မြန်မာနိုင်ငံအလယ်ပိုင်း မိတီ္ထလာမြို့။ ဘုန်းကြီးတပါးက မွတ်ဆလင် မိန်းကလေးတယောက်ကို ချုပ်ကိုင်ပြီး လည်ပင်းကို ဒါးဖြင့်ထောက်ရင်း လိုက်တားနေသော ရဲများကို လှမ်းအော်သည်။ “လိုက်မလာနဲ့၊ လိုက်လာရင် သူ့ကို သတ်ပစ်လိုက်မယ်”။
ထိုနေ့သည် မတ်လ ၂၁ ရက် အင်္ဂါနေ့ဖြစ်သည်။ မျက်မြင်သက်သေများ၏အဆိုအရ တုတ်၊ ဓား လက်နက်များကိုင်ဆောင်ထားသော ဗုဒ္ဓဘာသာဝင်လူအုပ်သည် ၁၀၀ခန့် ရှိသော မူဆလင်များ ၏နောက်သို့ ထပ်ကြပ်လိုက်ခဲ့ကြသည်။
နာရီအနည်းငယ်အတွင်းတွင် မွတ်ဆလင် ၂၅ ဦးခန့် သတ်ဖြတ်ခံလိုက်ရ၏။ သွေးအလိမ်းလိမ်းဖြင့် ရုပ်အလောင်းများကို မင်္ဂလာဇေယျုံ ရပ်ကွက်မှ ကုန်းငယ်တခုပေါ်သို့ဆွဲတင်သွားကြပြီး မီးရှို့လိုက်ကြသည်။ ရွှံ့ဗွက်များအတွင်းတွင် သတ်ဖြတ်ခံထားရသူ အချို့ကိုလည်း တွေ့ရသည်။ မီးကျွမ်းနေသော အသက် ဆယ်နှစ်အရွယ်ခန့် ကလေးနှစ်ယောက်၏ အလောင်းများကိုလည်း ရိုက်တာသတင်းဌာနမှ ဓာတ်ပုံဆရာ မြင်ခဲ့ရ၏။
၂၀၁၁ ခုနှစ် ပြီးဆုံးခဲ့သော ၄၉နှစ်ကြာ စစ်အုပ်ချုပ်ရေးကာလအတွင်းက ဥပေက္ခာပြု ထားခဲ့သော လူမျိုးရေးမုန်းတီးမှု ပြဿနာများသည် ယခုအချိန်တွင် ပိုမိုကျယ်ပြန့်လာပြီး သမိုင်းဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်လာသည်အထိ ဖြစ်လာ၏။ လူမျိုးရေးခွဲခြားမှု အားကောင်းလာသလို ယင်းကိုထောက်ခံသည့် လှုပ်ရှားမှုများ၏ အရိပ်လက္ခဏာများလည်း သိသာစွာ ထွက်ပေါ်၍လာသည်။
အစိုးရရုံးစိုက်ရာ နေပြည်တော်မှ ကီလိုမီတာ ၁၃၀ ကွာဝေးသော လူတသိန်းကျော်နေထိုင်သည့် မိတ္ထီလာမြို့တွင် ပြဿနာဖြစ်ပြီး လေးရက်ကြာသည့်အခါ အနည်းဆုံး ၄၃ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ မွတ်ဆလင် အများစုပါဝင်သော လူပေါင်း ၁၃၀၀၀ ခန့်သည် မိမိတို့နေအိမ်နှင့် လုပ်ငန်းများကို စွန့်ခွာထွက်ခဲ့ကြရသည်။ လူစုလူဝေးဖြင့် အကြမ်းဖက်ခဲ့ကြသည့် အဓိကရုဏ်းများ မြန်မာနိုင်ငံ အလယ်ပိုင်း မြို့ရွာ ၁၄ ခုခန့်တွင် ဖြစ်ပေါ်ခဲ့ခြင်းက နိုင်ငံကို အာရှ၏ လူမျိုးရေးခွဲခြားမှု ပြင်းထန်သော နိုင်ငံစာရင်းတွင် ထိပ်နားအထိရောက်အောင် တွန်းပို့လိုက်သည်။
မျက်မြင်သက်သေ ၃၀ ကျော်၏ ထွက်ဆိုချက်များကို အခြေပြု၍ ပဋိပက္ခကို ဆန်းစစ်ကြည့်သောအခါ မိတ္ထီလာမြို့မှ မူဆလင်၂၅ ဦးသတ်ဖြတ်ခံခဲ့ရမှုတွင် ရံဖန်ရံခါ ဒီမိုကရေစီရေးလှုပ်ရှားမှု၏ သင်္ကေတအဖြစ ်မြင်တွေ့ ရတတ်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့က ဦးဆောင်ခဲ့ကြောင်း တွေ့ရှိရ၏။ ရာဇဝတ်မှုများသည် လုံခြုံရေးအဖွဲ့ဝင်များ၏ မျက်မှောက်မှာပင်ဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာနှင့် ဗဟိုအာဏာပိုင်များက ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။
မငြိမ်သက်မှုက အခြားမြို့များဆီကိုပါ ကူးစက်ပျံ့နှံ့သွားသည်။ စီးပွားရေးမြို့တော် ရန်ကုန်နှင့် နာရီအနည်းငယ်သာ ခရီးကွာလှမ်းသည့် နေရာအထိ ရောက်ရှိလာခြင်းကို မမြင်ယောင်ပြုနေကြသည့် လုံခြုံရေးတာဝန်ခံတို့၏ လုပ်ရပ်က အထောက်အပံ့ တစုံတရာ ဖြစ်စေခဲ့သည်။ မတ်လ ၂၁ ရက်နေ့ သတ်ဖြတ်မှုများပြီးသည့်နောက် မန္တလေးတိုင်း ဝန်ကြီးချုပ်က အခြေအနေကို ထိန်းသိမ်းနိုင်ပြီဟု ဆိုခဲ့သော်ငြား နောက်ထပ်သုံးရက်အထိ ဒေါသတွေကို မထိန်းချုပ်နိုင်ကြသေးပါ။ မိတ္ထီလာမြို့ကို အစွန်းရောက်ဘုန်းကြီးတွေလက်သို့ ပေးအပ်လိုက်ရသည်။ မီးသတ်ကားတွေ တားဆီးခံရ၏။ ယုံကြည်မှု ပျောက်ဆုံးသွားရသည့် ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ ပတ်ဝန်းကျင်တခုလုံးသည်လည်း ဒေါသနှင့် ကြောက်ရွံ့စိုးထိတ်မှုတွေ ပြည့်နေခဲ့ရသည်။
