[irrawaddy_gallery]
ဖုန်တလူလူ နေပူပူထဲတွင် ဝါး၊ ဓနိများဖြင့် ကိုယ်တိုင်ကိုယ်ကျ တဲအိမ်သစ်များ ဆောက်လုပ်နေကြသည်မှာ ပွဲဈေးတန်းတခု အစပြုတော့မလားဟု မြင်မိသည်။ တဲအိမ်သစ်များက တထောင်ကျော်ခန့် ရှိမည်။
တလကျော်ကာလအတွင်း အိမ်ခြေတထောင်ကျော် ဝင်ရောက် ကျူးကျော် နေထိုင်နေကြသည့် ရန်ကုန် လှိုင်သာယာ မြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်းလမ်းသို့ ရောက်ရှိသွားသည့်အချိန်တွင် ကျူးကျော်သမားများ ဝိုင်းအုံလာပြီး ဓာတ်ပုံ ရိုက်နေသည်ကို ခြိမ်းခြောက်ခြင်း၊ ရိုက်သွားသည့် ဓာတ်ပုံများကို ပြန်ဖျက်ခိုင်းခြင်း၊ တချို့ကျူးကျော်သမားများက ပိုက်ဆံတောင်းခြင်း၊ အုပ်စုလိုက် မေးမြန်းခြင်းများ ပြုလုပ်ကြသည်။
“ကျမတို့ အိမ်ပုံတွေကို ဖျက်ပေးပါ။ အဲဒီဓာတ်ပုံတွေကြောင့် ကျမတို့ အိမ်တွေကို သက်ဆိုင်ရာက လာဖျက်တယ်။ ညဆိုရင် အိပ်လို့မရဘူး။ ကျမတို့ရှေ့မှာ ဖျက်ပါ” ဟု ကျူးကျော်နေထိုင်သည့် အသက် ၄၀ ခန့်အရွယ် အမျိုးသမီးက ဆိုသည်။
ထိုနေရာတွင် တဲအိမ်များ ဆောက်ရန်အတွက် ဝါး၊ ဓနိများနှင့် ပလပ်စတစ် ကြိုးများ၊ ရေများ ရောင်းချနေသည့် ဈေးဆိုင်များကို တွေ့ရသည်။
“ကျူးကျော်တွေက အရင်တုန်းက ၅၀ ကျော်၊ အခုဆိုရင် ညတွင်းချင်း တထောင်ကျော်ဖြစ်သွားတယ်။ အဲဒါ စဉ်းစားစရာပါပဲ။ ဝါး၊ ဓနိ ရောင်းတဲ့သူတွေကတော့ တကယ်ကို သူဌေးဖြစ်သွားတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ ကျူရှင်ဆရာတဦးဖြစ်သူ ဦးနေဧလူက ဧရာဝတီသို့ ပြောသည်။
ကျူးကျော် သမားများသည် ကျောချစရာ နေရာ တနေရာ ရလျှင် ကျေနပ်ကြောင်း၊ နေစရာ နေရာမရှိသောကြောင့် ကျူးကျော် ကြခြင်း ဖြစ်ကြောင်း ပြောသော်လည်း ယခု လက်ရှိ ကျူးကျော်နေသည့် နေရာမှာ လွန်ခဲ့သည့် ၁၅ နှစ် ကတည်းက စီမံကိန်းအတွက် သိမ်းထားပြီး မြေနေရာ ဖြစ်ကြောင်း၊ ယခင်က ကျူးကျော်သူမရှိခဲ့ဘဲ ယခုကာလမှ လာရောက် နေထိုင် ကြသည်မှာ စဉ်းစားစရာ ရှိကြောင်း ၎င်းဆိုသည်။
ကျူးကျော် တဲအနီးတွင် ကွမ်းယာဆိုင်နှင့် ကော်ဖီအအေး တွဲရောင်းချနေသည့် အသက် ၃၀ ကျော် အမျိုးသားက “ကျနော်က ၆ ရပ်ကွက်ထဲကပါ။ ဒီကလူတွေ ဘယ်ကနေလာလဲ ဆိုတာတော့မသိဘူး။ ကျနော်ကတော့ ဒီမှာ စီးပွားလာရှာဖို့ တဲထိုးတာပါ” ဟု ဆိုသည်။
၁၈ ဧက ဝန်းကျင်ခန့် အကျယ် မြေပေါ်ရှိ ကျူးကျော်တဲ တထောင်ကျော်အတွက် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင် ၄၊ ၅ ဆိုင်ခန့် ရှိပြီး ရေများကိုလည်း ပုံးကြီး တပုံးလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသူများ ရှိသည်။ ထိုနေရာသို့ သူစိမ်းများ လာရောက် ကြည့်ရှုလျှင် အုပ်စုလိုက် ခြိမ်းခြောက်မှုများ ပြုလုပ်ကြကြောင်း သိရသည်။
“ဒီကျူးကျော်တွေက လွန်တယ်ဗျာ၊ ကိုယ့်နေရာလည်း မဟုတ်ပဲ လာပြီး တဲဆောက် ပြီးတော့ စည်ပင်တွေ၊ ရဲတွေကိုလည်း ရိုက်တယ်။ ဒါကို ဥပဒေအရ ဖြေရှင်းပေးသင့်တယ်” ဟု လှိုင်သာယာမြို့နယ်တွင် အငှားယာဉ် ပြေးဆွဲနေသည့် ကို သန်းနိုင်က ပြောသည်။
