[irrawaddy_gallery]
ဒီလမ်းမကြီးကတော့ မြန်မာပြည်မှာ အကျယ်ဆုံးနဲ့ အပြေပြစ်ဆုံး လမ်းမကြီးလို့ ယူဆရပါတယ်။ ကားလည်းမရှုပ်၊ ရှောင်စရာ ချိုင့်လည်း တခုတောင် မရှိသေးတဲ့ ဒီလမ်းမကြီးပေါ်မှာ လက်တဆုပ်စာ SUV နဲ့ ဆီဒင်ကားတွေပဲသွားလာကြပြီး မနက်တိုင်း ဂိတ်ဝ ကြီးတခုဆီ ရောက်လာနေကြတာပါ။ ခပ်လှမ်းလှမ်းက ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီကားတွေဟာ ဝှိုက်ဘုတ်အကြီးကြီး တချပ်ပေါ်မှာ ပုရွက်ဆိတ်တွေ ဟိုဖက်ကနေဒီဖက် အသော့နှင်နေသလိုပါပဲ။ ဒါကတော့ မြန်မာ့လွှတ်တော်ကြီးရဲ့ အဝင်လမ်းပေါ့။
လွှတ်တော်အမတ်တွေရဲ့ ကားတွေကိုပဲ ဒီလမ်းပေါ်ကနေ လွှတ်တော်အဆောက်အအုံတွေရှိရာဆီ မောင်းခွင့်ပြုတာဖြစ်ပါတယ်။ လမ်းက ကျယ်လွန်းအားကြီးတာမို့ “ဒီနေရာမှာ လေယာဉ်တောင် ဆင်းလို့ရတယ်” လို့ သတင်းထောက်တယောက်က မှတ်ချက် ပေးပါတယ်။
ဂိတ်ဝမှာ ကားတွေအားလုံး ကားအောက်ကြည့် ရှာဖွေရေးမှန်တွေနဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရပါတယ်။ နေရောင်ကာ ကားမှန်တွေကို စူးစိုက်ကြည့်လိုက်မယ်ဆိုရင် ခေါင်းပေါင်းပေါင်းထားတဲ့ လွှတ်တော်အမတ်တွေကို လေအေးပေးစက်တပ်ထားတဲ့ ကားတွေထဲမှာ အစောင့်အရှောက်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိနေတာ တွေ့ရမှာပါ။ သေချာတာကတော့ လွှတ်တော်အမတ်အားလုံးမှာ ကိုယ်ပိုင်ကား မရှိကြပါဘူး၊ တချို့ဆိုရင် အများသုံး ဗင်ကားတွေနဲ့ ရောက်လာကြတာ ဖြစ်ပါတယ်။
လွှတ်တော်ဝင်းထဲမှာတော့ စုလစ်မွမ်းချွန်တွေ ထိုးထိုးထောင်ထောင်ထွက်နေပြီး ကြီးကျယ်ခန်းနားလှတဲ့ လွှတ်တော်အဆောက် အအုံကြီးတွေကို တွေ့ရပါတယ်။ နေပြည်တော်ဆိုတဲ့ မြို့တော်အမည်နဲ့ သဟဇာတဖြစ်အောင် ဒီအဆောက်အအုံကြီးတွေကို တော်ဝင်ဗိသုကာပုံစံနဲ့ အသေအချာ တည်ဆောက်ထားတာပါ။
ဒါပေမယ့် ဒီ “တော်ဝင်” မြို့ကြီးရဲ့ဝိညာဉ်လို့ပဲ ပြောရမလား ဒါမှမဟုတ် အနှစ်သာရလို့ပဲ ဆိုရမလား အဲ့ဒီအရာကိုရှာဖို့တော့ ခက်လှပါတယ်။ ဘာလဲ ဒီမြို့ရဲ့ သမိုင်းကြောင်း၊ ဘယ်မှာလည်း ဒီမြို့ ရဲ့ ယဉ်ကျေးမှု။
ဒါတွေတခုမှ မတွေ့ရပါဘူး၊ တခြား မြို့ကြီးတွေနဲ့ ဝေးရာဖြစ်ပြီး မြို့တော်ဟောင်း ရန်ကုန်နဲ့ ကီလိုမီတာ ၃၂၀ အဝေးက လူမရှိသူမရှိ နေရာမှာ ဒီမြို့ကို စစ်အစိုးရက၂၀၀၅ ခုနှစ်မှာမှ ရုတ်တရက် တည်ခဲ့တာကိုး။ လှိုက်လှဲပျူဌာမှု (Homely) ဆိုတာ နေပြည်တော်နဲ့ သက်ဆိုင်တဲ့ စကားလုံးမဟုတ်ပါဘူး။ လွှတ်တော်အဆောက်အအုံကလည်း အလားတူပါပဲ၊ အလွန်ကြီးတယ်၊ သစ်လွင်တယ်၊ ဒါ ပေမယ့် မြို့ရဲ့ဝိညာဉ်ကတော့ ကင်းမဲ့နေပါတယ်။
