မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦး တို့ကို ဆေးထိုးကွပ်မျက်တဲ့ နေ့က တရုတ် နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့် ပြသတာနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေ ဖြစ်နေကြပါတယ်။
မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံ နယ်နိမိတ် ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်ခံရ မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ စိုင်းနော်ခမ်းအပါအဝင် ၄ ဦးကို ဆေးထိုး သေဒဏ် စီရင်တဲ့ ဖြစ် စဉ် ကို CCTV က ပြီးခဲ့တဲ့ သောကြာနေ့က ၂ နာရီ ကြာ ထုတ်လွှင့် ပြသသွားခဲ့တာပါ။
အဲဒီလို ထုတ်လွှင့် ပြသတာဟာ စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ရေးအတွက် တရုတ်အစိုးရက လုပ်တာလို့ အမေရိကန် အခြေစိုက် နယူးယောက် တိုင်းမ် သတင်း ဌာန အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
တိုက်ရိုက်လွှင့်ထုတ်ပြသမှုမှာ ဆေးထိုးကွပ်မျက်မှု မြင်ကွင်းကိုတော့ မပြခဲ့ပါဘူး။ ဒါပေမယ့် ကြည့်ရှုတဲ့ပရိသတ်ကို လွန် ခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာ က တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရခြင်းနဲ့ပတ်သက်ပြီး သွေးဆာအောင် လှုံ့ဆော်သလို ဖြစ်နေတယ်လို့ ဝေဖန်သူ တချို့ကလည်း ထောက်ပြနေကြပါတယ်။
“တရားဥပဒေ စိုးမိုးမှုကို အလှပြသက်သက် လုပ်ပြတာထက် အဲဒီအစီအစဉ်ဟာ ငေးမောကြည့်နေသူတွေကို ဆွဲဆောင်ရင်း လူ့အသက်ကို နိုင်ငံက ဘယ်လို ထိန်းချုပ်ထားတယ် ဆိုတာကိုပါ ပြသွားခဲ့တာပါ”လို့ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေရေးရာ ပါမောက္ခ Han Youyi ဆိုသူက သူ့ရဲ့ မိုက်ခရို ဘလော့ဂ်မှာ “State-administered violence is no loftier than criminal violence” ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသား ထားတဲ့ စာစုမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်သူ Liu Xiaoyuan ကလည်း အခုလို အသေးစိပ် တိုက်ရိုက် ထုတ်လွှင့် ပြသမှုဟာ နိုင်ငံပိုင် CCTV အနေနဲ့ တရုတ် ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်ကို ချိုးဖောက် လိုက်တာ ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချပါတယ်။
“ကျနော် ကြည့်လိုက်ရတာ တော်တော် ထိတ်လန့် တုန်လှုပ်သွားတယ်”လို့ သူက အင်တာဗျူး တခုမှာ ဆိုပါတယ်။