စီမံကိန်း မြေများကို ယခုကဲ့သို့ ကျူးကျော်ခြင်းများ မကြာခဏ ပြုလုပ်နေကြခြင်းမှာ အစိုးရက စီမံကိန်း လုပ်လျှင် မြေဂရမ် အသစ်ပေး၍ မြို့သစ် တည်ထောင်ပေး နိုင်သည်ဟု အထင်ရှိသောကြောင့် ဖြစ်နိုင်သကဲ့သို့၊ ထိုကျူးကျော်သူ များထဲတွင် အိမ်ပိုင်ရှိသူများ၊ ငွေရှိသူများလည်း ပါနေသောကြောင့် ခေတ်အဆက်ဆက် ဤကဲ့သို့ ကျူးကျော်နေထိုင်ကြသူများက မိုက်ကြေးခွဲသည့်ပုံစံ ဖြစ်နိုင်ကြောင်း ကိုသန်းနိုင်က သုံးသပ်သည်။
“အခုဆိုရင် ကျူးကျော်တဲတွေ ဆောက်မှာကြောက်လို့ လှိုင်သာယာမှာ ရှိတဲ့ စီမံကိန်းမြေကွက်တွေ အားလုံး သွပ်ပြားနဲ့ ပတ်ပတ်လည် ခြံစည်းရိုး ခတ်ထားရတယ်။ အဲဒါတောင် ဟိုတနေ့က ကျူးကျော်တဲ သွားဆောက်တဲ့ သူတွေ ရှိသေးတယ်” ဟု ကျူရှင်ဆရာ ဦးနေဧလူက ဧရာဝတီသို့ ပြောသည်။
လှိုင်သာယာတွင် ကျူးကျော်ပြဿနာများ ယခုရက်ပိုင်း မကြာခဏ ကြားနေရကြောင်း၊ လှိုင်သာယာတွင် နေထိုင်သူများ အနက် အနယ်နယ် အရပ်ရပ်မှ ရောက်လာသည့် လက်လုပ်လက်စားများ အလွန်များကြောင်း၊ ယခင်က ၁၀ ပေ ပတ်လည် အခန်းတွင် အဆောင်ငှား နေထိုင်ကြရာ အဆောင်ရှင်များက လစာ မကြာခဏ တိုးတောင်းမှုကြောင့်လည်း ကျူးကျော် နေထိုင်မှုများ ဖြစ်လာကြောင်း စုံစမ်းသိရှိရသည်။
လှိုင်သာယာ မြို့နယ်တွင် ဒေသအသီးသီးမှ လက်လုပ်လက်စား လူမျိုးစုံ များသည့်အတွက် နေ့စဉ်နေ့တိုင်း ပြဿနာ ရှိနေကြောင်း ဦးနေဧလူက ထပ်မံဆိုသည်။
“ဒီကိုရောက်လာတဲ့သူတွေက ဘယ်ကနေ ဘယ်လိုလာကြသလဲ ဆိုတာတော့မသိဘူး။ အဆောင်ငှားရမ်းခ ပိုက်ဆံမရှိလို့ မြေလွတ်တဲ့နေရာကို တဲလာထိုးနေတာ၊ ဖယ်မပေးနိုင်ဘူး။ ကြိုက်တာလုပ်” ဟု တဲအသစ်ထိုးကာ ကျူးကျော် နေထိုင်နေသည့် အမျိုးသမီးတဦးက ပြောသည်။
အဆိုပါ ကျူးကျော် ဝင်ရောက်မှုများနှင့် ပတ်သတ်ပြီး လက်ရှိ အချိန်ထိ သက်ဆိုင်ရာမှ ဖြေရှင်း ပေးနိုင်ခြင်းမရှိသေးကြောင်း၊ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ရာတွင် လုံခြုံရေး တာဝန်ယူထားသော ရဲများရှေ့၌ပင် ရှင်းလင်းသူများကို ကျူးကျော် ဝင်ရောက် နေရာယူထားသူများက ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဖြေရှင်းရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း၊ ဖြေရှင်းရန် နည်းလမ်း ရှာဖွေနေကြောင်း လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူးက ဧရာဝတီကို ပြောသည်။
“ဒီစီမံကိန်းနေရာကို ဇန်နဝါရီလက လာရောက်ပြီး ကျူးကျော်နေထိုင်တယ်။ ဇန်နဝါရီ ၃၁ ရက် ညမှာဆိုရင် ဝါးတွေကို ကားသုံးစီလောက် တင်ပြီး လာချတယ်။ ဒါကိုကြည့်ရင်တော့ နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူ၊ အားပေးတဲ့ သူရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ကျူးကျော် နေရာယူထားမှုများမှ ကျန်ရှိနေသည်များကို ဖယ်ရှားရန် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က အချိန်ပေးခဲ့သော်လည်း ဖယ်ရှားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့က တဲဆောက်သူများနှင့် တဲပြန်ဖျက်သည့် ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား အပြန်အလှန် ပြဿနာများဖြစ်ပွားခဲ့ပြီး ၎င်းနောက်မှစ၍ ကျူးကျော် ဝင်ရောက် တဲထိုးသူများကို ဖျက်သိမ်းစေခြင်း မလုပ်ဆောင်တော့ကြောင်း သိရသည်။
