ရန်ကုန်မြို့လယ် ပလက်ဖောင်းတွေပေါ်မှာ နေ့စဉ်ဆိုသလိုတွေ့ရတဲ့ လိင်ဆက်ဆံမှု ကာကွယ်ရေးပစ္စည်း အရောင်းဆိုင်ငယ် လေးတွေဟာ ဒီရက်ပိုင်းမှာ အရင်နေ့တွေကထက် ပိုအရောင်းသွက် လာတယ်လို့ အဲဒီပစ္စည်းတွေကို သစ်သား ဗန်းငယ်ထဲ ခင်းကျင်းရောင်းချပြီး စီးပွားရှာနေတဲ့ ဦးရာဗီးကပြောပါတယ်။
အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ကွန်ဒုံးလို လိင်ဆက်ဆံမှု အကာအကွယ်ပစ္စည်းတွေနဲ့ ဆေးဝါးတချို့ဟာ မြို့လယ်ခေါင်က စီး ပွားရှာသူများအတွက် ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းဒေး မတိုင်မီရက်ပိုင်းကလေးမှာ အလုပ်ဖြစ်လို့ နေပါတယ်။
ပုံမှန်ရက်တွေမှာဆို အရောင်းအဝယ်ကောင်းတဲ့ နေ့ရှိသလို နေ့တွက်မကိုက်တဲ့ နေ့တွေလည်း ရှိပေမယ့် ဒီရက်ပိုင်းမှာတော့ ဗန်းပေါ်က ရောင်းကုန် ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ သိသိသာသာ ရောင်းရတယ်လို့ အနော်ရထာ လမ်းပေါ်က ကွန်ဒုံး အရောင်းဆိုင်ငယ်တွေက တဆင့် သိရပါတယ်။
နှစ်စဉ် ဗယ်လင်တိုင်းဒေး နီးကပ်လာရင် ပုံမှန်ရက်တွေထက် နေ့စဉ် ဝင်ငွေပိုမို ရရှိတတ်ကြလို့ မိသားစုဝမ်းရေးအတွက် အဆင်ပြေတယ်လို့ ပန်းဆိုးတန်း မီးပွိုင့်အနီး ပလက်ဖောင်းပေါ်က ကွန်ဒုံးပစ္စည်းတွေချရောင်းပြီး စီးပွားရှာတဲ့ ဦးခင်ဇော်က ဆိုပါတယ်။
မြို့လယ်ခေါင် လူမြင်ကွင်းမှာ ရောင်းချနေကြတဲ့ ဒီလို လိင်ဆက်ဆံတဲ့နေရာမှာသုံးတဲ့ အကာအကွယ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဗယ်လင်တိုင်းဒေး မတိုင်မီ ဝယ်ယူနေကြတဲ့ ဖောက်သည်တွေထဲမှာ ဆယ်ကျော်သက်လူငယ် အမျိုးသားလေးတွေရဲ့ ဝယ်ယူမှုက သိသိသာသာ များပြားလာနေတယ်လို့ ဦးရာဗီးက ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ။ ဒီရက်ပိုင်း အရင်နေ့တွေထက် ပုံမှန်အလုပ်ဖြစ်လို့ ဝမ်းသာတယ်။ အမြတ်ပိုရတာကိုး။ ဒါပေမယ့် ဆယ်ကျော်သက် ကလေးတွေ လာဝယ်ရင်တော့ မရောင်းချင်ဘူး။ ကျနော်မရောင်းလည်း တခြားသူကတော့ ရောင်းမှာပဲ။ ဒါပေမယ့် ဒီလိုအကာအကွယ် ပစ္စည်းတွေသုံးတာဟာ မသုံးတာထက် စာရင်တော့ ကောင်းပါတယ် ဆိုတဲ့စိတ်နဲ့ ရောင်းနေရတယ်” လို့ သူက ရှင်းပြတယ်။
လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့ အကာအကွယ် ပစ္စည်း အရောင်းဆိုင်ငယ်ကလေးတွေ အလုပ်ဖြစ်တာတင် မကဘဲ ရန်ကုန်၊ မန္တလေးက တည်းခိုခန်း၊ မိုတယ်၊ အင်းနဲ့ ဟိုတယ်တွေဟာလည်း အဲဒီရက်မတိုင်ခင် သုံးလေးရက်လောက် အလိုကတည်းက ကြိုတင် အခန်းမှာယူမှုတွေ ပြည့်နေတယ်လို့ သိရပါတယ်။
