ရခိုင်ဒေသကို ၂၀၁၂ ခု နှစ်ကုန်ပိုင်းမှာ ခရီးသွားခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ ကျောက်ဖြူ မြို့နဲ့ မဒေးကျွန်း မှာရှိတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ရေနက် ဆိပ်ကမ်း စီမံကိန်းတွေရှိတဲ့ နေရာကိုပါ။
ဒီဇင်ဘာ နောက်ဆုံးပတ် ၂၃ ရက်ကစပြီး တပတ်လောက်ကြာတဲ့ အဲဒီ ရန်ကုန်ကနေ ကျောက်ဖြူအထိ ကားနဲ့ သွားဖြစ်ခဲ့တဲ့ ကုန်းလမ်း ခရီးစဉ်ဟာ အတက်အဆင်း အကွေ့အကောက်များစွာ ရှိတဲ့ ရခိုင်ရိုးမ တောင်ပေါ်လမ်းတွေရဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေကြောင့် တနေ့၊ တည နဲ့ တမနက် နီးပါး ကြာမြင့်ပြီးမှ ကျောက်ဖြူကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းခရီး တလျှောက်မှာတော့ ဒေသဆိုင်ရာ မြင်ကွင်းအစုံကို တွေ့မြင်ခွင့်ရပါတယ်။
ရန်ကုန်ကနေ ပြည်မြို့အထိ ကားလမ်းမကြီးကတော့ ချောမွေ့ပါတယ်။ မနက် ၈ း ၃၀ နာရီခွဲလောက် ရန်ကုန်ကနေ စထွက်လာ တဲ့ ကားဟာ ပြည်ကို ညနေ ၃ း ၀၀ နာရီလောက် ရောက်လာပါတယ်။ အဲဒီ ရန်ကုန်-ပြည် ကားလမ်းဟာ သွားလေသူ တပါတီအာဏာရှင် ဦးနေဝင်း ရဲ့ ကောင်းမှုလို့လည်း လူအများက ပြောဆိုကြ ပါတယ်။ ဦးနေဝင်း ရဲ့ မဆလ ခေတ်မှာ မြန်မာ တပြည်လုံး ရန်ကုန်-ပြည် ကားလမ်းဟာ အကောင်းဆုံး လမ်းတလမ်းပါပဲ။
ရခိုင်ဒေသကို ရောက်ဖို့ ပြည်ကနေ ဧရာဝတီမြစ်ကို နဝဒေး တံတားကြီး ပေါ်ကနေ ဖြတ်သွားရပါတယ်။ ကားပေါ်မှာ အတူ ပါလာ တဲ့ သတင်းသမားတွေဟာ နဝဒေး တံတားပေါ်ကို ကားဖြတ်နေစဉ်မှာ ရေကျပြီး သောင်တွေ ထွန်းနေတဲ့ ဧရာဝတီမြစ် ရဲ့ ရုပ်ဆင်း သဏ္ဌာန် ကို ဓာတ်ပုံ ကင်မရာတွေ၊ ဗီဒီယို ကင်မရာတွေနဲ့ အမိအရ မှတ်တမ်းတင်ကြပါတယ်။
ဧရာဝတီကို ဖြတ်ပြီးလို့ တဖက်ကမ်းကို ရောက်တယ်ဆိုရင်ပဲ လမ်းအခြေအနေက စပြီး ဆိုးလာပါတယ်။ ဖုန်တွေလည်း အလုံး လိုက် ကားဆီ ပြေးဝင်လာပါတယ်။ ကား စမထွက်ခင်ကတည်းက ဒီခရီးစဉ်ကို စီစဉ်သူတွေက နှာခေါင်းစည်းတွေ ပေးထားလို့ သက်သာရာရပါတယ်။
ညနေ ၄ း ၃၀ လောက်မှာတော့ ပန်းတောင်းမြို့နယ် ဥသျှစ်ပင် စခန်း လူဝင်မှုကြီးကြပ်ရေး(လဝက) စစ်ဆေးရေး ဂိတ်မှာ ခဏ နားပါတယ်။ ကား ရေဆူနေလို့ ကားကို ရေတွေဘာတွေ ဖြည့်ပါသေးတယ်။ လူတွေကတော့ ကားပေါ်မှာပဲ သက်သောင့်သက်သာ နေပြီး စကားစမြည်တွေ ပြောနေကြပါတယ်။ ၅ း ၃၀ လောက်မှာတော့ ညောင်ကျိုးရွာကို ရောက်လာပါတယ်။ ညောင်ကျိုး မှာနား တာ နည်းနည်းကြာပါတယ်။ တချို့ ကျန်းမာရေး အလေးအပေါ့ သွား၊ တချို့က အဆာပြေစား အချိုရည် သောက်ကြပါတယ်။
အဲဒီ ညောင်ကျိုး လဝက ဂိတ် စခန်းမှာ“နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်ရေး အဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေး ကင်း စခန်း”ဆိုတဲ့ ဆိုင်းဘုတ် တခုကိုလည်း တွေ့ရပါတယ်။ ဥသျှစ်ပင် လဝက စခန်းမှာတော့ အဲဒီ ဆိုင်းဘုတ်မျိုး မတွေ့ရ ပါဘူး။“မြေမျို၍ လူမျိုး မပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်”ဆိုတဲ့ ဆိုင်းဘုတ်မျိုး၊ လမ်းပေါ် ပိတ်တားထားတဲ့ မောင်းတန်မှာ “တာဝန်အရ စစ်ဆေးခြင်း ကို ကြည်ဖြူစွာ လက်ခံပါ” ၊ “ယဉ် အစစ်ဆေးခံရန် သတင်းပို့ပါ”ဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေ ကတော့ အတူတူရှိပါတယ်။