“ဒါက Royal Prison (တော်ဝင်ထောင်) လေ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းအဖွဲဝင်တဦးလည်းဖြစ်၊ NLD ရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ပြည်သူ့လွှတ်တော်အဆောက်အအုံ လှေခါးထစ်ထိပ်မှာ ပြက်လုံးထုတ်ပါတယ်။ သူရယ်၊ ကျနော်ရယ်၊ ပြီးတော့ တခြား NLD လွှတ်တော်အမတ်တွေနဲ့ သတင်းထောက်ပေါင်းစုံဟာ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် ဒီလွှတ်တော်အဆောက်အအုံထဲ ဝင်အလာကို စောင့်နေကြတာဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေ နေပြည်တော်မှာ ဘယ်နေရာမှ သွားစရာမရှိဘူးလို့လည်း နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးတဲ့ ဦးဝင်းထိန်က ပြောပါသေးတယ်။ သူတို့အားလုံးက အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေပြီးတဲ့အထိ နေပြည်တော်မှာပဲ လနဲ့ချီပြီး နေကြရမှာလေ။
အပြစ်အနာအဆာတွေ ဘယ်လိုပဲရှိရှိ ဒီလွှတ်တော်ကတော့ သမိုင်းဝင် လွှတ်တော်တရပ ်ဖြစ်လာမှာလို့ ပြောလို့ရပါတယ်။ ရာစုနှစ် ထက်ဝက်အတွင်း ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ဒီလွှတ်တော်ဟာ နိုင်ငံရေးအရ ပါဝင်မှုအရှိဆုံးဖြစ်ပြီး အတော်လေး ဒီမိုကရေစီနည်း ကျတယ်လို့ ပြောနိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်တဲ့ ၁၉၆၂-၁၉၈၈ ကာလတွေတုန်းက မြန်မာနိုင်ငံမှာ အတုအယောင် လွှတ်တော်တရပ် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈-၂၀၁၁ ကာလမှာတော့ စစ်အာဏာရှင်တွေက အဲ့ဒီလိုလွှတ်တော်ပုံစံမျိုးတောင်မရှိဘဲ နိုင်ငံကို အုပ်ချုပ်ခဲ့ကြတာ ပါ။
ဇူလိုင်လ ၉ ရက်နေ့ဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးလွှတ်တော်အစည်းအဝေးတက်တဲ့နေ့ဖြစ်တာ မို့ သမိုင်းဝင်နေ့ရက်ဖြစ်ပါတယ်။ သူ အစည်းအဝေးတက်တာဟာ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်မှုအပေါ် တရားဝင်မှု တစုံတရာ ပေးအပ်လိုက်တာလည်း ဖြစ်တာမို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအနေအထားကို သိသိသာသာ ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကိုယ်စားလှယ်တွေ ရှိနေတာဟာ ဒီလွှတ်တော်ရဲ့ ဒီမိုကရေစီအနှစ်သာရကို သိသိသာ ယုတ်လျော့စေတာ အမှန်ပါပဲ။ ဒါပေမယ့် အရောင်အသွေးစုံတဲ့ လွှတ်တော်လို့တော့ ပြောရမှာပါ။
လွှတ်တော်ထဲမှာ NLD အမတ်တွေနဲ့ သူတို့ရဲ့မဟာမိတ်တွေက ပင်နီတိုက်ပုံဝတ်ပြီး USDP အမတ်တွေကတော့ အဖြူရောင် တိုက်ပုံဝတ်ကြပါတယ်။ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ (SNDP) လွှတ်တော်အမတ်တွေကလည်း ရှမ်းရိုးရာ ပင်နီဝတ်စုံ ဝတ်ဆင်ကြပြီး အခြား တိုင်းရင်းသားအမတ်တွေကတော့ သူတို့ရိုးရာဝတ်စုံတွေ ဝတ်ကြပါတယ်။ အရောင်တွေကတော့ မျိုးစုံပေါ့။
ဒီဝတ်စုံတွေထဲမှာ လွှတ်တော်နဲ့ မအပ်စပ်ဆုံး ဒါမှမဟုတ်လည်း ရုပ်အဆိုးဆုံးလို့ ပြောရမယ့်အရောင်ကတော့ စစ်စိမ်းရောင်ပါပဲ။ လွှတ်တော်ခန်းမထဲမှာ အမတ်တွေထိုင်ဖို့ (ထိုင်ခုံတွေကိုတောင် ၄ ပုံပုံထားသလားမသိ) ဒေါင်လိုက် ခုံတန်း ၄ တန်းရှိပြီး ညာဖက် အစွန်ဆုံးကော်လံကို စစ်စိမ်းရောင်တွေ ဖုံးအုပ်ထားတာပါ။ ဒီအရောင်တွေ လွှတ်တော်ထဲမှာ ပျောက်သွားဖို့ လုပ်နိုင်တာကတော့ ပြည်တွင်းပြည်ပက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပါပဲ။
စစ်တပ်ကိုယ်စားလှယ်တွေထိုင်ကြတဲ့ ခုံတန်း ၈ တန်းက ၇ တန်းမှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးကနေ ဗိုလ်ကြီးအထိ ရာထူးအလိုက် အရှေ့အနောက် ထိုင်ကြပြီး နောက်ဆုံးတန်းမှာတော့ လေတပ်နဲ့ ရေတပ်က အရာရှိတွေ ထိုင်ကြတာပါ။
လွှတ်တော်အမတ်တွေဟာ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေ ရှိနေတဲ့ကိစ္စကို လောလောဆယ်ကိုင်တွယ်ဖို့ ခက်တယ်လို့ ယူဆနေပုံ ပေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွှတ်တော်တက်တဲ့ ရည်ရွယ်ချက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေထဲက (လွှတ်တော်နေရာမှာ စစ်တပ်အတွက် ၂၅ ရာခိုင်နှုန်း အာမခံချက်လိုမျိုး) ဒီမိုကရေစီနည်းမကျတဲ့ ပြဌာန်းချက်တွေကို ပြင်ဖို့ဖြစ်တယ်လို့ လွှတ်တော်မတက်ခင်မှာ ထပ်တလဲလဲ ပြောခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ အဲ့ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန်မရောက်သေးဘူးလို့ သူ ယူဆနေနိုင်ပါတယ်။ “ကျမတို့ ဒီကိုလာတာဟာ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်၊ ဆန့်ကျင်ဖို့မဟုတ်ဘူး” လို့ လွှတ်တော်အစည်းအဝေး ပထမနေ့တက်ပြီးတဲ့အခါ သူက သူ့ရဲ့ NLD အမတ်တွေကို ပြောတယ်လို့ ကြားရပါတယ်။
USDP အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကတော့ “လွှတ်တော်ထဲမှာ အခြားပါတီက ကိုယ်စားလှယ်တွေကို အတိုက်အခံလို့ ကျနော်မမြင်ပါဘူး။ အတိုက်အခံဆိုတာကို အဓိပ္ပါယ်ဖွင့်ရတာဟာလည်း ခက်လှပါတယ်။ ကျနော်တို့အားလုံး ဒီမှာရှိနေတာဟာ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် အလုပ်အတူလုပ်ကြဖို့လို့ ကျနော်ထင်ပါတယ်” လို့ လွှတ်တော်ခန်းမ အဝင်မှာ ကျနော့်ကို ပြောပါတယ်။
သတင်းဌာနတွေနဲ့ တွေတဲ့အခါမှာ လွှတ်တော်အမတ်တွေ (အထူးသဖြင့် USDP ထဲက စစ်တပ်အရာရှိဟောင်းတွေ) က ပါးရည်နပ်ရည်ရှိပြီး အများလက်ခံနိုင်တဲ့ ဘာသာစကားကို ပိုသုံးနိုင်လာကြတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ပြော တာတွေကတော့ အားလုံး မှန်ချင်မှလည်းမှန်မယ်၊ အဓိပ္ပါယ်ရှိချင်မှလည်း ရှိမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ထဲရောက်လာပြီးတဲ့နောက် လွှတ်တော်ရဲ့ အနေအထားက ဘယ်လောက် လှုပ်ရှားသက်ဝင်လာသလဲလို့ ဦးဌေးဦးကို ကျနော် မေးကြည့်တော့ သူက “လူပိုများလာတာပေါ့ဗျာ။ အခုဆိုရင် ထိုင်ခုံလွတ် တောင် မရှိတော့ဘူးလေ” တဲ့။
လွှတ်တော်တက်ဝတ်စုံတွေက တောင့်တောင့်ကြီး ဖြစ်မနေဘူးလားဗျာလို့ မေးလိုက်တဲ့အခါမှာတော့ သူက ခဏလေး မှင်သက်သွားပါတယ်။ ပြီးတော့မှ ပြုံးပြီး (သူ့ခေါင်းပေါင်းကို လက်ညှိုးထိုးလို့) “အခုဆို ကျနော်လည်း ခေါင်းပေါင်းဝတ်ရတာ ကျင့်သားရပါပြီ၊ ဝတ်ခါစကတော့ အကျင့်မရဘူးပေါ့” လို့ ဆိုပါတယ်။ “ဒါက ကျနော်တို့ရဲ့ ဂုဏ်သိက္ခာလေ။ လွှတ်တော် ကို မြက်ခင်းပေါ်မှာလည်း ကျင်းပလို့ရတာပဲ။ ဒီမှာ ကျင်းပတယ်ဆိုတာက ဂုဏ်သိက္ခာနဲ့ဆိုင်တယ်လေ” လို့လည်း သူက ပြောပါတယ်။
လွှတ်တော်အစည်းအဝေးတွေထဲမှာ ဆွေးနွေးမှုတွေ လွတ်လွတ်လပ်လပ် ရှိပုံပေါ်တာကတော့ အသေအချာပါပဲ။ လွှတ်တော်အမတ် တွေအနေနဲ့ လမ်းပေါ်က ချိုင့်တွေကိုပြင်တာကအစ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ကိစ္စ၊ တိုင်းရင်းသားပဋိပက္ခနဲ့ မြေယာ သိမ်းတဲ့ ကိစ္စတွေအထိ လက်တွေ့ကျကျ တင်ပြဆွေးနွေးနိုင်ကြပါတယ်။
“လုပ်ရိုးလုပ်စဉ်နဲ့ ပုံစံကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကနဲ့ ဆင်ပါတယ်၊ ဒါပေမယ့် ဒီလွှတ်တော်မှာတော့ ပိုလွတ်လပ် ခွင့်ရှိတယ်” လို့ အစည်းအဝေးခဏနားတဲ့အချိန်မှာ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က ကျနော့်ကို ပြောပြပါတယ်။ သူက သတင်းသမားတယောက် ဖြစ်ခဲ့တာမို့ အတိုက်အခံ လုံးဝမရှိတဲ့ အရင်အာဏာရှင်ရဲ့ လွှတ်တော်ကို မျက်မြေကိုယ်တွေ့ ကြုံခဲ့ရသူပါ။
အခုလွှတ်တော်သစ်ကတော့ အရင်ကနဲ့ လုံးဝမတူပါဘူး။ မီဒီယာက လူတွေကို “စတုတ္ထ မဏ္ဍိုင် (Fourth Estate)” အဖြစ်နဲ့ လွှတ်တော်ရဲ့ လုပ်ပုံလုပ်နည်းတွေကို စောင့်ကြည့်ခွင့်ပြုပါတယ်။ လွှတ်တော်ထဲမှာ သူတို့ရှိတဲ့နေရာက ခန်းမရဲ့ အထက်မှာဆိုပေ မယ့် သူတို့က လွှတ်တော်အမတ်တွေ ဘာလုပ်ကြတယ်၊ ဘာတွေဆွေးနွေးကြတယ်ဆိုတာကို မျက်စေ့ဒေါက်ထောက် ကြည့်နေကြ တာပါ။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ လွှတ်တော်အမတ်ဖြစ်လာတဲ့ သန်းကြွယ်သူဌေးကြီးတွေအပါအဝင် ထင်ရှားတဲ့ လွှတ်တော်အမတ်တွေကိုလည်း ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်ကြတာပေါ့။
ကျနော်တို့ နေ့လည်စာစားအပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်စင်္ကြန်လမ်းမှာ တွေ့တဲ့အခါမှာ သူက မီဒီယာသမားတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။ “မီဒီယာသမားတွေအနေနဲ့ ကျနော်တို့လွှတ်တော်ကို အခုလိုလာပြီး အားပေးကြတဲ့အပေါ် ကျနော် အရမ်းဝမ်းသာပါတယ်” လို့ သူက ပြောပါတယ်။ “အခုတော့ ဘာမှ မမေးပါနဲ့အုံး” လို့ မပြောခင်မှာ အဲ့ဒီလို နှုတ်ဆက်တာပါ။ အနိမ့်ဆုံးတော့ သတင်းထောက်တွေက သူ့ကို ဓာတ်ပုံရိုက်ခွင့် ရလိုက်ပါတယ်။
လွှတ်တော်ထဲမှာ မီဒီယာကလည်း သြဇာရှိတာ အမှန်ပါပဲ။ အနိမ့်ဆုံးတော့ လွှတ်တော်အမတ်တချို့ အိပ်မငိုက်ရဲကြဘူးပေါ့။ “တီဗွီကင်မရာတွေက တချိန်လုံးရိုက်နေတော့ ကျနော်လည်း မငိုက်ရဲဘူးလေ” လို့ ဦးဝင်းထိန်က အရွှမ်း ဖောက်ပါတယ်။ “ကျနော်ငိုက်နေတာကို ကျနော့်မဲဆန္ဒရှင်တွေ တွေ့သွားရင် ကျနော့်ကို ထုတ်ပစ်ကြလိမ်ပမယ်” လို့လည်း သူက ပြောပါသေး တယ်။
ဒါပေမယ့် လွှတ်တော်အမတ်တွေရဲ့ တင်ပြပုံတွေနဲ့ ကိစ္စတွေရပ်တွေအပေါ် ဆွေးနွေးငြင်းခုံကြပုံတွေက မီဒီယာသမားတွေရှိနေ တယ်ဆိုတာကို လျစ်လျူရှုထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမတ်တွေ အိပ်နေတဲ့ပုံတွေနဲ့ iPad သုံးနေတဲ့ပုံတွေကတော့ ဖေ့စ် ဘွတ်နဲ့ တခြား လူမှုကွန်ရက်တွေမှာ ပြန့်လို့နေပါပြီ။ တနေကုန် ထိုင်ပြီးတဲ့အခါ သူတို့အတော်များများက (ကျောင်းက သူတို့ ကလေးတွေလိုပဲ) တနေ့တာ မြန်မြန်ကုန်ပါစေတော့လို့ တောင့်တမိကြပုံ ရပါတယ်။
အစည်းအဝေးပြီးလို့ အမတ်တွေ ပြန်ကြတဲ့အခါမှာ သတင်းထောက်တွေက စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှမြင့်စိုးကို ဗင်ကားပေါ်မတက်ခင် ဝိုင်းအုံပြီး တပ်က ဘာတွေအဆိုပြုမလဲလို့ မေးကြပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို တပ်က ရက်ရက်စက်စက် ဖြိုခွဲတဲ့အခါမှာ သူက အဓိကအခန်းကဏ္ဍကနေ ပါခဲ့တယ်လို့ သိထားကြတာကိုး။
ဗိုလ်မှူးကြီး လှမြင့်စိုးကတော့ ဖော်ဖော်ရွေရွေနဲ့ မေးခွန်းတွေကို ပြန်ဖြေပါတယ်။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ဆက်တိုက်မေးကြပါတယ်။ ဒါပေမယ့် အခြားအရာရှိတယောက်က “ကျနော်တို့မှာ လုပ်စရာတွေ ရှိသေးတယ်” လို့ ပြတ် တောင်းတောင်းနဲ့ ရုတ်တရက် ဝင်ပြောပြီး သူ့ကို လက်မောင်းကနေ ခပ်ကြမ်းကြမ်း ဆွဲခေါ်သွားလိုက်ပါတယ်။
စစ်စိမ်းရောင်လွှမ်းမိုးတဲ့ လွှတ်တော်ရဲ့ သရုပ်သကန်ကို ဒီမြင်ကွင်းက လှစ်ပြလိုက်သလို ကျနော်ခံစားမိပါတယ်။