သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ခန့်အပ်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုလိုက်မှု အပေါ် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းက စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည်အသက်သွင်းမှုအဖြစ် ဝေဖန်လိုက်ကြသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ကျောင်းဆင်း တဦးဖြစ်သော ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည် အသက် ၆၀ ပြည့်တော့မည် ဖြစ်ပြီး များမကြာမီ လာမည့်လ အနည်းငယ်အတွင်း ပင်စင်ယူရတော့မည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ညှိနှိုင်းမှုဖြင့် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ပေးရန် ဆုံးဖြတ်အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ သိရှိရသည်။
“ဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်တဲ့ သမ္မတ အမိန့်ထွက်ရင်တော့ ဦးမြတ်ဟိန်း ဖြစ်သွားတော့မှာ။ တပ်ရာထူး ကတော့ တရားဝင် အနားယူရမှာပါ။ တပ်ပိုင်းမှာ ရာထူးတွေက ကျပ်နေပြီ။ အရင်ကဆိုရင် စစ်တပ်မှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်တွေကို တိုင်းမှူးတွေ၊ ဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်ရင်၊ တပ်ရာထူးနဲ့ပဲ အရပ်ဘက်ကို ပြောင်းလိုက်ရင် တပ်ပိုင်းမှာ ရာထူးတွေ လစ်လပ်တော့ အောက်က အငယ်တွေ တောက်လျှောက် တက်လာလို့ရတယ်။ အခုက ထိပ်ပိုင်းမှာ ရှိနေတဲ့သူတွေက ပင်စင်မယူရင် အောက်က လူတွေ ရာထူးတိုး၊ အဆင့်တိုးအတွက် တန်းစီစောင့်နေရတယ်” ဟု စစ်တပ် အသိုင်းဝိုင်းနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။
၂၀၁၂ ခုနှစ် မေလက ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူး နုတ်ထွက်သွားစဉ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ရန် အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း တဦးလည်းဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရေဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း၊ ယင်းသို့ တင်မြှောက်ရာတွင်လည်း ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဦးသိန်းစိန်အပါအဝင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် တချို့နှင့် ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
စက်မှု ၁ ဝန်ကြီးဟောင်းလည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်သောင်းကမူ ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရေမှ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအား တင်မြှောက်လိုက်မှုကြောင့် တပ်ပိုင်းဆိုင်ရာ ရာထူးလစ်လပ်မှုရှိပြီး နောက်လူများအတွက် ရာထူးတိုးရန် အခွင့်အရေးများ ရှိလိမ့်မည်ဟု ထိုအချိန်က ပြည်တွင်း သတင်းမီဒီယာ တခုနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး ရာထူးများအတွက် ခန့်အပ်လိုသော တပ်မတော်သားများ အမည်စာရင်းများကို သမ္မတထံပေးပို့ပြီး သမ္မတက တရားဝင် ခန့်အပ်ပေးရမည်ဖြစ်ရာ တပ်မတော်က ဝန်ကြီး ၃ နေရာ အလိုအလျောက် ပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟု နိုင်ငံရေးသမားများက ပြောဆိုကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ဦးသိန်းစိန်တို့အကြား ညှိနှိုင်းမှုဖြင့် ပင်စင်ယူခါနီး စစ်ဗိုလ်ချုပ်ကြီးများကို အုပ်ချုပ်ရေး ယန္တရားမှ ရာထူးများ ခန့်အပ်လာသည့်အပေါ် အစဉ်အလာတရပ် ပုံစံ ဖြစ်လာခြင်းမှာ စစ်အစိုးရခေတ် ပုံစံ၏ နီးစပ်ရာ ရာထူးပေးသော အလေ့အထတခုကို ပြန်လည် အကောင်အထည်ဖော်သော လုပ်ရပ်တခုအဖြစ် နိုင်ငံရေးသမားများက သုံးသပ်ကြသည်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်က ပင်စင်ယူခါနီး စစ်တပ်မှ ဗိုလ်ချုပ်များကို သမ္မတ၊ ဝန်ကြီးအပါအဝင် နိုင်ငံရေး ရာထူးပေးခြင်းဖြင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ ဆင်းရဲနိမ့်ကျခဲ့ရကြောင်း၊ ပြည်သူများ အနေဖြင့် ယင်းအစဉ်အလာကို ကန့်ကွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုမှတင် မဟုတ်ဘူး၊ ဟိုတုန်းက မဆလ ခေတ်တုန်းက ဒီပုံစံမျိုးနဲ့ပဲ လုပ်ခဲ့တာပဲ။ နောက်ဆုံး တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေက စစ်တပ်က လူတွေချည်းပဲ။ အဲဒါက အစဉ်အလာက ပြန်ပြီး ထူထောင်တာပေါ့။ တိုင်းပြည်ကတော့ ဒါမျိုးကို ကန့်ကွက်ဖို့ ကောင်းတယ်။ သဘောထားတော့ ပြောဖို့ကောင်းတယ်။ ပင်စင်သွားခါနီး စစ်တပ်က လူတွေကို ဒီလိုသာ ပို့နေမယ်ဆိုရင် အစိုးရဌာနတွေမှာ အမှိုက်ခြင်းလို ဖြစ်လာမယ်။ စစ်တပ်က အသက်ကြီးတဲ့ သူတွေ အစိုးရဌာနထဲ လာထည့်သလို ဖြစ်နေတယ်။ ဝန်ကြီးဌာနတွေက အမှိုက်ပုံကြီးလို ဖြစ်လာမယ်။ အဲဒီအတွက်လည်း တိုင်းပြည်မှာ ဘာမှ အကျိုးကျေးဇူး ခံစားရတာမဟုတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
ပြုပြင်ပြောင်းလဲရေးသမား တဦးအဖြစ် ရှုမြင်ခံရသော ဦးသိန်းစိန်အနေနှင့် စစ်တပ်မှ ဗိုလ်ချုပ်များကို ဝန်ကြီးရာထူးများတွင် ခန့်ထားခြင်းသည် ဒီမိုကရေစီစနစ်ကို မပီပြင်စေဘဲ လူထုနှင့်နိုင်ငံတကာ၏ ယုံကြည်မှု ထိခိုက်စေသည်ဟု သုံးသပ်မှုများလည်းရှိသည်။
ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “သူတို့လူတွေပဲ သူတို့ပြန်ခန့်နေကြတာ။ သူတို့လူတော့ သူတို့ အပိုင်ပေါ့ဗျ။ အရင်ပုံစံပဲလို့ ပြောလို့ရတယ်။ တပ်ကို ထိုးသွင်းတာပေါ့၊ ဌာနတွေထဲကို။ တော်တော် များများမှာလည်း တပ်က လူတွေပါတယ်ဗျ။ ဌာနတွေ၊ အရပ်ဘက်တွေမှာလည်း တပ်ကလူတွေချည်းပဲ မဟုတ်ဘူးလား။ ပြောစရာတွေတော့ အများကြီးရှိတယ်။ တပ်က နေရာတွေမှာ တခြား အရာရှိငယ်တွေကို နေရာပေးချင်လို့လား၊ အစိုးရအဖွဲ့မှာ တပ်ကလူတွေ ခပ်များများ ပါလာတာတော့ မကောင်းဘူးဗျာ။ ဒါတွေက လက်ရှိ ထမ်းဆောင်နေတဲ့သူကို နိုင်ငံရေး ရာထူးပေးတာက ဒီမိုကရေစီ မပီပြင်ဘူးလို့ ပြောနိုင်တာပေါ့” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီ အစိုးရဟုဆိုသော်လည်း ယခင်စစ်အစိုးရ လုပ်နည်းလုပ်ဟန်များ မပျောက်သေးဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောဆေးဝါးက ဆိုသည်။
“ဟိုတုန်းက အရှိန်မသေးဘူး။ တယောက်နဲ့တယောက် သိကြတယ်၊ လုပ်ဖော်ကိုင်ဘက် ယုံကြည်မှုရှိတယ်၊ စိတ်ချတယ်ဆိုတဲ့ အရှိန်တွေက မကုန်သေးဘူးလေ။ ဒီမိုကရေစီ အစိုးရဆိုတာကိုတော့ ယုံကြည်မှု အားနည်းစေတယ်။ သူတို့က ကိုယ့်အချင်းချင်း သိတဲ့သူ၊ လက်တွဲဖူးတဲ့ သူကိုပဲ တာဝန်ပေးတဲ့ပုံစံမျိုး လုပ်ကြတယ်။ အစဉ်အလာဖြစ်သွားရင်တော့ ဘယ်ကောင်းမလဲ၊ တဖြည်းဖြည်းတော့ ပြောင်းရတယ်” ဟု ဦးစောဆေးဝါးက ရှင်းပြသည်။
ပြည်ထောင်စုဟု အမည်ခေါ်တွင်သော်လည်း မြန်မာနိုင်ငံ၏ ဗဟိုအစိုးရ အုပ်ချုပ်ရေးယန္တရားတွင် တိုင်းရင်းသားများထက် စစ်ဗိုလ်ချုပ်များသာ နေရာမှုများ ပိုမိုများပြားသည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
“ပြည်ထောင်စုအစိုးရ စစ်တယ်ဆိုရင် တိုင်းရင်းသားတွေကို တကယ်နေရာ ပေးရမှာပေါ့။ အခုတော့ ဝန်ကြီးဆိုတဲ့ နိုင်ငံရေး ရာထူးတွေကို အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အရင်အစိုးရ လက်ထက်က ဒုဝန်ကြီး လုပ်ခဲ့တဲ့သူတွေကိုပဲ ပြန်ပေးတာပဲလေ။ ဝန်ကြီးဆိုတာမျိုးက နိုင်ငံရေး ရာထူးတွေဗျ။ ဒီမိုကရေစီ စစ်စစ်ဆိုရင်တော့ ဒီလိုမဖြစ်သင့်ဘူး” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ကချင် တိုင်းရင်းသား တဦးဖြစ်သူ ဒေါက်တာတူးဂျာနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကမူ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ဝန်ကြီးများနှင့် အုပ်ချုပ်ရေး ထိပ်ပိုင်းခေါင်းဆောင်များတွင် ခန့်ထားရာတွင် တတ်သိနားလည်သော အတတ်ပညာရှင်၊ အသိပညာရှင်များကို နေရာပေးသင့်သည်ဟု ဆိုသည်။
“တပ်မတော်က အငြိမ်းစားယူမယ့် ပုဂ္ဂိုလ်တွေကို ဦးစားပေးတာပုံစံပဲ။ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ ခန့်သင့်တယ်။ သမ္မတကလည်း တပ်နေရာပိုင်းကို အဓိကမထားဘဲ ယုံကြည်စိတ်ချရတဲ့ သူတွေကို ပေးတဲ့ သဘော ဆောင်တာထင်တယ်။ အစဉ်အလာဖြစ်ရင်တော့ မကောင်းဘူး။ ကြိုးနီစနစ် ပုံစံပြန်ဖြစ်သွားတာ။ လူမှန်နေရာမှန် ပြန်ခန့်သင့်တယ်။ ကျွမ်းကျင်သူတွေ ခန့်သင့်တယ်။ မျက်နှာမလိုက်ရဘူး။ ဒါမှ တိုင်းပြည်တိုးတက်မယ်” ဟု ဒေါက်တာတူးဂျာက ပြောသည်။
ဦးခွန်ထွန်းဦးကမူ “လုပ်ချင်သလို လုပ်နေတာပဲ။ သမ္မတက ကိုယ်တိုင်ခန့်တာလား၊ ဖိအားကြောင့် ခန့်တာလားတော့ မသိဘူး။ နက်နဲတယ်။ တကယ်ပဲ တတ်သိနားလည်တဲ့ ပညာရှင်တွေ၊ တိုးတက်အောင် လုပ်နိုင်မယ့်သူတွေကို ခန့်တာက ပိုကောင်း လိမ့်မယ် ထင်တယ်။ တပ်ကလူကို ခန့်တာထက် အရပ်သားထဲက ကျွမ်းကျင်သူကို ခန့်တာ ပိုသင့်တော်ပါတယ်” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး ဝန်ကြီးအဖြစ် နာမည်စာရင်း တင်သွင်းလာချိန်တွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် မကြိုက်နှစ်သက်သော်လည်း ကန့်ကွက်ရန် မလွယ်ကူဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
“ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဝန်ကြီးအဖြစ် ခန့်မယ်ဆိုပြီး တင်လာတော့ ကန့်ကွက်ဖို့က ဥပဒေနဲ့အညီမှ ကန့်ကွက် လို့ရမှာလေ။ တပ်က မို့လို့ဆိုပြီး သွားကန့်ကွက်လို့မရဘူး။ သူ ဘာအရည်အချင်း ပျက်ယွင်းတာရှိလဲ၊ ဘယ်လိုမျိုးတွေမှာ ဝန်ကြီး မဖြစ်သင့်ဘူးလဲ အဲဒီလိုမျိုး အချက်အလက်၊ ဥပဒေ အကိုးအကားနဲ့ တိတိကျကျ တင်ပြမှ ကန့်ကွက်လို့ရမှာ။ ကျနော် မကြိုက်လို့၊ တပ်ကမို့လို့ ဆိုတာနဲ့ လုပ်လို့မရဘူး။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက သူရဲ့ ဝန်ကြီး အဖွဲ့ကို သူကြိုက်သလို စီမံခန့်ခွဲနိုင်တယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) မှ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း အတည်ပြုခဲ့သည်။