ညောင်ကျိုး အထိ ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ်ထဲမှာပဲ ရှိပါသေးတယ်။ ဆိုင်းဘုတ်တခုမှာတော့ ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) လို့ တွေ့ရပါတယ်။ ကားပေါ်မှာ ပါလာတဲ့ ရခိုင်တိုင်းရင်းသူ တယောက်က ရခိုင်ရိုးမဟာ အဲဒီ ဥသျှစ်ပင်၊ ညောင်ကျိုးကနေ စတာလို့ ပြောပါတယ်။ ရခိုင် ရိုးမရဲ့ တောင်ပေါ်လမ်းဟာလည်း သိသိသာသာ အကွေ့အကောက်တွေ များလာပါတော့တယ်။ လမ်းမှာ ကား၂ စီး ရင်ဆိုင် ဆုံတွေ့ရင် တစီးက လမ်းဘေးချပြီး ရပ်စောင့်ပေးရပါတယ်။
ကားပေါ် က သတင်းသမား အများစုက ပထမဆုံး အတွေ့အကြုံ ဖြစ်တဲ့ အခုခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်း ပြောဆိုကြတော့ ဒီလမ်းခရီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူသွားခဲ့ရတဲ့ အတွေ့အကြုံအတိုင်းပဲ၊ ပြောင်းလဲမှု မရှိသေးဘူးလို့ ကားပေါ် ပါလာတဲ့ ရခိုင်တိုင်းရင်းသား ကိုဝင်းအောင်က ပြောပြပါတယ်။ ကိုဝင်းအောင်ဟာ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ ဦးဆောင်သူ ဖြစ်ပြီး ခရီးစဉ်ကို ဦးဆောင်စီစဉ်သူ တဦးလည်း ဖြစ်ပါတယ်။
တောင်ကုတ်ကို ရောက်တော့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ လူ ၁၀ ဦး အသတ်ခံရမှုကို သတိရလိုက်ပါတယ်။ အဲဒီ အမှုကို ပြည်ထဲရေး ဒု ဝန်ကြီး၊ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ အကြီးအကဲ စတဲ့ ၁၆ ဦးလောက် ပါဝင်တဲ့ စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ကြပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူ့လက်ချက်၊ ဘယ်သူတွေ ပါဝင် ပတ် သက် တယ် ဆိုတဲ့ တိကျတဲ့ အဖြေ တစုံတရာ ထုတ်ပြန်နိုင်ခြင်း မရှိသေးတာကိုလည်း သတိရမိပါတယ်။
တောင်ကုတ်မှာ လက်ဖက်ရည်သောက် နားပြီး ဆက်ထွက်လာတာ ဇင်းချောင်း ဆိုတဲ့ ရွာကို ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၆ နာရီလောက် ရောက်လာ ပါတယ်။ ဇင်းချောင်းမှာ မနက် အဆာပြေစားသောက်ပြီး ၇ း ၃၀ လောက်မှာ ကျောက်ဖြူကို ခရီးဆက်ပါတယ်။ ဇင်းချောင်း ပြီးရင် ခရီးဆုံးဖြစ်တဲ့ ကျောက်ဖြူ ဖြစ်ပါတယ်။
အဲဒီ ဇင်းချောင်း ကစပြီး ဘင်္ဂလား ပင်လယ်အော် လို့လည်း ခေါ်တဲ့ ရခိုင် ပင်လယ်ပြင်ကို တွေ့မြင်ရပါတယ်။ ဇင်းချောင်းကနေ ကျောက်ဖြူကို သွားတဲ့ ကားလမ်းဟာ လမ်းကြမ်း ဖုန်ထူပေမယ့် အချိန်အတော်ကြာ ပင်လယ်ကြီးနဲ့ အပြိုင် သွားနေရပြီး ပင်လယ် လေ နဲ့ ရှုခင်းကို ခံစားကြရတဲ့ အတွက် ကားပေါ်ပါလာသူ အားလုံး လိုလို အိပ်ရေးပျက်တာတွေ၊ ပင်ပန်းတာတွေ မေ့သွားကြပြီး ပင်လယ်ကြီးကို ကင်မရာတွေနဲ့ မှတ်တမ်း တင်ကြပါတယ်။ လမ်းပြင် လမ်းခင်းနေသူတွေကိုလည်း မှတ်တမ်း တင်ကြပါတယ်။
မနက် ၉ နာရီလောက်မှာ ကျောက်ဖြူကို ရောက်ပါတယ်။ ကားပေါ် ပါလာသူ အားလုံးလည်း ဖုန်အလိမ်းလိမ်းနဲ့ ပင်ပန်းနွမ်းနယ် နေလို့ နားချင်နေကြပါပြီ။ ဒါပေမယ့် တည်းခိုဖို့ နေရာထိုင်ခင်းချပြီး ၁၂ း ၀၀ နာရီလောက်မှာ နေ့လယ်စာစား ပါတယ်။ ပြီး တော့ ကျောက်ဖြူ မြို့တွင်းက ဘုရားကြီး ကွင်းမှာ ရှိတဲ့ ရခိုင် ဒုက္ခသည် စခန်းဆီ သွားကြပါတယ်။
အဲဒီ ဒုက္ခသည်စခန်းက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တကျော့ပြန် ဖြစ်ပွားတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် တွေ အကြား ပဋိပက္ခကြောင့် တိမ်းရှောင်နေကြရတဲ့သူတွေ ဖြစ်ပါတယ်။ ယာယီတဲ ၃၆ လုံးရှိပြီး လူဦးရေ တရာ ကျော်လောက် ရှိတယ်၊ သူတို့ကို ကျောက်ဖြူ ဒေသခံ ပြန်လည်ထူထောင်ရေး ကော်မတီက စောင့်ရှောက်ထားတယ်လို့ တာဝန်ရှိသူ တဦးက ပြောပြ ပါတယ်။ ကျောက်တလုံး ဘုရား အနောက်ဘက်မှာတော့ မွတ်စလင် ဒုက္ခသည် စခန်းရှိပါတယ်။ လူ ၂၀၀၀ နီးပါးရှိတယ်လို့ သိရ ပါတယ်။
သတင်းသမားတွေ အပါအဝင် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့နဲ့ ကျောက်ဖြူ ရေနံနဲ့ သဘာ၀ ပိုက်လိုင်း စောင့်ကြည့် လေ့လာရေး လုပ် နေတဲ့ ဒေသခံတချို့ဟာ ကျောက်တလုံး ဘုရား အနီး ပင်လယ်ကမ်းစပ်မှာရှိတဲ့ ကုန်းပေါ် ဂက်စ် ပိုက်လိုင်းစတင်တဲ့ နေရာကို လည်း သွားရောက်လေ့လာကြပါတယ်။ ပထမတော့ တာဝန်ကျ ဂက်စ်ပိုက်လိုင်း တာဝန်ရှိသူတွေက အဲဒီလုပ်ငန်းခွင်ထဲကို အဝင် မခံကြပါဘူး။ နောက်တော့မှ ညှိနှိုင်းကြရင်း အဆင်ပြေသွားလို့ သတင်းသမားတွေ ဝမ်းသာပြီး ရသမျှ ဓာတ်ပုံ မှတ်တမ်းတွေ ရိုက် ယူ ကြပါတယ်။ အင်တာဗျူးတော့ မရပါဘူး။
အဲဒီ ကုန်းပိုင်း ဂက်စ်ပိုက်လိုင်း စတင်တဲ့ နေရာ ကမ်းစပ်နဲ့ ၂၆ မိုင်လောက်ဝေးတဲ့ ရွှေ သဘာ၀ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ကနေ အချင်း ၃၂ လက်မလောက်ရှိတဲ့ ပိုက်လိုင်းကို ပင်လယ်ရေအောက်မှာ ချမြှုပ်ပြီး သွယ်တန်းထားပါတယ်။
ကျောက်တလုံး ကမ်းစပ်ကနေပြီးတော့ မလကျွန်း လို့ ခေါ်တဲ့နေရာမှာ ဂက်စ် သန့်စင် စက်ရုံ တည်ဆောက်နေတာကိုလည်း ဆက်လက် သွားရောက် လေ့လာကြပါတယ်။ မလကျွန်းနဲ့ ကျောက်တလုံး ကမ်းစပ် အကွာအဝေးက ၂ မိုင်ခွဲလောက် ရှိတယ်လို့ သိရတယ်။
အဲဒီနေရာကို ရောက်တော့ ဆောက်လက်စ စက်ရုံ အဆောက်အအုံတွေ၊ ဖုန်အလိမ်းလိမ်းထနေတဲ့ ပြုပြင်နေဆဲ လမ်းတွေ၊ သွားလာ လှုပ်ရှားနေတဲ့ အလုပ်သမားတွေကို တွေ့လို့ သတင်း သမားတွေက ဓာတ်ပုံတွေရိုက်၊ အင်တာဗျူးတွေ လုပ်ကြပါတယ်။ စက်ရုံ စီမံကိန်း ဧရိယာ မြင်ကွင်းကိုလည်း အလွန်ကျယ်ပြန့်စွာ တွေ့ရပါတယ်။ စီမံကိန်း ဧရိယာအတွင်းကိုတော့ ဝင်လို့ မရပါဘူး။
အဲဒီ စက်ရုံ စီမံကိန်းအတွက် တောင် တတောင်နဲ့ မြေ ဧက ၁၀၀ ကျော် အသိမ်းခံခဲ့ရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပြကြ တယ်။ တချို့ပဲ လျော်ကြေးရပြီး လျော်ကြေး မရတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီ စီမံကိန်းမှာလုပ်နေတဲ့ နိုင်ငံခြားသား တဦးနဲ့ သတင်းသမားတွေ ပဋိပက္ခလည်း ဖြစ်ခဲ့ပါသေးတယ်။
သတင်းသမားတွေ အင်တာဗျူး လုပ်နေဆဲမှာပဲ ဗွိုင်လာစွပ် ယူနီဖောင်း ဝတ်ပြီး ဟဲလ်မက် ဦးထုပ် ဆောင်းထားတဲ့ နိုင်ငံခြားသား တဦး ရောက်လာပါတယ်။ သူက သတင်းသမား တဦး ရိုက်နေတဲ့ ဗီဒီယို ကင်မရာကို သွားတားပါတယ်။ ပြီးတော့ အင်္ဂလိပ် လို မပီ မသနဲ့ ဒီနေရာမှာ ဓာတ်ပုံ ရိုက်ခွင့်မရှိဘူးလို့လည်း ပြောပါသေးတယ်။
ဒီ အချိန်မှာပဲ ကိုဝင်းအောင်က ဝင်ပြောလာပါတယ်။ ဘာဖြစ်လို့ မရိုက်ရတာလည်း ဒီနေရာက အများပြည်သူ နေရာဖြစ်တယ်။ ကျနော်တို့ သတင်းအတွက် ရိုက်တာဖြစ်တယ်၊ မရိုက်ရဘူးဆိုရင်တော့ ခင်ဗျားတို့ လုပ်နေတာတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့ လုပ် ရပ်ပဲလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားနဲ့ ပြောပြီး ဓာတ်ပုံရိုက်လိုက် ပါတယ်။ နိုင်ငံခြားသားက ချက်ချင်း ကိုဝင်းအောင်ရဲ့ ကင်မရာ ထဲက မယ်မိုရီကတ်ကို ထုတ်ပေးဖို့ တောင်းပါတယ်။ အဲဒီမှာ သတင်းသမားတွေက ကင်မရာ အလုံး ၂၀ လောက်နဲ့ နိုင်ငံခြားသား ကို ဝိုင်းရိုက်ပါတယ်။ နောက်ပိုင်းတော့ အဲဒီနိုင်ငံခြားသားလည်း လက်လျှော့ပြီး ပြန်သွားပါတယ်။ နိုင်ငံခြားသားက ကိုရီးယား လူမျိုးဖြစ်ပြီး အဲဒီ ဂက်စ် သန့်စင် စက်ရုံ စီမံကိန်းကို တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီက အဓိက လုပ်ကိုင်နေတာ လို့ သိရပါတယ်။
သတင်းသမားတွေ ဓာတ်ပုံ ရိုက်နေတဲ့ နေရာက ဂက်စ် သန့်စင် စက်ရုံ အပြင်ဘက်မှာပါ။ အပေါ်စီးက မြင်ကွင်းကျယ်မြင်ရတဲ့ နေ ရာ လည်း ဖြစ်ပါတယ်။ သတင်းသမားတွေကတော့ DVB ၊ The Voice ၊ Weekly Eleven ၊ မြန်မာပို့စ် ၊ မဇ္ဈိမ ၊ မော်ဒန် ၊ ဧရာဝတီ စတဲ့ သတင်း ဌာနတွေကပါ။ သတင်းသမား စုစုပေါင်း အယောက် ၂၀ လောက်ရှိပါတယ်။
မရှေးမနှောင်းမှာပဲ ဂက်စ် သန့်စင် စက်ရုံ စီမံကိန်းမှာ ဆောက်လုပ်ရေး လုပ်ငန်း ကန်ထရိုက်ရထားတဲ့ မြန်မာ ကုမ္ပဏီ တခုက သတင်းသမားတွေနဲ့ တွေ့ချင်တယ် ဆိုပြီးလာခေါ်လို့ သူတို့ ရုံးခန်းကို ရောက်သွားကြပါသေးတယ်။
အမေးအဖြေတွေလုပ် ဆွေးနွေးကြတော့ အလုပ်သမားတွေ အကြောင်း ပါလာပါတယ်။ အလုပ်သမားတွေ အန္တရာယ် ကင်းရှင်းရေး သူတို့ ဘယ်လိုစီစဉ်ဆောင်ရွက်ပေးတာ၊ လုပ်ခလစာနဲ့ ပတ်သက်လို့လည်း အပြည့်အ၀ ပေးတာတွေကို ရှင်းလင်းပြောပြပါတယ်။ ဒေသခံ အလုပ်သမားတွေကို အောက်ခြေသိမ်း အလုပ်ကြမ်းအလုပ်တွေ ပေးလုပ်ရတာကတော့ ပညာအရည်အချင်း နည်းပါးမှု၊ ကျွမ်း ကျင်တဲ့ အတတ်ပညာ မရှိမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ အဲဒီ ကုမ္ပဏီ အနေနဲ့ အချိန် ပိုကြေး၊ လုပ်ခ လစာ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အလုပ်သမားတွေနဲ့ ပြဿနာ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကုမ္ပဏီ တာဝန်ရှိသူ တဦးကတော့ သူတို့ တာဝန်ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းဟာ ၂၀၁၃ ခုနှစ် မေလကုန်ပိုင်းမှာ လက်စသတ်ရမှာ ဖြစ်တယ်လို့ ပြောပြနေပါသေးတယ်။
အဲဒီ ရခိုင် ကမ်းလွန် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း စီမံကိန်း တည်ဆောက်ရေးကို ၂၀၀၈ ခုနှစ်က စတင်ပြီး အရင် စစ် အစိုးရနဲ့ တရုတ် အစိုးရတို့ သဘောတူ စာချုပ်ချုပ်ဆိုထားတာပါ။
ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားတဲ့ ပိုက်လိုင်းကို ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည် နယ်အထိ သွယ်တန်းဖောက်လုပ်ဖို့ ဖြစ်ပါတယ်။ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူနဲ့ အမ်းမြို့နယ်၂ ခုကို ဖြတ်သွားပြီး မကွေး၊ မန္တလေး ၊ ပြင်ဦးလွင်နဲ့ ရှမ်း ပြည်နယ်တွေကိုလည်း ဖြတ်သွားမှာ ဖြစ်ပါတယ်။
ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A-1 နဲ့ A-3 က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်က စပြီး နှစ်ပေါင်း ၃၀ တရုတ်ကို ရောင်း ချ ထားတယ်လို့ သိရပါတယ်။ တရုတ်ကို တနှစ်မှာ သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနဲ့ ရေနံစိမ်းစည် ၄ သိန်း လောက် တင်ပို့နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရေနံပိုက်လိုင်း နဲ့ ရေနက် ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်နေတဲ့ မဒေးကျွန်းကိုတော့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ် နေ့ မနက်ပိုင်းမှာ သွားကြပါတယ်။ ကား စထွက်ထွက်ခြင်းမှာ သတင်းသမား မိန်းကလေးတဦး ခေါင်းမူးပြီး အန်လို့ ဆေးခန်းပြရပါသေး တယ်။ ကျောက်ဖြူကနေ ၈ မိုင်လောက်ဝေးတဲ့ ပင်လယ်ထဲက မဒေးကျွန်းကို ကျောက်ဖြူ ငလပွေ့ ဆိပ်ကမ်းကနေ စက်လှေနဲ့ တနာရီ လောက် သွားရတာပါ။
မနက် ၁၁ း ၀၀ နာရီလောက် စက်လှေကမ်းကပ်လို့ ကျွန်းပေါ်ကို ခြေချလိုက်ရင်ပဲ အလုပ်သမားတွေ ရောက်လာပါတယ်။ သူတို့ကို မြင်ရုံနဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းတွေကို လုပ်ရတဲ့ ဒေသခံအလုပ်သမားတွေ ဆိုတာ သိသာလှပါတယ်။
မဒေးကျွန်း ကျောက် တန်းရွာ အလုပ်သမားတဦး ပြောတာက အခုလို သတင်းသမားတွေ လာမယ်ဆိုလို့ လူဦးရေ ၁၀၀ လောက်ရှိတဲ့ သူတို့ကို တရုတ် ကုမ္ပဏီ က ဒီနေ့ အလုပ် မဆင်းခိုင်းဘဲ အိမ်ပြန် နေခိုင်းတယ်တဲ့။ သူတို့ဟာ မနက် ၆ နာရီလောက်ကတည်းက လုပ်ငန်းခွင်ကို ရောက် နေပြီးတော့ မပြန်ဘဲ သူတို့ တွေ့ကြုံရတဲ့ အခက်အခဲ တွေကို သတင်းသမားတွေ သိအောင် ပြောပြချင်လို့ လာစောင့်နေတာ ပါတဲ့။
သတင်းသမားတွေကလည်း အလုပ်သမားတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ပြီး အင်တာဗျူးတွေ လုပ်ကြပါတယ်။ အလုပ် သမား တွေ ပြောတာက သူတို့ဟာ တနေ့ကို ကျပ် ၃၀၀၀-၄၀၀၀ လောက် ရတယ်ဆိုပေမယ့် အမြဲတမ်း ဝန်ထမ်းတွေ အနေနဲ့ အလုပ်ပေးတာ မဟုတ်ဘဲ မြေကြီးတူး၊ လမ်းဖောက်၊ သန့်ရှင်းရေး အစရှိတဲ့ ကြုံရာ ကျပန်း အလုပ်တွေကို လိုမှ နေ့စားခေါ်ခိုင်းတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ နဲ့ အနာဂတ် ရပ်တည်ရေး မရေရာမှု ရှိတယ်တဲ့။
တရုတ် ဝန်ထမ်းတွေနဲ့ သူတို့ကို ခွဲခြား ဆက်ဆံမှုတွေ၊ လုပ်ခလစာ ကွာခြားမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တရုတ် ဝန်ထမ်း တချို့က သူတို့အပေါ်ခြေထောက်နဲ့ ညွှန်ပြ ခိုင်းစေတာမျိုး ရိုင်းရိုင်းပြပြ ဆက်ဆံတာတွေလည်း ရှိတယ်တဲ့။ တချို့နေ့ရက်တွေမှာ အလုပ်ချိန် ၁၀ နာရီ လောက် လုပ်ရ ပေမယ့်လည်း အချိန်ပိုကြေး မရဘူးလို့လည်း ပြောပါတယ်။
မဒေးကျွန်းပေါ်မှာ ရွာမ ၊ ကျောက်တန်း ၊ ပြိန် နဲ့ ပန်းထိန်ဆည် ဆိုတဲ့ ရွာ ၄ ရွာ ရှိပြီးတော့ ဒေသခံ လူဦးရေ ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ ရွာသားတွေဟာ အရင်တုန်းက လယ်ယာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ပြီး အခု ဒီ စီမံကိန်းတွေကြောင့် သူတို့ အလုပ်တွေ လုပ်လို့မရကြတော့ဘူးလို့ ဆိုပါတယ်။
ဒေသခံ ရွာသားတဦးက ကျွန်းပတ်လည်မှာရှိတဲ့ ငါးဖမ်းလို့ ကောင်းတဲ့ နေရာကို စီမံကိန်း သဘောၤတွေ လာလာ ဆိုက်ထားလို့ သူတို့ ငါးဖမ်းလုပ်ငန်း ပျက်ရတယ်လို့ ပြောပြပါတယ်။ အဲဒီ သဘောၤတွေဝင်လာလို့ ငါးဖမ်းပိုက်တွေ ပျက်စီးပြီး တချို့ သဘောၤတွေဆိုရင် ဆိုက် ထားတာ လနဲ့ချီကြာတယ်လို့လည်း ဆိုပါတယ်။ တချို့လည်း မိုင်းခွဲတဲ့ နေရာမှာ လုပ်ရင်း ထိခိုက် ဒဏ်ရာရတာမျိုးလည်း ရှိပါသေးတယ်။ အဲဒီလိုတွေ ကြုံကြရပေမယ့် နစ်နာကြေး မယ်မယ်ရရ မရကြဘူးလို့လည်း သိရပါတယ်။ အဲဒီ အလုပ်သမား တွေနဲ့ တွေ့တဲ့နေရာ က ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
သတင်း သမားတွေဟာ တခြားနေရာတွေက တည်ဆောက်ရေး လုပ်ငန်းတွေဆီကိုလည်း သွားကြပါတယ်။ လက်စ သတ်နေပြီ ဖြစ် တဲ့ ရေနံတင် ဆိပ်ကမ်း၊ တည်ဆောက်နေဆဲ ဂါလန် ၁ သိန်းလောက် ဆန့်တဲ့ ရေနံ သိုလှောင်ကန် စတဲ့ နေရာတွေပါ။ တရုတ် ဝန်ထမ်းတွေ ထားတဲ့ နေရာတွေကိုလည်း တွေ့မြင်ရပါတယ်။ အသေအချာ အဆောက်အအုံ ဆောက်လုပ်ပြီး အသုံးအဆောင် အစုံအလင်နဲ့ ထားတာပါ။