CCTV သတင်းဌာနရဲ့ ထုတ်လွွှင့်ပြသမှုမှာ တရုတ် စုံစမ်းစစ်ဆေးသူတွေ ပြောကြားချက်ဖြစ်တဲ့ တရုတ် သင်္ဘောသားတွေဟာ ဆက်ကြေးတောင်းတာကို ငြင်းဆိုခဲ့ပြီးနောက် စိုင်းနော်ခမ်းက ရက်စက်စွာ သတ်ဖြတ်ဖို့ အမိန့် ပေးခဲ့ တယ် ဆိုတာကို အဓိက မီးမောင်းထိုးပြ သွားခဲ့တယ်။
သေဆုံးသွားတဲ့ တရုတ် သင်္ဘောသားတွေရဲ့ လှေတွေပေါ်မှာ မက်သာအဖက်တမင်း စိတ်ကြွဆေးများစွာ တွေ့ခဲ့ရ တယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့ အချက်ကိုတော့ တရုတ်စုံစမ်းရေးသမားတွေက ငြင်းဆိုသွားပါတယ်။
အဲဒီအပြင် တရုတ် သင်္ဘောသား ၁၃ ဦး သေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ စစ်တပ်က ဖမ်းဆီး ထိန်း သိမ်းခံခဲ့ရတဲ့ စစ်သားတချို့ သတင်းကလည်း မှေးမှိန်ပျောက်ကွယ် နေပါတယ်။
စိုင်းနော်ခမ်း အပါအဝင် လူ ၆ ဦးကို လွန်ခဲ့တဲ့ ဧပြီလတုန်းက တရုတ်၊ ထိုင်း၊ လာအို၊ မြန်မာ အရာရှိတွေ ပါဝင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေက လာအိုနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာပါ။ ပြီးတော့ လာအိုနိုင်ငံက စိုင်းနော်ခမ်းနဲ့ တချို့ကို တရုတ် နိုင်ငံ ဆီကို လွှဲပြောင်းပေးခဲ့ပြီး တရုတ်နိုင်င်ငံ ယူနန်ပြည်နယ်မှာ လွန်ခဲ့တဲ့ နိုဝင်ဘာလက သူတို့ကို ခုံရုံးတင် တရားစွဲဆို ခဲ့ပါတယ်။
စွပ်စွဲခံရသူတွေထဲက လာအိုနိုင်ငံသားတဦး၊ ထိုင်းနိုင်ငံသားတဦးနဲ့ နိုင်ငံမဲ့ တဦးတို့ကတော့ အဆိုပါ ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။ နောက် ၂ ဦးကတော့ ကွပ်မျက် သတ်ဖြတ်ခြင်းက ကင်းလွတ်ခွင့်ရပေမယ့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဌာန အရာရှိတဦးက သတင်းစာတစောင်ကို ပြောခဲ့တာမှာတော့ တ ရုတ် အာဏာပိုင်တွေအနေနဲ့ စိုင်းနော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ပစ်ခတ်ချေမှုန်းဖို့ စဉ်းစားခဲ့ပြီး နောက်ပိုင်းမှသာ အရှင်ဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုတယ်။
တိုက်ရိုက်လွှင့်ထုတ်ပြသမှု အစီအစဉ်မှာ ရဲအရာရှိတွေနဲ့ အင်တာဗျူးတွေပါဝင်ပြီး သေအံ့ဆဲဆဲ လူတွေကို ခြေကျင်း တွေ ခတ်ထားတဲ့ ပုံတွေ၊ ဘယ်လိုမှ အဓိပ္ပာယ်ယူလို့မရတဲ့ ခြိမ်းခြောက် မာန်မဲတဲ့ အသံတွေလည်း ပါဝင်ပါတယ်။ နောက် ပြီး တကယ့် ရာဇဝင်လူဆိုးတွေကို သုတ်သင် ရှင်းလင်းတာလို့ အဓိပ္ပာယ်ရတဲ့ စာတမ်းထိုး ပြသမှုကိုလည်း မကြာ ခဏ လုပ်ဆောင်သွား ပါတယ်။
