မြန်မာတနိုင်ငံလုံးရှိ ကျေးရွာ၊ ရပ်ကွက်များအတွက် အုပ်ချုပ်ရေးမှူး အသစ်တွေကို ယခုလအတွင်း အပြီးသတ် ရွေးချယ်နေကြရာ ဘက်လိုက်မှု၊ မသမာမှု၊ အဓမ္မမှု၊ ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာမှု စတဲ့ နည်းလမ်းတွေ ရှိနေတဲ့အတွက် ကန့်ကွက်မှု၊ တိုင်ကြားမှု၊ ခိုက်ရန် ဖြစ်ပွားမှု စတဲ့ ပြဿနာတွေဟာလည်းပဲ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။
ရန်ကုန်တိုင်း အတွင်းက မြို့နယ်၊ ရပ်ကွက်တချို့မှာ ယခင် အုပ်ချုပ်ရေးမှူး အဟောင်းနဲ့ လက်ရှိ ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလောင်း အသစ်တွေအကြား အားပြိုင်မှုတွေ ဖြစ်နေသလို အငြင်းပွားမှု၊ ကန့်ကွက်မှု၊ မကျေနပ်မှုတွေကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အမှုတွေလည်း ရှိနေတယ်။
“ဒီလိုပြဿနာ မျိုးစုံနဲ့ကြုံနေတာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ့်ပါတီ အနိုင်ရရေးအတွက် ဦးစားပေး လုပ်ဆောင်နေကြလို့ပါ။ ဒီပြဿနာတွေကို ဥပဒေကြောင်းအရ ဖြစ်ဖို့ လွှတ်တော်မှာ ထပ်မံဆောင်ရွက်သွားမှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောပါတယ်။
နိုင်ငံရေးပါတီတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အခြေခံ ပြည်သူလူထုကို စည်းရုံးနိုင်ရေးကိစ္စမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အရေးပါတဲ့အတွက် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ဖြစ်ပွားနေပြီး ဥပဒေသစ် တရပ်ကို စတင်ကျင့်သုံးစ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်တွေရှိတယ်လို့ ရှေ့နေလည်းဖြစ်သူ ဦးသိန်းညွန့်က သုံးသပ်ပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ဖို့ အတွက် ရပ်/ကျေး ဥပဒေသစ်တရပ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းထားပြီးဖြစ်လို့ အဲဒီ ဥပဒေပါ စည်းကမ်းတွေအတိုင်း ဒီဇင်ဘာလမှာ အပြီးသတ် ရွေးချယ်ဖို့ အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် ပြဿနာတွေ ဖြစ်ပေါ်နေတာပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ယခင်က ဗဟိုက ရွေးချယ်ခန့်အပ်တဲ့ စနစ်ပဲရှိခဲ့တယ်။
ဥပဒေသစ်မှာတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တယောက်ကို ရွေးချယ်ပြီးရင် သက်ဆိုင်ရာ ပြည်သူတွေ မနှစ်သက်ပါက ထိုဒေသ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်က ကန့်ကွက်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အဲဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးအတွက် ထိုက်သင့်တဲ့ ထောက်ပံ့ကြေး ချီးမြှင့်ငွေလစာ ပေးအပ်ဖို့လည်း ဥပဒေက ပြဌာန်းထားပါတယ်။ အဲဒီလိုလစာငွေ ချီးမြှင့်မှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူး လုပ်လိုသူတွေ ပေါများနေခြင်းကလည်း လက်ရှိဖြစ်ပွားနေတဲ့ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခတွေ ဖြစ်ရတဲ့အချက်တခုလို့ သိရတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတဦးဟာ မိမိရပ်ကွက်၊ ကျေးရွာအတွင်းမှာ လောင်းကစားမှု၊ ဒုစရိုက်မှုတခုခု ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေစစ်ဆေးခွင့်၊ ဖမ်းဝရမ်းထုတ်ပိုင်ခွင့် အာဏာကိုလည်း ဥပဒေက ပေးအပ်ထားပါတယ်။
ယခင် နအဖအစိုးရ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ လက်ရှိ ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလောင်း အသစ်တွေအကြား အားပြိုင်မှု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တို့အကြား အားပြိုင်မှုတွေဟာလည်းပဲ ဒေသအများစုမှာ ဖြစ်ပေါ်နေပါတယ်။
ကြည့်မြင်တိုင် မြို့နယ် ဘောဂရပ်ကွက်အတွက် ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးလောင်း ၅ ဦးကို အသက်အရွယ်ကြီးတာရယ်၊ NLD ပါတီဝင်တွေ ဖြစ်နေတာကြောင့် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်က ကန့်ကွက်နေတယ်လို့ ရပ်ကွက်ခံ ဦးတင်ဝင်းက ဧရာဝတီကို ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့အပြင် ရွေးချယ်ပွဲကိုလည်း ပျက်ပြားစေတဲ့အတွက် သူ့ရဲ့လုပ်ဆောင်ချက်ကို ကန့်ကွက်ရှှုတ်ချကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ပိုစတာတွေကိုင်ပြီး ရပ်ကွက်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မှော်ဘီမြို့နယ်ထဲမှာလည်းပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ကိစ္စကို မကျေနပ်လို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု တချို့ရှိခဲ့ပါတယ်။
အလားတူ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်စတဲ့ ဒေသတွေမှာလည်းပဲ အဲဒီ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကိစ္စ အငြင်းပွားမှု ပဋိပက္ခတွေဟာ ဆက်တိုက်ဖြစ်နေကြဆဲလို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု မကျေနပ်လို့ တိုင်ကြားမှု အများအပြား ရှိနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင် မြို့ပေါ်ကလွဲရင် ကျေးရွာအများစုမှာ အငြင်းပွားမှု ဖြစ်နေတဲ့အတွက် နှစ်ကြိမ်အထိ ပြန်ရွေးရတာတွေ၊ တိုင်တန်းမှုတွေစတဲ့ ပြဿနာတွေ ဖြစ်နေကြတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောပါတယ်။ မြို့တွေပေါ်မှာတော့ ကြံ့ခိုင်ရေး ပါတီဝင်တွေက နေရာရနေပြီး ကျေးရွာတွေမှာတော့ မွန်ပါတီ ကိုယ်စားပြုသူတွေက အားသာနေတယ်လို့ ဆိုပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ကိစ္စကို တချို့သော ဒေသတွေမှာ ပြည်သူအများစုက စိတ်ဝင်စားမှု မရှိကြဘူးလို့ သိရပေမယ့် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကဲခတ်တွေကတော့ အစိုးရတရပ်ရဲ့ အခြေခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စဖြစ်လို့ အရေးပါတယ်လို့ ခံယူထားကြတယ်။
ရှမ်းပြည်နယ်ရဲ့ မြို့တွေမှာလည်း ရွေးချယ်နေပြီ ဖြစ်ပေမယ့် ပြည်သူအများစုက စိတ်ဝင်စားမှု နည်းပါးတယ်လို့ လားရှှိုးဒေသခံနဲ့ NLD ပါတီဝင်ဖြစ်သူ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။
စစ်ကိုင်းတိုင်း တောင်တွင်းကြီး ဒေသမှာတော့ ပြည်သူတွေက စိတ်ဝင်စားမှု ရှိပေမယ့် ဘယ်သူဘယ်ဝါကို ရွေးချယ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် မပေးနိုင်ကြတာတွေကြောင့် ဘက်လိုက်မှု၊ မသမာမှုတွေ ကြုံနေရတယ်လို့ တောင်တွင်းကြီး ဒေသခံ ဦးခင်မောင်ဆွေက ပြောပါတယ်။
သူက “ပြည်သူတွေက အသိပညာနည်းပါးတာကို အခွင့်ကောင်းယူပြီး ဒီလူကိုမဲပေးပါ၊ ဟိုလူမဲပေးပါ ဆိုပြီး မဲပေးခိုင်းကြတယ်၊ ဒီဒေသမှာ NLD ပါတီက အင်အားကောင်းနေတော့ NLD ပါ တီဝင်တချို့ဟာ မောက်မာတာ၊ မိုက်မဲမှုတွေနဲ့ ဗိုလ်ကျ စိုးမိုးချင်တာတွေ တွေ့နေရတယ်” လို့ ပြောတယ်။
စစ်ကိုင်းတိုင်း ဒေသတချို့မှာ NLD က လူအများရဲ့ ထောက်ခံမှုရနေတာကို အခွင့်ကောင်းယူပြီး အောက်ခြေ ပါတီဝင်တချို့ဟာ အုပ်စုဖွဲ့ အနိုင်ယူနေတာတွေ ရှိနေတဲ့အတွက် ပါတီ ဗဟိုအနေနဲ့ အလေးထားဖို့ လိုအပ်တယ်လို့လည်း ဦးခင်မောင်ဆွေက ထောက်ပြဝေဖန်ပါတယ်။
စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်အများစုမှာတော့ ယခင် အုပ်ချုပ်ရေးမှူး အဟောင်းတွေကပဲ မဲအပြတ်အသတ်နဲ့ အနိုင်သွားတဲ့ အကြောင်း ဒီနေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ကျေးရွာအများစုမှာတော့ ကြံ့ခိုင်ရေးပါတီဝင် တွေဖြစ်တဲ့ ယခင်အုပ်ချုပ်ရေးမှူး အဟောင်းတွေကပဲ နေရာပြန်ယူလိုတဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ အနိုင်ရရေး ကြိုးပမ်းမှုတွေကြောင့် အငြင်းပွားမှု ပြဿနာတွေ၊ ခိုက်ရန် ဖြစ်ပွားမှုတွေ၊ တိုင်တန်းမှု တွေရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ယခင်အုပ်ချုပ်ရေးမှူး အဟောင်းတွေဟာ ၎င်းတို့ သို့မဟုတ် ၎င်းတို့နဲ့ နီးစပ်သူတွေကသာ နေရာပြန်ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို လာဘ်ငွေပေးနေတာတွေကြောင့် ခရိုင်အဆင့်၊ ပြည်နယ် ဝန်ကြီးချုပ်၊ နိုင်ငံရေးပါတီ စတဲ့ အဖွဲ့အစည်းတွေကို တိုင်ကြားမှုတွေ အများအပြား ဖြစ်ပေါ်နေတယ်လို့ သိရတယ်။
နိုင်ငံတဝမ်းရှိ ယခင်ရပ်ကျေး အုပ်ချုပ်ရေးမှူး အဟောင်းတွေ အားလုံးဟာ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်ပါတယ်။ လက်ရှိ အရွေးခံနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်း မဟုတ်သူနဲ့ ဒေသခံ ပြည်သူတွေက ရိုသေလေးစားမှု ရှိတဲ့ ရပ်မိရပ်ဖတွေ ဖြစ်ရမယ်လို့ ဥပဒေက ဆိုထားတယ်။
ယခု ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးပွဲ ထူးခြားတာ တခုကတော့ တချို့ဒေသတွေမှာ အမျိုးသမီးတွေကို အဲဒီ အုပ်ချုပ်ရေးမှူးနေရာအတွက် ရွေးချယ် အဆိုပြုကြတာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ဆယ်အိမ်စုမှူးကို ကနဦး ရွေးချယ်ပြီး၊ အဲဒီ ဆယ်အိမ်စုမှူးတွေထဲက အုပ်ချုပ်ရေးမှူးတဦးကို ထပ်မံ ရွေးချယ်ရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း အပြီးရွေးချယ်ပြီးပါက ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ တရားဝင် ခန့်အပ်တော့မှာ ဖြစ်ပါတယ်။
မန္တလေးဒေသမှာတော့ မြို့တွင်းမှာရှိတဲ့ မြို့နယ်တချို့မှာ စည်းကမ်းတကျ ရွေးချယ်မှုတွေရှိကြောင်း၊ သို့သော် ရပ်ကွက်သူ ရပ်ကွက်သား အများစုက စိတ်ဝင်စားမှု မရှိကြကြောင်း မန္တလေးမြို့ ချမ်းအေးသာဇံ ဒေသခံ ကိုမျိုးနိုင်က ပြောပါတယ်။
ဒါပေမယ့် အောင်မြေသာဇံမြို့နယ်နဲ့ တံတားဦး မြို့နယ်တွေ၊ မြို့ပြင်က ရပ်ကွက်တွေမှာတော့ စိတ်ဝင်စားမှု ရှိကြပြီး အငြင်းပွားမှု ပြဿနာတွေ ဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒီပြဿနာတွေဟာ အဓိကအားဖြင့် အင်အားကြီးပြီး လူထုထောက်ခံမှု ရနေတဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ အားပြိုင်မှုတွေ များနေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေက သုံးသပ်ကြပါတယ်။
တကယ်လို့သာ ရပ်ကွက်၊ ကျေးရွာ အုပ်ရေးမှူး ရွေးတဲ့ကိစ္စဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြမယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေးကို ဒီမိုကရေစီနည်းနဲ့ သွားနေတဲ့ လမ်းကြောင်းတွေကို အဟန့်အတား ဖြစ်စေနိုင်တယ်၊ ပြဿနာ ရှှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သေးတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
“ဒီလိုအချိန်မျိုးမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိတို့ပါတီ အနိုင်ရရေးထက် အားလုံးနဲ့ သက်ဆိုင်ပြီး ကျယ်ပြန့်တဲ့ ကိစ္စတွေကိုပဲ ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နေဦးမှာပါ” လို့ ဆိုပါတယ်။