[irrawaddy_gallery]
“ချကွာ၊ ချ … ချ၊ သေပဲ မသေနိုင်ဘူး၊ ငါပဲ ဝင်ချလိုက်ချင်တယ်” ဆိုသော အားမလိုအားမရ အော်ဟစ်နေသံများကို တဲအိမ်ကလေးဆီသို့ မရောက်ခင် ခပ်လှမ်းလှမ်းအလို ကနေ ကြားနေရသည်။
တဲအတွင်းသို့ ကြည့်လိုက်ရာ သစ်သားခုံပုလေးပေါ်တွင် တင်သားသော အိတ်ဆောင် DVD ပြစက်ငယ်ကလေးဖြင့် ပြနေသော ထိုင်း အက်ရှင်ကားကို သစ်ခွဲစက် အလုပ်သမား ၆ ယောက်တို့ ချွေးသံတရွဲှရွှဲဖြင့် ကြမ်းပြင်ပေါ်မှာ အိပ်လျက်တမျိုး၊ ထိုင်လျက် တဖုံဖြင့် ကြည့်ရှုနေကြသည်ကို တွေ့ရသည်။
ဤနေရာက ပဲခူးရိုးမတောင်ခြေ ဖြစ်သည့် နေပြည်တော် အမြန်လမ်းမကြီးဘေးမှ မရမ်းချောင်းဟု ခေါ်သည့် ချောင်ကျကျ ရွာကလေး ဖြစ်သည်။
အစိုးရ လျှပ်စစ်မီးဆို၍ ဓာတ်တိုင် တတိုင်ပင် မရှိသောရွာမှာ ယခုကဲ့သို့ ရုပ်ရှင်ကြည့်နိုင်သည် ဆိုသည်က မြို့ပေါ်နေသူ များအတွက် အလွန်ပင် ထူးဆန်းဖွယ်ရာ ဖြစ်နိုင်သော်လည်း တောသူတောင်သားများအဖို့ အဆန်းတကျယ် မဟုတ်တော့ပါ။
နိုင်ငံတကာမှနေ၍ တံဆိပ်ပေါင်းစုံလင်လှသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများ မြန်မာပြည်သို့ ဝင်ရောက်လာပြီး နောက်ပိုင်းတွင် ကျေးလက်တောရွာများတွင် နေထိုင်သူများ၏ နေထိုင်မှုဘဝပုံစံ အများအပြား ပြောင်းလဲလာခဲ့သည်။
လယ်တောထဲက ထရံကာ၊ သက်ကယ်မိုး တဲအိမ်ကလေးတွေရဲ့ အိမ်ရှေ့တွေမှာ ရွာတွေက သွပ်မိုးပျဉ်ထောင်အိမ်တွေရဲ့ ခေါင်မိုးပေါ်မှာ စသည်ဖြင့် ဆိုလာပြားများက အသီးသီးနေရာ ယူကုန်ကြပြီ ဖြစ်သည်။
“အစိုးရ လျှပ်စစ်မီးဆိုလို့ သေသာသွားတယ် မမြင်ဖူးလိုက်တဲ့ လူတွေကို သနားလိုက်တာ။ အခုဆို ဘာဓာတ်တိုင် ဓာတ်ကြိုးမှ မလိုဘဲနဲ့ကို အဘွားတို့တောတွေမှာ ညဘက်တွေ မီးထွန်းနိုင်ပြီ။ တီဗီကြည့်နိုင်ပြီ” ဟု အသက် ၇၅ နှစ်အရွယ် ဖွားတင်လှက သူ့တဲအတွင်းက တီဗီလေးကိုညွှန်ပြရင်း ဆိုသည်။
တောရွာများတွင် ယင်းရုပ်သံကြည့်စက် အသေးစားလေးများကို လက်တော့ပ် (Laptop) ဟု အလွယ်တကူ ခေါ်ကြသည်။ တီဗီနှင့် အောက်စက် တွဲလျှက်ပါတာ ရှိသလို၊ သီးခြားဝယ်ရသည့် စက်တွေလည်း ရှိသည်။ သို့သော်လည်း တစုံလုံးကို အများဆုံး ကျပ် ၉ သောင်းအထိသာရှိသဖြင့် အိမ်တိုင်းနီးပါး ဝယ်သုံးနိုင်ကြသည်။ ဝပ် ၅၀ ဆိုလာပြားနှင့် အားသွင်းထားသော ဘက်ထရီအိုး အသေးနှစ်လုံးနှင့် ဆိုလျှင် အင်ဗာတာ မလိုအပ်ဘဲ ကလစ်ညှပ်ကာ တီဗီ ကြည့်နိုင်ပြီ။ နေမဝင်ခင်အထိ အားသွင်း ယူထားနိုင်သဖြင့် ညဘက်တွင် ယခင်ကလို အမှောင်ထုကို ရေနံဆီမီးခွက်၊ ဖယောင်းတိုင်များဖြင့် အံတုစရာ မလိုတော့ဘဲ LED မီးပွင့်များဖြင့် ထိန်လင်းနိုင်နေပြီ။
“ဖယောင်းတိုင်နဲ့ မီးခွက်သုံးတုန်းကများ ဆိုရင် လေတိုက်တာနဲ့ တဲမီးလောင်မှာစိုးလို့ ကြောက်ကြောက်နဲ့ လေကွယ် ခဲ့ရတာလေ၊ အခုများတော့ ဒီလိုမျိုး အန္တရာယ်ဝေးပြီ” ဟု မရမ်းချောင်းသူ မတင်မူက ဆိုသည်။
ယခင်ကဆိုလျှင် တောမှ ဒိုက်ဦးမြို့သို့ ဈေးဝယ်သွားလျှင် ဓာတ်တိုင်၊ ဖုန်းကြိုး၊ မိုက္ကရိုဝေ့ဖ် တာဝါတိုင်နှင့် ရုပ်ရှင်ရုံများကို တောသားများ တအံ့တသြ ငေးမောကြည့်ရှုခဲ့ကြသည်။
ပြီးခဲ့သည့် နှစ်လယ်လောက် အထိ ဒိုက်ဦးမြို့ပေါ်တွင်ပင် သုံးရက်မှ တကြိမ်၊ တကြိမ်လျှင် ၇ နာရီကြာသာ လျှပ်စစ်မီး ရခဲ့သည်။
ကျေးလက် တောရွာများတွင် ဆိုလာပြားများ အသုံးပြုမှု များလာခြင်းက ဈေးသက်သာခြင်း၊ အသံဆူညံမှုမရှိခြင်း၊ လောင်စာဆီဖိုး မကုန်ခြင်း စသည့် အားသာချက်များ အပါအဝင် ကုန်ကျစရိတ်လည်း နည်းပါးသောကြောင့် အသုံးများကြ သလို အစိုးရထံမှ လျှပ်စစ်မီး ရရှိရန် မျှော်လင့်ချက် ကင်းမဲ့နေခြင်းကြောင့်လည်း အသုံးများလာခြင်း ဖြစ်သည်ဟု ဆင်ဇလုပ် ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းလွင်က ဆိုသည်။
ပဲခူးတိုင်း အရှေ့ခြမ်းတွင် ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း စသည်ဖြင့် မြို့နယ်ပေါင်းစုံ ရှိသော်လည်း လျှပ်စစ်မီး ရရန်မဆိုထားနှင့် ဓာတ်တိုင်ပင် မရှိသေးသည့် ရွာများက ပိုများနေသည်။
“တရွာလုံးကို ဆိုလာပြားနဲ့ လျှပ်စစ်မီးပေးဖို့ အချပ်ရေ ရာနဲ့ချီပြီးတော့ လာဝယ်တဲ့လူတွေ တောင်ရှိတယ်” ဟု ရန်ကုန်မြို့ရှိ Sun Power ဆိုလာပြား ကုမ္ပဏီမှ ကိုပြည့်စုံထွေးက ပြောသည်။
တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျာမနီ၊ အိန္ဒိယနှင့် တခြားနိုင်ငံများမှ တံဆိပ်ပေါင်းစုံဖြင့် ဆိုလာပြားများ တင်သွင်းနေကြ သော်လည်း တရုတ်နိုင်ငံထုတ်က ဈေးအသက်သာဆုံး ဖြစ်သောကြောင့် ပြည်တွင်း၌ အသုံးအများဆုံး ဖြစ်သည်။
ယခုနှစ်ပိုင်းတွင် ပဲခူးတိုင်းမှ ဆိုလာပြား မှာယူမှု အများဆုံးဖြစ်နေကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဆိုလာပြားများကို နိုင်ငံတကာ တံဆိပ် စတစ်ကာ မျိုးစုံကပ်၍ ဈေးကွက်အတွင်း ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
ဆိုလာပြားသုံးသည့်စနစ်သည် အလွန်ကောင်းမွန်သော်လည်း သုံးစွဲသည့် တံဆိပ်ပေါ်လိုက်၍ ၆ လ၊ ၁ နှစ်အတွင်း နေရောင်ခြည် စွမ်းအင် ထုတ်ယူနိုင်စွမ်း ကွာခြားလာမည် ဖြစ်ကြောင်း ကိုပြည့်စုံထွေးက ဆိုသည်။
တရုတ်နိုင်ငံထုတ် ဝပ် ၃၀၀ အားရှိသည့် ဆိုလာပြားတချပ်လျှင် ကျပ် ၁ သိန်းခွဲခန့်သာ ကုန်ကျသော်လည်း စင်ကာပူ၊ ဂျာမနီ နိုင်ငံထုတ်များက ၁ ဝပ်လျှင် အနိမ့်ဆုံး ကျပ် ၃၀၀၀ နှုန်းဖြင့် တွက်ယူသည်။