ရုပ်မြင်သံကြား ပြကွက်တခုမှာတော့ တရုတ်အစိုးရရဲ့ မူးယစ် ထိန်းချုပ်ရေး ဗျူရို ညွှန်ကြားရေးမှူးချုပ် Liu Yuejin ရဲ့ ရုပ်ပုံလွှာကို စိုင်းနော်ခမ်း သတင်းရဲ့ နောက်ခံ ပုံရိပ်အဖြစ် ဖော်ပြပြီး ကမ္ဘာတလွှားက တရုတ်နွယ်ဖွား တိုင်းရင်းသား တွေ အတွက် တရုတ်နိုင်ငံအပေါ် ယုံကြည်မှု အသစ်တခုရဖို့ ဖန်တီးပြခဲ့သေးတယ်လို့ နယူးယောက် တိုင်းမ် သတင်းစာ က ရေးသားပါတယ်။
“အတိတ်တချိန်က ပြည်ပရောက် တရုတ်နိုင်ငံသားတွေဟာ သူတို့ကိုယ်သူတို့ တရုတ်တွေပါလို့ မပြောရဲ ခဲ့ကြဘူး၊ အခု တော့ သူတို့ ခေါင်းထောင်နိုင်ပြီ။ သူတို့ကိုယ်သူတို့ တရုတ်တွေဖြစ်တယ် ဆိုတာ ပြောနိုင်ပြီပေါ့”လို့ တရားခံလို့ စွပ်စွဲခံရ သူ တွေကို ၆ လကြာ နောက်ယောင်ခံ လိုက်စုံစမ်းခဲ့သူ မစ္စတာ Liu က ဆိုပါတယ်။
အဆိုပါ တီဗီ အစီအစဉ်ကို အားတက်သရော ထောက်ခံတဲ့သူတွေလည်း များပါတယ်။ ဘလော့ဂါ တဦးကလည်း ဆေး ထိုးသတ်တဲ့ အဖြစ်ကို အလွန်သက်ညှာခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးထား ပါတယ်။
တချို့ဝေဖန်မှုတွေကတော့ အခုလို ထုတ်လွှင့် ပြသတာဟာ တရုတ်နိုင်ငံရဲ့ ရုပ်ဆိုးတဲ့ မျက်နှာစာကို ဖွင့်လှစ် ပြသ လိုက်တာ ဖြစ်တယ်လို့ ထောက်ပြကြတယ်။
တရုတ်နိုင်ငံက နာမည်ကြီး စာရေးဆရာတဦးဖြစ်တဲ့ Murong Xuecun ကတော့ အဲဒီ အစီအစဉ်ဟာ ဆယ်စုနှစ်ပေါင်း များစွာ စိတ်ပျက်စရာ ဝါဒဖြန့်ချိမှုတွေ လုပ်ခဲ့တဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့နိုင်ငံရေး စိတ်ပညာ သဘောအရ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုတယ်။ ဒါဟာ နိုင်ငံခြားသားတွေက နှစ်ပေါင်းများစွာ အထင်သေး အမြင်သေးရှိတာကို လက်တုံ့ ပြန် လိုက် တဲ့ ပုံစံလို့လည်း သူက ပြောတယ်။
“ဒါဟာ တရုတ်နိုင်ငံမှာ အမုန်းတရား ပညာရေးဆိုတာ အခုထိ ရှိနေသေးကြောင်း သက်သေထူလိုက်တာပဲ”လို့ Murong Xuecun က ဆိုပါတယ်။
CCTV ကတော့ အခုလို ဝေဖန်ပြစ်တင် ပြောဆိုနေတာတွေကို ခုခံ ကာကွယ် ပါတယ်။
“ကွပ်မျက်မှု ပုံရိပ်ကို တကွက်မျှတောင် မပြခဲ့ဘူး။ ကျနော်တို့ မြင်ရတာက မူးယစ်ရာဇာဟာ အားနည်းပြီး သေရမှာ ကြောက်တယ် ဆိုတဲ့ မြင်ကွင်းပဲ”လို့ Sina Weibo စာမျက်နှာပေါ်က ဝေဖန်ရေးသားချက် တခုက ဆိုပါတယ်။
“သူ့ရဲ့ ဂိုဏ်းသားတွေရဲ့ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်ရာမှာ နည်းလမ်းတကျ တရားရုံးအမှု ရင်ဆိုင်ရတာနဲ့ လူသားဆန်ဆန် ဆေးထိုးမှုဟာ တရားဥပဒေ စိုးမိုးမှုကို ထင်ဟပ်တဲ့၊ ယဉ်ကျေးတဲ့ ဂုဏ်သိက္ခာရှိမှုကို ပြသ တာပဲ”လို့လည်း သူက ရေးပြထားပါသေးတယ်။
စိုင်းနော်ခမ်းကို ဆေးထိုးကွပ်မျက်မယ့် နေရာကို ခေါ်ဆောင်ရာ လမ်းတလျှောက် အချိန်တိုလေး အတွင်းမှာ သတင်း ထောက် တဦးက သေဆုံးသွားခဲ့တဲ့ တရုတ်သင်္ဘောသား မိသားစု ဓာတ်ပုံကို ကိုင်ပြီး စိုင်းနော်ခမ်းကို သူ့မိသားစုနဲ့ ပတ် သက်ပြီး မေးလိုက်ပါတယ်။