စီမံကိန်း ဧရိယာထဲက ကုန်းမြင့်လေး တနေရာမှာတော့ စောစောက ကျပန်း အလုပ်သမား တွေနေတဲ့ နေရာတခုကိုတွေ့ရပါတယ်။ မိုးလေဝသ ကုန်းလို့ ခေါ်ကြပါတယ်။ ပီနံအိတ် အခွံတွေကို အမိုးအကာ တွေလုပ်ပြီး ယာယီတဲ ထိုးနေကြတာပါ။ အဲဒီလို ၅ ပေ x ၆ ပေ ပတ်လည် လောက်ပဲရှိတဲ့ တဲတွေ ၁၀၀ ကျော်လောက် တွေ့ရပါတယ်။ အနံ့အသက် ဆိုးဆိုး ဝါးဝါး ရှိတာကို လည်း သတိထား မိပါတယ်။ မိသားစုအလိုက် ကလေးငယ်လေးတွေနဲ့ အသက်ကြီးသူတွေလည်း တွေ့မြင်ရပါတယ်။ သူတို့တွေ နေထိုင် စားသောက် မှုဟာ ကျန်းမာရေးနဲ့ ဘယ်လိုမှ မညီညွတ်နိုင်ဘူး ဆိုတာ ခန့်မှန်းမိလို့ အဲဒီမှာနေတဲ့ အလုပ်သမား တဦးကို မေးကြည့်တော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေက ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် လုပ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီလို တဲမျိုးတွေ အခြား နေရာ ၂ နေရာလောက်မှာလည်း တွေ့ရပါသေးတယ်။
စီမံကိန်း ဧရိယာအတွင်း ဒီလို ယာယီတဲတွေထိုးပြီး လာရောက် အလုပ်လုပ်နေသူတွေထဲမှာ မဒေးကျွန်း ဒေသခံတွေတင် မကပါဘူး။ ကျောက်ဖြူ၊ မြောက်ဦး၊ မာန်အောင် အစရှိတဲ့ ဒေသတွေကလည်း ပါကြပါတယ်။
အဲဒီ ယာယီတဲတွေ နေရာမှာ ရှိနေတုန်း CNPC တရုတ် ကုမ္ပဏီ တာဝန်ရှိသူ တချို့နဲ့ တွေ့ဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း စောင့်ကြည့် လေ့လာရေး လုပ်နေတဲ့ ဒေသခံတွေက လာခေါ်ပါတယ်။ ဒီအစီအစဉ်ကို အဲဒီဒေသခံတွေက ချိတ်ဆက်စောင်ရွက်တာ လို့လည်း သိရတယ်။ အခုလို တရုတ်တွေဘက်က သတင်းသမားတွေကို တွေ့ဆုံဖို့ စိတ်ဝင်စားတာဟာ တိုးတက်မှု တခုပါပဲ။ အရင် က ဆိုရင် သတင်းသမားတွေ သူတို့နဲ့ တွေ့ဆုံဖို့ မပြောနဲ့ စီမံကိန်း ဧရိယာ ထဲဝင်ဖို့၊ ဓာတ်ပုံ ရိုက်ဖို့ တွေကို ခွင့်မပြုပါဘူး။
တရုတ် ကုမ္ပဏီ အစည်းအဝေးခန်းထဲကို ရောက်တော့ တရုတ် ကုမ္ပဏီ တာဝန်ရှိသူ ၂ ဦးနဲ့ စကားပြန် အပါအဝင် မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(MOGE) တာဝန်ရှိသူ ၂ ဦးလည်း အသင့်စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။ MOGE က တာဝန်ရှိသူတွေက ဦးဖိုးကျော်နဲ့ ဦးကြည်ရှိန်လို့ သိရပါတယ်။ ပြီးတော့ အားလုံး မိတ်ဆက်ကြပါတယ်။ အပြန်အလှန် မေးမြန်း ဆွေးနွေးမှုတွေ လုပ်ကြပါတယ်။ ဆွေးနွေးတာတွေကတော့ ပိုက်လိုင်း စီမံကိန်း လက်ရှိအခြေအနေနဲ့ အဆုံးသတ်ကာလ၊ အလုပ်သမားအရေး၊ ကျောက်ဖြူ ဒေသတွင်း လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် ဒေသဖွံဖြိုးရေးနဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံများအတွက် အကျိုးခံစားခွင့် ဆိုင်ရာများပဲ ဖြစ်ပါတယ်။
တရုတ်တာဝန်ရှိသူတွေဘက်က ရှင်းပြတာကတော့ ပိုက်လိုင်း စီမံကိန်းမှာ CNPC က ၅၀.၉ ရာခိုင်နှုန်း နဲ့ MOGE က ၄၉.၁ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်း၊ ဂက်စ် ပိုက်လိုင်းကို ၂၀၁၃ မေလကုန်မှာ အဆုံးသတ်ပြီး ရေနံပိုက်လိုင်းကို စက်တင်ဘာ လကုန် ပိုင်းမှာ အဆုံးသတ်မှာ ဖြစ်ကြောင်း၊ အလုပ်သမားအရေးကို အလေးထားကြောင်း၊ ဝန်ထမ်း စုစုပေါင်း ၂၀၀၀ ကျော် ရှိရာမှာ ဒေသ ခံ အလုပ်သမား ၃၀ ရာခိုင်နှုန်း လောက် အလုပ်ပေးထားကြောင်း၊ သင့်တင့်မျှတတဲ့ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်များရရှိစေရန် လည်း ဆောင်ရွက်ပေးထားကြောင်း၊ ဒါပေမယ့် ဒေသခံအလုပ်သမား အများစုကို အောက်ခြေသိမ်း ကျပန်းအလုပ်တွေ ပေးထား ရတာက အတတ်ပညာ ကျွမ်းကျင်မှု နည်းပါးတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေနဲ့ ဒေသအရေး ဆောင်ရွက်နေသူတွေကတော့ တရုတ်ဘက်က ပြောဆိုရှင်းလင်းတာတွေ အများစုကို ကျေနပ်မှု မရှိပါဘူး။ မဒေးကျွန်း ပေါ်မှာ ဒေသခံ အလုပ်သမား စုစုပေါင်း ၁၄၀-၁၅၀ လောက်ပဲရှိတယ်လို့လည်း ပြောကြပါတယ်။
လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် တရုတ်ကုမ္ပဏီက ဒေါ်လာ ၁၀ သန်း လှူဒါန်း ထားပြီးသား ဖြစ်တယ်လို့ တရုတ်ဘက်က အဓိက တာဝန်ယူ ရှင်းလင်းတဲ့ Chang Huan Lai ဆိုသူက ပြောဆို လိုက်ချိန်မှာတော့ သတင်းသမားတွေနဲ့ ဒေသအရေး လှုပ်ရှားသူတွေဘက်က စိတ်ဝင်တစားနဲ့ ဘယ်ကို လှူတာလဲလို့ မေးကြပါတယ်။ အစိုးရက တဆင့် လှူတာဆိုတော့ ဒေသအရေး လှုပ်ရှားသူတွေက သူတို့ မသိပါဘူး၊ အဲဒီငွေတွေ ဘယ်ရောက်ကုန်သလဲ သိချင်ပါတယ် ဆိုတော့ တရုတ်ဘက်ကရော၊ MOGE တာဝန်ရှိသူများပါ ရေရေရာရာ အဖြေမပေးနိုင်ကြပါဘူး။
ဒေသဖွံဖြိုးရေးအတွက် ဆိုပြီး စာသင်ကျောင်း တချို့နဲ့ ဆေးပေးခန်း တချို့ ဆောက်ပေးထားတယ်လို့လည်း သိရပါတယ်။ ဒေသခံ တွေ ကတော့ အဲဒီ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေက အဆောက်အအုံပဲ ရှိတယ်၊ စာသင်မယ့် ဆရာ ဆရာမတွေ၊ ပရိဘောဂ တွေ မရှိဘူး၊ ဆေးဝါးနဲ့ ဆေးကုသပေးမယ့်သူတွေ မပြည့်စုံဘူးလို့ ဆိုပါတယ်။
မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီးတော့ MOGE က ဦးကြည်ရှိန်က မြေလွတ်မြေရိုင်းအားလုံး နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း၊ အမည်ပေါက်သူများကိုသာ လျော်ကြေးပေးနိုင်မည် ဖြစ်ကြောင်း ပြောဆို ရှင်းလင်း သွားပါတယ်။ ရေနက် ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေနဲ့ ပတ်သက်လို့တော့ အသေအချာ မသိခဲ့ကြရပါဘူး။
နောက်တနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ ပိုက်လိုင်း ဆက်သွယ်ရေး ကန်ထရိုက်ယူ လုပ်ကိုင်နေတဲ့ Punj Lloyd Ltd အိန္ဒိယ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီက မနှစ်က စပြီး ၂၀၂ ကီလိုမီတာ ရှည်တဲ့ ပိုက်လိုင်း ဆက်သွယ်ရေး လုပ် ငန်းကို တာဝန်ယူ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။ သူတို့ လုပ်ငန်းက ၂၀၁၃ ဖေဖော်ဝါရီလမှာ အပြီးသတ်မယ်လို့ သိရပါတယ်။ မြေ ယာ သိမ်းဆည်းမှုတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်လို့ ပိုပြီးရှင်းရှင်းလင်းလင်း သိရတာတွေ ရှိပါတယ်။ သူတို့ သိမ်းတဲ့မြေယာတွေ အတွက် လျော်ကြေးငွေတွေကို MOGE က ဖွဲ့စည်းထားတဲ့ မြေယာနဲ့ သီးနှံ လျော်ကြေးပေးရေး အဖွဲ့က တဆင့် ပိုင်ရှင် အမည်ပေါက် သူတွေကို ပေးလျော်ထားတယ်လို့ ရှင်းလင်းပါတယ်။ ပိုက်လိုင်း တလျှောက် လယ် တဧက ၁၄ သိန်း၊ ဥယျာဉ် ခြံမြေ ၃၆ သိန်း၊ ငါးကန် တကန် ၃၃ သိန်း နှုန်းနဲ့ ပေးလျော်တယ်လို့လည်း သိရပါတယ်။ မြေယာ အများစုရဲ့ ပိုင်ရှင် အမည်ပေါက်သူကတော့ ရေတပ် ဗိုလ်မှူး ဟောင်း တဦး ဖြစ်ပါတယ်။
ဒေသအခေါ် ၂၄ ဧက လို့ ခေါ်တဲ့ Punj Lloyd Ltd ရုံးဝန်းကျင် က မြေယာ အသိမ်းခံထားရသူ တချို့ကတော့ သူတို့ လယ်မြေတွေကို အဲဒီဗိုလ်မှူးဟောင်း အမည်ပေါက်နဲ့ လျော်ကြေးပေးထားတယ်ကြားပေမယ့် သူတို့ မရရှိဘူးလို့ ဆိုပါတယ်။ အနီးဝန်းကျင်ရှိ လယ်မြေ ၅ ဧက ခွဲလောက် အသိမ်းခံထားရတဲ့ ဦးကျော်ဇံသာ ဆိုတဲ့ တောင်သူဦးကြီးက သူဟာ ဒီလယ်တွေကို လုပ်ကိုင်လာတာ နှစ် ၆၀ ကျော်လောက် ရှိပြီ ဖြစ်ပြီး အခု ရေတပ် ဗိုလ်မှူးဟောင်းရဲ့ အမည်ပေါက်နေကြောင်း၊ သူ့အနေဖြင့် လျော်ကြေးရလိုမှုထက် တရား နည်းလမ်းတကျ ဖြစ်စေလိုကြောင်း သတင်းသမားတွေကို ပြောပါတယ်။
လက်ရှိ လယ်လုပ်ကိုင်နေသူ တဦးဖြစ်တဲ့ ဦးခင်မောင်မြင့် ဆိုသူကလည်း သူ့ လယ် ၂ ဧကလောက်မှာ အိန္ဒိယ ကုမ္ပဏီ လုပ်ငန်းခွင် ဘက်က လွှတ်လိုက်တဲ့ စက်ဆီတွေ၊ ရေဆိုးတွေ ဝင်ရောက်လာမှုကြောင့် လုံး၀ ထွန်ယက် စိုက်ပျိုးလို့ မရတော့ကြောင်း ပြောပြပါတယ်။