လက်ရှိ လှိုင်သာယာမြို့နယ် အတွင်းတွင် နယ်အသီးသီးမှ လာရောက် အလုပ်လုပ်ကိုင် နေထိုင်သည့်လူဦးရေ ၈၀ ရာခိုင်နှုန်း ရှိနေပြီး တိုးပွားလာသည် လူဦးရေအတွက် အစိုးရ အနေဖြင့် မြို့ပြစီမံကိန်း ဖော်ဆောင်မှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ ကျူးကျော် များလာခြင်းဖြစ်ကြောင်း၊ အလုပ်သမားများ လုပ်အားခ နည်းပါးသဖြင့် အဆောင်ငှားရမ်းခ မတတ်နိုင်သောကြောင့် မြေလွတ်သည့် နေရာများတွင် ဝင်ရောက်ကျူးကျော်၍ တဲအိမ် ဆောက်လုပ် နေထိုင်ကာ ပြဿနာများ ဖြစ်ပွားလာကြောင်း လှိုင်သာယာ အမှတ် ၃ ရပ်ကွက် ဒေသခံ အမျိုးသားတဦးက ပြောသည်။
ရန်ကုန်မြို့ သန့်ရှင်းသာယာ လှပရေးနှင့် အဆင့်မြှင့်တင်ရေး အစည်းအဝေးတွင် ပြည်သူ့ အိမ်ယာ စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်ထားပြီး ယင်း ပြည်သူ့အိမ်ယာ စီမံကိန်းတွင် ရတနာ ပြည်သူ့အိမ်ယာ စီမံကိန်းနှင့် ဧရာဝဏ် ပြည်သူ့အိမ်ယာ စီမံကိန်းတို့ ပါဝင်မည်ဖြစ်ကာ တိုက်ခန်းပေါင်း ၁ သောင်းကျော် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၌ ၄၄ မြို့နယ်တွင် ကျူးကျော် နေထိုင်သူများ ရှိနေကာ မြို့နယ်တိုင်းတွင် ကျူးကျော် ဆိုင်ခန်းများ မပါဘဲ အနည်းဆုံး ကျူးကျော် တဲ၊ အိမ်၊ အဆောက်အဦး ၅ ပုံ ၁ ပုံစီခန့် ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီမှ ခန့်မှန်းခြေ အတည်ပြုထားသည်။ ကျူးကျော်နေထိုင်သူများကို တရားဝင်နေထိုင်ခွင့် (ဂရမ်မြေ) နေရာ အစားပေးရန် ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီဝင်များနှင့် ညှိနှိုင်း စီစဉ်လျှက်ရှိသည်။
ယင်းကဲ့သို့ ကျူးကျော်သူများကို ဂရမ်မြေ အစားထိုးပေးမည်ဆိုသည့် သတင်းထွက်ပေါ်ပြီး နောက်ပိုင်းတွင် စီမံကိန်း နယ်မြေ တချို့၌ ကျူးကျော်အိမ်သစ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က မြို့တော် စည်ပင်နယ်နိမိတ် အတွင်း ဖြစ်သည့် မြရည်နန္ဒာနှင့် အောင်သာယာ ရပ်ကွက် ၁၅ ဧကရှိ ကျူးကျော်တဲ ၄၅၄ လုံးကိုလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်နေ့က ကံကြီးကုန်း ကျေးရွာနှင့် ဇီးအုပ် ကျေးရွာရှိ မြေကွက် ၂၀၀၀ ကျော်တွင် နေထိုင်သည့် ကျူးကျော်တဲ ၅၅၄ လုံးကို လည်းကောင်း မန္တလေးမြို့တော် စည်ပင်က ဝင်ရောက် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ စည်ပင်ပိုင်မြေနေရာတွင်လည်း မကြာသေးခင်က လပိုင်းအတွင်း ကျူးကျော် အိမ်သစ်များ၊ ခြံကွက်များ ပေါ်ပေါက်ခဲ့သည်ကို သွားရောက်ဖြေရှင်းသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများနှင့် ကျူးကျော်သူများ အကြား ပြဿနာများ ဖြစ်ပွားခဲ့သေးသည်။