ္စည်းကို ယောက္ခမ စီးပွားရေး ကျနေတာပဲ။ လိုသလို ယူသုံးနေလိုက်ကြတာ” လို့ ၈၈ အပြီး နဝတက ပင်စင်ပေးတာကို ခံခဲ့ရတဲ့ ရေနံ အရာရှိတဦးက ဆိုပါတယ်။
ရေနံချက် စက်ရုံ ဝန်ထမ်းတွေ၊ အထူးသဖြင့် အလုပ်ကြမ်း လုပ်ကြသူတွေဟာ ယောက်ျားစီး စက်ဘီး တစီးနဲ့ ဘားတန်းမှာ ဟန်းကောထမင်းချိုင့် တချိုင့်ပါပါတယ်။ ဟန်းကောချိုင့်က ရိုးရိုး ထမင်းချိုင့်တွေထက် ပိုဆံ့ပါတယ်။ ထမင်း ပိုဆံ့တာကို ပြောတာ မဟုတ်ပါဘူး။ ထမင်းစားပြီး ချိုင့်ကို ဆေးကျော၊ ရေနံပြန်ထည့်ရင် ပို့ဆံ့တာကို ဆိုလိုတာပါ။ အလုပ်သမားတိုင်း နေ့စဉ် ဟန်းကော ချိုင့်တလုံးစာတော့ ရေနံကို အိမ်အပြန် သယ်ကြပါတယ်။
မကြာခင်က သန်လျင်ရေနံချက် စက်ရုံကို ပုဂ္ဂလိကပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
သန်လျင်ရေနံချက် စက်ရုံကနေ တနေ့ကို ဂါလန် ၇ သိန်းချက်နိုင်တယ်လို့ သိရပါတယ်။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကနေ တဆင့် ထွက်ရှိတဲ့ လောင်စာဆီတွေကို ချက်လုပ်တာဖြစ်ပြီး အများအားဖြင့်တော့ ဓာတ်ဆီအဖြူကို ချက်လုပ်တာပါ။
သန်လျင်ရေနံချက် စက်ရုံဟာ သမိုင်းဝင် စက်ရုံတခုဖြစ်ပြီး အင်္ဂလိပ်ခေတ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ တိုက်ကြီးကုန်းလို့ မြို့ခံတွေက ခေါ်ကြတဲ့ ရေနံ အရာရှိ အိမ်ရာဝန်းဟာ ဥရောပဆန်ဆန် လှပတိတ်ဆိတ် အေးချမ်းလှပါတယ်။ သန်လျင် မြို့ပေါ်က လူအများစုဟာလည်း ရေနံချက်စက်ရုံ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ တိုက်ကြီးကုန်း ကော၊ ရေနံရပ်ကွက်လို့ ခေါ်တဲ့ ဝန်ထမ်းအိမ်ရာကောဟာ လျှပ်စစ်မီးဘယ်တော့မှ ပျက်လေ့မရှိပါဘူး။ ရေနံချက် စက်ရုံက တိုက်ရိုက် မီးပေးတာပါ။
အင်္ဂလိပ်ခေတ် ရေနံမြေသပိတ် မတိုင်ခင်ကာလက ရေနံမြေ ဝန်ထမ်း ဗမာတွေဟာ ရေနံတွင်းပေါ်ထိုင်ပြီး မီးခွက် တခွက်စာ အတွက်တောင် ရေနံဆီ လုံလုံလောက်လောက် မရလို့ အမှောင်ထဲမှာ ထိုင်ခဲ့ရတယ်၊ ဆင်းရဲတွင်းနက်ပြီး တောင်းဆိုတဲ့ အခွင့်အရေး တွေရနိုင်ဖို့ အင်္ဂလိပ်အစိုးရကို တော်လှန်ရင်း ရေနံမြေသပိတ် ပေါ်ပေါက်ခဲ့သလို သခင် ဖိုးလှကြီး ဆိုတဲ့ အလုပ်သမား ခေါင်းဆောင်တယောက်လည်း ပေါ်ထွက်ခဲ့ပါတယ်။
အခုတော့ အင်္ဂလိပ်ခေတ်ကလို မဟုတ်တော့ပါဘူး၊ ရေနံဆီလေး နည်းနည်းပါးပါး သုံးရဖို့အတွက် ရေနံအလုပ်သမားတွေ တော်လှန်ရေး လုပ်စရာလည်း မလိုတော့ပါဘူး။ အများစုကတော့ ရေနံသူဌေးတွေ ဖြစ်ကုန်ကြပါပြီ။