“ဒါကတော့ နှစ်တိုင်းပါပဲ။ နှစ်တိုင်းဒီအချိန်နီးရင် အခန်းပြည့်တယ်ဗျ။ အခု ဗယ်လင်တိုင်းဒေး မတိုင်ခင် နှစ်ရက် အလိုမှာတောင် ကျနော်တို့ဆီမှာ အခန်းထက်ဝက် နီးပါးလောက် ကြိုတင်မှာထားကြပြီးပြီ” လို့ မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ မိုတယ်တခုရဲ့ မန်နေဂျာက ဆိုပါတယ်။
နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်မှာ အခန်းပြည့်နေကျ ဖြစ်တဲ့ တည်းခိုရာ နေရာတွေမှာ ဆယ်ကျော်သက် လူငယ်စုံတွဲတွေရဲ့ ပါဝင်လာမှုက တနှစ်ထက်တနှစ် မြင့်တက်လာနေတယ်ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းတွေက ပြောကြပါတယ်။
“ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ် ဝန်းကျင် စုံတွဲလေးတွေ လာကြတယ်။ မနှစ်ကဆိုရင် ဟိုးအရင်နှစ်တွေကထက် ပိုများတယ်။ ကျနော်တို့ကလည်း မှတ်ပုံတင်ပါတော့ အလုပ်သဘောအရ လက်ခံရတာပါပဲ။ ဗယ်လင်တိုင်းဒေး မဟုတ်တဲ့ရက်တွေတောင် ဆယ်ကျော်သက် စုံတွဲတွေ တည်းခိုခန်းလို နေရာကိုလာနေကြတာပါ” ဟု ရန်ကုန်မြို့ လသာမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းတခန်းက မန်နေဂျာက ဆိုတယ်။
နိုင်ငံတကာ ယဉ်ကျေးမှုကနေ့တဆင့် ကူးဆက်လာတဲ့ ဒီ ဗယ်လင်းတိုင်းနေ့ ရောက်လာမှကို ဆယ်ကျော်သက် သားသမီးတွေ၊ ၂၀ ကျော်သားသမီးတွေ ရှိတဲ့ မိဘတွေ စိုးရိမ်နေကြပါပြီ။
ဖေဖော်ဝါရီ ၁၄ ရက်တိုင်း လိုလို အိမ်အပြန် နောက်ကျတတ်နေပြီဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် သမီးဖြစ်နဲ့ ပတ်သက်ပြီး အရင်နှစ်တွေကလိုပဲ စိုးရိမ်နေရတယ်လို့ မိခင်ဖြစ်သူ ဒေါ်အေးမူက ပြောပါတယ်။
“ကိုယ့်သားသမီးကို မယုံလို့လည်း မဟုတ်ဘူး။ ချစ်သူရည်းစား ရှိနေတော့ အမြဲပဲ စိတ်ပူရတယ်။ ဗယ်လင်တိုင်းဒေး ဆိုတာ ဘာလဲ သေချာမသိဘူး။ ဒါပေမယ့် အရင်နှစ်တွေက ကိုယ့်သမီးက အိမ်အပြန် နောက်ကျနေကျ ဆိုတော့ ဒီနှစ်လည်း စိတ်ပူတယ်။ ကိုယ့်သမီးက မိဘမကြိုက်တာ လုပ်ချင်မှလုပ်လိမ့်မယ်။ ဒါပေမယ့် ဒီရန်ကုန်မှာ ဒီလိုနေ့တွေဆို အမှားအယွင်း ဖြစ်သွားကြတဲ့ ကိုယ့်သမီးအရွယ်တွေရဲ့ ပြဿနာတွေ ကြားကြားနေရတော့ ပိုပြီးစိတ်ပူမိပါတယ်” လို့ ဒေါ်အေးမူက ဆိုလာပါတယ်။
ဗယ်လင်တိုင်းဒေးအတွက် သမီးမိန်းကလေးရှင် မိဘများသာ စိုးရိမ်နေကြတာ မဟုတ်ဘဲ သားယောက်ျားလေးတွေ မွေးထားတဲ့ မိဘတွေလည်း တထပ်တည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“ကျနော်တို့သားကို မှာထားရတယ်။ ဗယ်လင်းတိုင်းဒေးမှာမှ မဟုတ်ဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို တန်ဖိုးထား သလို သူ့ရဲ့မိဘနဲ့ မိသားစုကိုလည်း တန်ဖိုးထားရမယ်၊ အထူးသဖြင့် ဒီဗယ်လင်းတိုင်းဒေးဆို တာကို မမှန်ကန်တဲ့ နေရာတွေမှာ အသုံးမချဖို့ကို ပြောထားရတယ်။ ကျနော်တို့ ယောက်ျားလေး ရှင်တွေလည်း စိတ်ပူရပါတယ်” ဟု အသက် ၅၀ အရွယ် ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့က မူလတန်း ကျောင်းအုပ်ဆရာကြီး တဦးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူငယ်တွေအကြား ထဲထဲဝင်ဝင် စီးမျော ဝင်ရောက်လာတဲ့ ဒီ ဗယ်လင်တိုင်းဒေး ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီး ရန်ကုန်မြို့မှာ နေထိုင်တဲ့ မြန်မာလူငယ် အမျိုးသမီး တဦးက ခေတ်ရေစီးကြောင်းဟာ အရင် နှစ် ၅၀ နဲ့ မတူတော့တဲ့ အကြောင်း၊ ဗယ်လင်တိုင်းဒေး ဖြတ်သန်းပုံဟာ မြန်မာလူငယ်တွေအကြားမှာ နိုင်ငံတကာဆန်လာတာမျိုး ရှိသလို ရိုးရှင်းတဲ့ ဖြတ်သန်းမှုမျိုးတွေလည်း မြင်နေရဆဲပဲလို့ သူ့အမြင်ကို ပြောပြပါတယ်။
“အခုလို ပြောင်းလဲလာတဲ့ ရေစီးကြောင်းကို လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ပုံစံမျိုးဖြစ်အောင် ပြန်လှည့်လို့ မရနိုင်တော့ဘူးလို့ ထင်တယ်။ ကျမ အထင်ကတော့ ဗယ်လင်တိုင်းဒေးကို ဘယ်လိုပင် ဖြတ်သန်းပါစေ။ အဲဒီနေ့ဟာ မိန်းကလေး တယောက်ရဲ့ ဘဝအတွက် တစ်သက်စာ မမေ့မရတဲ့ အမည်းစက်တော့ ဖြစ်မသွားစေချင်ပါဘူး” လို့ သူက ဆိုပါတယ်။
ဗယ်လင်တိုင်းဒေးဟာ ကမ္ဘာပေါ်က ချစ်သူတိုင်းအတွက် ချစ်စရာကောင်းပြီး သန့်ရှင်းတဲ့ အမှတ်တရနေ့ တခုသာ ဖြစ်စေလိုတဲ့ ရန်ကုန်မြို့မှာနေတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မနှင်းပွင့်စံကလည်း “ကျမကတော့ ဗယ်လင်းတိုင်းဒေးမှာ ချစ်သူအချင်းချင်း အမှတ်တရ လက်ဆောင်လေးတွေပေး၊ ပြီးတော့ တဘဝစာ အတွက် အမှတ်ရစေမယ့် အရာတွေကိုပဲ လုပ်ချင်တယ်။ ချစ်သူတိုင်းကိုလည်း အဲဒီလို ဖြစ်စေချင်တယ်။ ဗယ်လင်တိုင်းဒေးမှာ နှစ်ယောက်တည်း ချစ်တင်းနှောနိုင်မယ့် ဆိတ်ငြိမ်နေရာကို သွားကြရအောင် ဆိုတာတွေ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီနေ့အတွက် မိဘတွေရဲ့ သူတို့ သားသမီးတွေအပေါ် စိုးရိမ်မှုဟာ တကယ်ကိုချောက်ခြားစရာ ဆိုတာ ကျမ သိနေလို့ပါ” လို့ ပြောလာပါတယ်။
တနှစ်ပြီးတနှစ် ချစ်သူစုံတွဲတွေအတွက် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်လာနေတဲ့ ဒီဗယ်လင်တိုင်းဒေး အတွက် ရန်ကုန်မြို့က စူပါမားကတ်နဲ့ ရှော့ပင်းမောတွေမှာတော့ အမှတ်တရ ချစ်သက်လက်ဆောင် ပစ္စည်းလေးတွေကို ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတဲ့ လူငယ်စုံတွဲလေးတွေနဲ့ချည်း ပြည့်နှက် နေပါတော့တယ်။ ။