အဲဒီလယ်ကွက်နဲ့ မနီးမဝေးမှာလည်း ရေဆိုးတွေ ထိန်းသိမ်းထားတဲ့ ကန်တကန်ကို တွေ့ရပါသေးတယ်။ ဒါပေမယ့် အဲဒီရေဆိုးတွေကို စနစ်တကျ စွန့်ပစ်တာ မဟုတ်ပါဘူး။ ဒီအတိုင်း မြေကြီးပေါ်မှာ စီးနေတာကို တွေ့ရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းရေး အစီအစဉ်ကို သတင်းသမားတဦးက မေးတော့ အိန္ဒိယ ကုမ္ပဏီ အနေနဲ့ ရေရေရာရာ ပြန်မပြောနိုင်ဘဲ တရုတ် ကုမ္ပဏီရဲ့ မူဝါဒ အောက်မှာသာ လုပ်ကိုင်နေတာပါလို့သာ ဖြေကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၇ မနက်ပိုင်းမှာ အားလုံး အဲပုဂံနဲ့ ရန်ကုန်ပြန်မယ်၊ လေယာဉ် ကွင်းချိန်း ၁၁ နာရီ ၊ ၁၀ နာရီလောက် ထမင်းစားကြမယ်၊ အဆင်သင့်ပြင်ထား ကြပါလို့ ခရီးစဉ် ဦးဆောင်သူတွေက အကြောင်းကြားလို့ အထုပ်အပိုးတွေပြင်ပြီး အသင့် စောင့်နေကြပါတယ်။ ခဏကြာတော့ အဲပုဂံက ဖုန်းဆက် အကြောင်းကြားတယ်၊ သူတို့ လေကြောင်း ခရီးစဉ် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီ သတင်းကြားတော့ တချို့က စိတ်ပျက်ညီးညူကြသလို၊ ကြိတ်ပြီး ဝမ်းသာနေတဲ့ သူတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ခရစ္စမတ်နေ့က ရှမ်းပြည် ဟဲဟိုး လေဆိပ်မှာ အဲပုဂံ ပျက်ကျပြီး လူ ၂ ဦသေထားတဲ့အတွက် စိုးရိမ်နေကြလို့ပါ။
ဒါပေမယ့် အဲပုဂံ လေကြောင်းလိုင်းရဲ့ ဝန်ဆောင်မှုကိုတော့ ဘဝင်မကျသူ များပါတယ်။ လေကြောင်းလိုင်း အစီအစဉ် ဖျက်သိမ်း တာကို အကြောင်းကြားချိန် သိပ်နောက်ကျလွန်းလို့ပါ။ များသောအားဖြင့် လေကြောင်းလိုင်းတွေကို ခရီးသည် က နေ့ရက် အချိန် ရွှေ့ဆိုင်းလိုရင် အနည်းဆုံး ၇၂ နာရီ ကြိုတင် အကြောင်းကြားရမယ်လို့ သတ်မှတ် ထားတာမျိုး ရှိပါတယ်။ ငွေပိုပေး ရတာမျိုးတောင် ရှိပါသေးတယ်။
ဒါနဲ့ပဲ တခြားနည်းလမ်းနဲ့ပြန်ဖို့ စီစဉ်ကြရပါတယ်။ ပထမ စက်လှေနဲ့ တောင်ကုတ်အထိသွား၊ တောင်ကုတ်ကနေ ရန်ကုန် ခရီးဆက် မယ်ပေါ့၊ ဒါပေမယ့် အဲဒီခရီးက လိုအပ်တာထက် အချိန်ပိုကြာနိုင်တယ် ဆိုလို့ မွန်းလွဲ ၁ နာရီ လောက်မှာ ဒေသခံတွေ အကူအညီနဲ့ ကား ၃ စီး ငှားပြီး တောင်ကုတ်ကို ချီတက်ခဲ့ရပါတယ်။
တောင်ကုတ်နဲ့ ကျောက်ဖြူကြားမှာ ကမ္ဘာ့ အကြီးဆုံး ဒီရေတော တခုကိုလည်း တွေ့မြင် ဖြတ်သန်းခဲ့ရပါသေးတယ်။ ကားလမ်းက အဲဒီ ဒီရေတောကြီးကို ခွဲပြီး ဖောက်ထားတာပါ။ ဒေသခံ ကားသမားပြောတာကတော့ ကားလမ်းတလျှောက် ဒီရေတော အစအဆုံး ဟာ မိုင် ၂၀ လောက် ရှိတယ်တဲ့။ ဓနိတောတွေလည်း တွေ့ရပါတယ်။
ကျောက်ဖြူကနေ တောင်ကုတ်ကို ကားမောင်းချိန် ၇ နာရီလောက် ကြာပါတယ်။ တောင်ကုတ်မှာ ညစာစားတော့ ည ၈ နာရီကျော်လောက် ရှိပါပြီ။ ညစာ စားပြီး အဆင်ပြေတဲ့ ကားတစီး ငှား၊ ရန်ကုန်ကို ခရီးဆက်ကြပါတယ်။ ကားကတော့ အလာတုန်းက စင်းလုံး ငှားလာတဲ့ ရန်ကုန်-ကျောက်ဖြူ အဝေးပြေး ဟွန်ဒိုင်း ကားမျိုးပါ။
ကားပေါ်လည်း ရောက်ရော စူးရှပြင်းထန်တဲ့ အနံ့ကြောင့် အားလုံး တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြပါတယ်။ ငါး ပုစွန် ခြောက် အိတ်တွေဟာ ထိုင်ခုံတွေက လွဲလို့ ခြေချစရာ မရှိအောင် အပြည့်တင်ထားတာကို တွေ့ရပါတယ်။ ခရီးစဉ် စီစဉ်သူ ရခိုင် အမျိုးသမီး တဦး ဆိုရင် ခေါင်းမူးတာ ကားထွက်ပြီး အတော်ကြာတဲ့ အထိပါပဲ။ သတ်မှတ်ရက်ထက် တရက်နောက်ကျတဲ့ အပြန်ခရီးဟာဖြင့် အားလုံးလိုလို မလန်းဆန်းကြ ပေမယ့် ရန်ကုန် ရောက်ချင်ဇောနဲ့ သည်းခံစိတ်ထားပြီး ကားပေါ် လိုက်ပါလာခဲ့ကြတာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲမှပဲ ခရီးစဉ်ဆုံးပါတော့တယ်။ ။