စိုင်းနော်ခမ်းက“သားသမီးတွေနဲ့ အတူ ကျနော် ဆက်နေချင်ပါတယ်။ သူတို့ကိုလည်း ပညာတွေ တတ်စေချင်တယ်။ ကျနော်မသေချင် သေးဘူး”လို့ ခပ်ယဲ့ယဲ့ ပြုံးပြီး သတင်းထောက် အမေးကို ဖြေပါတယ်။
မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းကို တရုတ်နိုင်ငံမှာ ဆေးထိုး ကွပ်မျက်ခံရမှုနဲ့ပတ်သက်ပြီး ယခုရက်ပိုင်း ဖေ့စ် ဘုတ် သုံးစွဲသူ မြန်မာတွေ ကြားမှာလည်း ငြင်းခုန်မှုတွေ များပါတယ်။
ဘိန်းဘုရင် ခွန်ဆာ၊ လော်စစ်ဟန် စတဲ့ သူတွေဟာ တရုတ်နွယ်ဖွားတွေ ဖြစ်လို့ မြန်မာအစိုးရက အကာအကွယ်ပေး ခဲ့ ပေမယ့် စိုင်းနော်ခမ်းဟာ ရှမ်းတဦးဖြစ်တာကြောင့် တရုတ်အစိုးရဆီက ကိုယ့်နိုင်ငံသားကို ပြန်လည်တောင်းယူဖို့ ပျက် ကွက်တယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံသား တဦးကို တိုင်းတပါး တရုတ်နိုင်ငံမှာ ဒူးထောက်ခိုင်းပြီး ဆေးထိုး ကွပ်မျက်ခံရခြင်း ဟာ မသင့်တော်ကြောင်း၊ ကိုယ့်နိုင်ငံသားကို ကိုယ့်နိုင်ငံ ဥပဒေနဲ့သာ အရေးယူသင့်ကြောင်း စတဲ့ ဝေဖန်မှုမျိုးလည်း ရှိပါတယ်။
ဒါပေမယ့် တချိန်က မူးယစ် ရဲမှူးကြီးလုပ်ခဲ့ဖူးသူ ဦးခမ်းအောင် ကတော့ စိုင်းနော်ခမ်းဟာ မဲခေါင်မြစ်တကြောမှာ မြန်မာ နိုင်ငံက မူးယစ် အထူးရဲနဲ့ စစ်သားတွေကို သတ်ဖြတ်ခဲ့သူ၊ နောက်ပိုင်း တရုတ်သင်္ဘောတွေကို ဆက်ကြေးမပေးရင် ပစ်ခတ်တာအထိ ဖြစ်လာလို့ မဲခေါင်မြစ်တလျှောက် လုံခြုံရေး ကင်းမပါဘဲ သွားမရတဲ့ အခြေစိုက်ခဲ့တယ်လို့ ဆိုတယ်။
ဦးခမ်းအောင်က ဆက်လက်ပြီး မြန်မာ-တရုတ် ၂ နိုင်ငံ အကျဉ်းသား ဖလှယ်မှု အစီအစဉ်အရ အရင်က လုပ်ထုံး လုပ် နည်း ရှိခဲ့ပေမယ့် မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို တရုတ်ဆီက ပြန်မေတောင်းခဲ့တာ အကြောင်းရှိမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက မူးယစ် ဥပဒေကလည် သေဒဏ်ပေးတဲ့စနစ်ရှိတဲ့ ပြင်းထန်တဲ့ ဥပဒေဆိုတာ ထောက်ပြထားပြီး တရုတ် တွေလို လူထုရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာမျိုးကိုတော့ သူက ဆန့်ကျင်ကြောင်း ပြောထားပါသေးတယ်။
တရုတ် ဆန့်ကျင်ရေး တငွေ့ငွေ့လောင်နေတဲ့ မြန်မာနိုင်ငံမှာ စိုင်းနော်ခမ်းကို တရုတ်နိုင်ငံမှာ ကွပ်မျက်မှုနဲ့ ဆက်စပ်ပြီး တရုတ် နိုင်ငံထုတ် ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စတဲ့ အသံမျိုးတွေ ကျယ်လောင် လာတာဟာ အမျိုးသားရေး လက္ခဏာ လား ဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ ။