ငတိုးလို့ ခေါ်တဲ့ ကျနော့်သူငယ်ချင်း ခင်မောင်တိုးကို စသိရတာ ၁၉၆၆ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပထမနှစ် စတက်တုန်းကပါ။ အဲဒီတုန်းက သမိုင်းဝင်း နတ်မောက်ဆောင်မှာ အတူနေရတာ၊ နောက် ဒုတိယနှစ်မှာ အင်းလေးဆောင်၊ တတိယနှစ် RIT ကျောင်းဝင်းထဲ ပြောင်းတော့လည်း အတူတူနေပေါ့။
ကျနော်က သူ့ကို ငတိုးလို့ ခေါ်သလို သူကလည်း ကျနော့်ကို စိန်ဝင်း ဒါမှမဟုတ် ပုတီးကုန်း လို့ခေါ်တယ်။ ပြောရရင် ခင်မောင်တိုးနဲ့ ကျနော်နဲ့က ကျောင်းကို ရောက်တာချင်း တူသလို အဆောင်မှာလည်း အတူတူ၊ စားအတူ၊ သွားအတူ၊ အတန်းလည်းအတူတူ ဆိုတော့ ညီအစ်ကိုလိုပဲနေကြတာ။
ခင်မောင်တိုးက အေးတိအေးစက်၊ အရမ်းအေးတာ။ စကားပြောရင်လည်း လေးလေးနက်နက်၊ လူမှန်။ သူ့ကိုပြောရင်လည်း မထုံတက်တေး။ ကျနော်က သွက်တယ်၊ ပြာယာခပ်တယ်၊ ဆန့်ကျင်ဘက်၊ ဒါပေမယ့် တွဲမိတယ်။
ကျနော်က ကဗျာရူး စာရူး၊ ခင်မောင်တိုးရဲ့ သူငယ်ချင်း ဘူမိဗေဒက ကိုတင်မောင်လှိုင်ကလည်း ဂစ်တာ အတီးကောင်း၊ သီချင်း အဆိုကောင်း၊ နောက် သီချင်းရေးတာ ပိုဝါသနာပါတယ်။ အဲဒီတော့ ကျောင်းမဂ္ဂဇင်းတို့ စာစောင်တို့မှာပါတဲ့ ကျနော်ရဲ့ရတနာသူ၊ ဆရာ မောင်ပန်းမွှေး ကဗျာနဲ့ အိုင်ဒီယာ ခပ်ဆင်ဆင်ဖြစ်တဲ့ မျက်သွယ်စတဲ့ သီချင်းအဖြစ် ဆိုလို့ကောင်းမယ့် ကဗျာတွေကို ကိုတင်မောင်လှိုင်ပဲ သံစဉ်ထည့်ပြီး ဆိုကြပေါ့။
ညဆိုရင် မာလာတို့ သီရိတို့ မိန်းကလေးဆောင်တွေမှာ သီချင်းသွားဆိုကြတယ်။ ဟိုတုန်းက အဆောင်တက်တယ် ခေါ်ကြတယ်။ ကိုခင်မောင်တိုး တို့နဲ့ အဆောင်သွားပြီး သီချင်းဆိုတဲ့ အုပ်စုက မနည်းဘူး။ အခု စစ်ကိုင်းမှာနေတဲ့ ကိုစိုးကြီးတို့လည်း ပါတယ်။ သီချင်းသွားဆိုပြီး ပြန်လာရင် ကားတွေဘာတွေ မရှိဘူး၊ ဒီတိုင်းလမ်းလျှောက် ပြန်လာတဲ့ မိုးလင်းညတွေပေါ့ ဗျာ၊ အဲဒီလို နေခဲ့ကြတာ။
အဲဒီကာလ ကျောင်းသားဘ၀ အဆောင်ရှေ့သီချင်းဆိုရင် ခင်မောင်တိုးက အဆိုသမားမဟုတ်ဘူး၊ အတီးသမား။ တခြားလူတွေ အထူးသဖြင့် ကိုတင်မောင်လှိုင်တို့ပဲ ဆိုတာ၊ နောက်ပိုင်းကျ ခင်မောင်တိုး အဆိုတော်ဖြစ်လာတယ်ဆိုတာ အံသြဖို့ကောင်းတယ်။
မဇ္ဈိမလှိုင်းက ကိုရဲလွင်၊ ကိုမောင်မောင် (အဉ္ဇလီ) တို့က ကျနော်တို့ထက် အသက် နည်းနည်းကြီးပေမယ့် နှစ်တန်းလောက် ငယ်တော့ ပထမပိုင်းမှာ သီးခြားပဲ။ ကိုရဲလွင်က နေ့ကျောင်းသား၊ အဲဒီကတည်းက မြန်မာ့အသံ အင်္ဂလိပ်ပိုင်းမှာ သီချင်းဆိုတယ်။ E-Machine တီးဝိုင်းမှာ ဘေ့စ်တီးနေပြီ။ နောက်ပိုင်းကျတော့ ဝါသနာတူတော့လည်း ကျနော်တို့ ခင်မောင်တိုးတို့ အုပ်စုတွေနဲ့ တပူးတွဲတွဲ လုံးမိသွားတယ်။
နောက်ပိုင်းတော့ ခင်မောင်တိုးက အနုပညာကို ဝါသနာ ပိုပါတော့ ကျောင်းမပြီးလိုက်ဘူး။ ကျနော် ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက် သူငယ်ချင်းတွေနဲ့ ကွဲသွား၊ တွေ့ရင်တောင် ခရီးသွားဟန်လွှဲ အခြေအနေမှာ သူနဲ့ ကျနော်က အနုပညာလောကထဲမှာ ကျန်ရစ်တော့ ခင်မောင်တိုး မန္တလေးမှာ နေတာတောင် တလတခါနီးပါးလောက် တွေ့ဖြစ်ကြတယ်။
RIT ကျောင်း အနုပညာအသင်းက ကိုသန်းမြင့် ( တယော)၊ ကိုစောဝင်း (စောင်း)၊ ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုမောင်မောင်တို့ဆိုတာ က အင်ဂျင်နီယာပညာကို အနုပညာနဲ့ လုံးလုံး လဲသွားတဲ့လူတွေပေါ့။
ကျနော်တို့ ၁၉၇၂ ခုနှစ် Mechanical တက်ခဲ့တဲ့ ကျောင်းသားတွေ တနှစ်တခါလုပ်တဲ့ ဆရာကန်တော့ပွဲ မတိုင်ခင် တလလောက် အလိုဆို အကုန်လုံးဆုံပြီး သွားကြ လာကြ စားကြ သောက်ကြပေါ့။
မှတ်မှတ်ရရ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့ ခင်မောင်တိုး စင်ကာပူ ဆေးသွားမကုခင် နှစ်ရက်အလို၊ သူရယ် ကျနော်ရယ် နောက် အမြဲတွဲနေကျ ၁၉၇၂ ခုနှစ် ကျောင်းဆင်း သူငယ်ချင်း ၁၅ ယောက်လောက် RIT ထဲမှာ ထမင်းသွားစားကြတယ်။
ရည်ရွယ်ချက်က လာမယ့် ဒီဇင်ဘာ ၂၃ ရက် လုပ် မယ့် ဆရာကန်တော့ပွဲမှာ “သမုဒယ ကျောင်း” ဆိုတဲ့ ကျနော့်ကဗျာကို ခင်မောင်တိုး ဆိုမယ်။ အဲဒီအတွက် သူငယ်ချင်းတွေစုပြီး ဗီဒီယို သွားရိုက်ကြတာပါ။
ဒီ“သမုဒယကျောင်း” ကဗျာလေးကို မနှစ် ဆရာကန်တော့ပွဲကတည်းက ကျနော်က ကဗျာရွတ်၊ ခင်မောင်တိုး ဆိုမယ်လို့ စီစဉ်ထားပေမယ့် မနှစ်က ကျနော်က စင်ကာပူ စာပေဟောပြောပွဲ သွားလိုက်ရတော့ နှစ်ယောက်သား မဆုံပြန်ဘူး။
ဒီနှစ်တော့ ခင်မောင်တိုးက ကျနော့်ကို စာပေဟောပြောပွဲရှိရင် ကြိုပြီး ဖျက်သိမ်းထားဖို့၊ ဒီနှစ် ဆရာကန်တော့ပွဲမှာ “သမုဒယကျောင်း” ကဗျာကို နှစ်ယောက်သားဆိုမယ် လုပ်ထားတာ၊ အခုတော့ သူက စင်ကာပူမှာပဲ ခေါင်းချသွားပြီ။
ကျနော်တို့ သူငယ်ချင်း ခင်မောင်တိုး ရုတ်တရက် လောကကြီးထဲက ထွက်သွားရတော့ မိသားစုထဲက တယောက် ပဲ့သွားသလို ခံစားရတယ်၊ သူ့ပရိသတ် တယောက်အနေနဲ့လည်း ဂီတလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုလို့ ထင်ပါတယ်။
(ကဗျာဆရာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားခြင်းကို ဖော်ပြပါသည်)