မြင်ခဲ့ရသမျှ ကျေးလက်တောရွာများတွင် ငွေကြေး သုံးစွဲနိုင်မှုအပေါ် မူတည်ပြီး အနိမ့်ဆုံး ဝပ် ၅၀ မှ အမြင့်ဆုံး ဝပ်အား အထိ သုံးကြသည်။ လွယ်လင့်တကူ သယ်ယူနိုင်ခြင်းကြောင့် နေထွက်သည်မှ နေမဝင်ခင်အထိ ဆိုလာပြားများက နေရောင်ခြည် အောက်တွင် ခုံကလေးများဖြင့် အဆင်သင့် ဖြစ်နေသည်ကို မြင်တွေ့နိုင်သည်။
“အရင်းအနှီးက တခါတည်း မြှုပ်လိုက်ရတာ၊ နောက်ထပ် ဆီဖိုးတွေဘာတွေမှ မကုန်တာ အခုဆို တောင်ပေါ်က ဝန်ထမ်းအိမ်တွေ အားလုံးမှာ ဆိုလာပြားပဲ တပ်ပေးထားတယ်။ ဒီရိုးမပေါ်မှာတော့ ဆိုလာပြားပဲ အသုံးများတယ်” ဟု ပဲခူးရိုးမပေါ်ရှိ ကျွန်း စိုက်ခင်းကုမ္ပဏီတခု ဖြစ်သော Hyper Mart ကုမ္ပဏီမှ တာဝန်ခံ ဦးအောင်ညွန့်က ပြောသည်။
ဦးအောင်ညွန့် ပြောသကဲ့သို့ပင် ရိုးမတကျောက နှစ်ရှည်ပင် စိုက်ခင်းကုမ္ပဏီများ၏ ခေါင်မိုးများပေါ်တွင် တလက်လက် တောက်ပနေသော ဆိုလာပြားများကို နေရောင်အောက်တွင် မြင်နေရသည်။ တောင်ပေါ်တွင် ဖြစ်နေခြင်းကြောင့် နေရောင်ခြည် တိုက်ရိုက် ထိတွေ့ခွင့် ပိုမိုရရှိပေရာ ရွာများထက်ပို၍ သုံးစွဲရ အဆင်ပြေကြကြောင်း သိရသည်။
စိုက်ခင်းများဆီသို့ တောဆင်ရိုင်းများ မကြာခဏ လာရောက်ဖျက်ဆီး နေသည့်အတွက် ကင်းစောင့်တဲများတွင် ၂၄ နာရီလုံးလုံး မီးရရှိရန် ဆိုလာပြားများ လိုအပ်လာပါသည်။ မီးစက် အသုံးပြုပါကလည်း အသံများ ဆူညံစွာ ထွက်သည့်အပြင် လောင်စာဆီဖိုးပါ ထပ်မံ ကုန်ကျသည့်အတွက် သုံးစွဲသူ နည်းပါးလှသည်။
ဆိုလာပြား ရောင်းသည့် ကုမ္ပဏီများကို တောရွာများမှ ဗီဒီယိုရုံ ပိုင်ရှင်များက မကျေနပ်ကြောင်း ပြောဆို ပေါက်ကွဲ နေကြပါသည်။ အဘယ်ကြောင့် ဆိုသော် ကျပ် ၇သောင်း ခန့်နှင့် ဆိုလာတပြား ရှိလျှင် တနေကုန်နီးပါး အိမ်၌ ရုပ်ရှင် ကြည့်နိုင်နေပြီဖြစ်သောကြောင့် ၎င်းတို့၏ ဗီဒီယိုရုံများကို လာရောက်ကြည့်ရှုသူ အလွန်နည်းသွားသောကြောင့် ဖြစ်သည်။
“ဗီဒီယို ရုံက ဝင်ကြေး ကျပ် ၁၀၀ ပေးရတာလေ။ အလကားပြတဲ့ အိမ်တွေမှာ သွားကြည့်တယ်။ အဲဒီ တရာကို မုန့်ဝယ်စား လိုက်တယ်” ဟု ဆင်ဇလုပ်ရွာမှ ဆယ်ကျော်သက်အရွယ် မသင်းသင်းဝေက ပြောသည်။
သို့ရာတွင် ဗီဒီယိုရုံများက လူငယ်များကြိုက်သော နာမည်ကြီးမင်းသား၊ မင်းသမီးများပါသည့် မြန်မာဇာတ်ကားများ ကိုသာ အဓိကပြသည့်အတွက် ညနေစောင်းလာလျှင် ဗီဒီယိုရုံများက ယနေ့ညပြမည့် ကားများကို အပြိုင်အဆိုင် လော်စပီကာများဖြင့် အော်ကြဆဲ၊ ရွာသူရွာသားများကလည်း ဂရုစိုက် နားထောင်ကြမြဲပင်။