ဖြစ်ရပ်၏ လက်သည်တရားခံ အားလုံးသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ပါ။ သူတို့သည် ဆူပူမှုကို စတင်သောသူများတော့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း ဤအရေးအခင်းတွင် ပထမဆုံး အသက်ဆုံးရှုံးသည်မှာ မူဆလင်များ၏ သတ်ဖြတ်မှုခံလိုက်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးဖြစ်နေသည်။
မိတ္ထီလာမှ ရာဇဝတ်မှုများနှင့် အစိုးရ၏ တာဝန်ယူမှု အားနည်းခြင်းသည် ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များမှ ရိုက်တာသတင်းဌာန ရရှိခဲ့သော အချက်များနှင့် တူနေကြောင်း တွေ့ ရှိရသည်။ ယခုတကြိမ် ပေါ်ပေါက်လာရသည့် အရေးအခင်းသည် မြန်မာနိုင်ငံ၏ နှလုံးသားပမာ ဗျူဟာမြောက် အချက် အချာကျသည့် မြို့တွင် ဖြစ်နေသည့်အတွက် ပြုပြင်ပြောင်းလဲရေးသမားဟု သတ်မှတ်ခြင်းခံရသူ သမ္မတဦးသိန်းစိန်သည် လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့များအပေါ်တွင် ထိန်းချုပ်ခွင့်ပြည့်ဝစွာရှိပါ၏လောဟု မေးခွန်းထုတ်စရာဖြစ်လာသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ပြီး ရွှေရောင်ဝင်းလက်သည့် ပုထိုးစေတီများရှိနေသောကြောင့် “ရွှေနိုင်ငံ”ဟု သိကြသည့် မြန်မာနိုင်ငံတွင် ယခုဖြစ်ရပ်က အမှန်တရားတခုကို ဖွင့်ထုတ်ပြခဲ့၏။ လွန်ခဲ့သော ဆယ်စုနှစ်တွေအထိ မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဘုန်းကြီးများက အဓိကနေရာမှ ပါဝင်ခဲ့သည်။ ဖြစ်ပေါ်ခဲ့သော ဆူပူမှုနှင့် ဆက်နွယ်သူ ၄၂ ဦးကို ဖမ်းဆီးထားပြီးပြီဆိုသော်လည်း “၉၆၉”ဟု သိကြသည့် ဘာသာရေးလှုပ်ရှားမှုတခုကို အရှိန်မြင့်တက်စေသည့် ဟောပြောမှုတွေကို ပြုလုပ်နေကြဆဲဖြစ်သည်။
ဖြစ်စဉ်ကို အကဲဖြတ်သုံးသပ်ရာတွင် ဘာသာရေးသာမက စီးပွားရေးအရလည်း ပဋိပက္ခကိုဖြစ်စေသော အကြောင်းတွေ ထွက်ပေါ်လာသည်။ မိတ္ထီလာ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် မွတ်ဆလင်များသည် သူတို့၏အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်များထက် ငွေကြေးပြည့်စုံကြသည်။ တနိုင်ငံလုံး အတိုင်းအတာအရတွင် လူဦးရေ၏ ၅ ရာခိုင်နှုန်းသည်သာ မူဆလင်များဖြစ်သော်လည်း မိတ္ထီလာမြို့တွင်မူ သုံးပုံတပုံက မူဆလင်ဖြစ်၏။ အဆင့်မြင့် အိမ်ခြံမြေများ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များကို မွတ်ဆလင်တို့ ပိုင်ဆိုင်ကြ၍ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များထက် သိသာစွာဝင်ငွေကောင်းသူများဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် အများစုမှာကား အလုပ်သမားများ၊ လမ်းဘေးဈေးသည်များအဖြစ် အသက်မွေးကြ၏။
မြန်မာနိုင်ငံသည် ရာစုတဝက်နီးပါး လွှမ်းမိုးထားခဲ့သည့် တံခါးပိတ်ဝါဒနှင့် စစ်အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက် လာခါစဖြစ်သည်။ ငွေပင်ငွေရင်းတောင့်တင်းမှုသည် တံခါးဖွင့်လာသည့် စီးပွားရေးတွင် ရှေ့ဆုံးကိုရောက်ဖို့ အရေးပါသည်။ လတ်တလောဖြစ်ပေါ်ခဲ့သည့် မငြိမ်သက်မှုများက စီးပွားရေးတွင် ကာလရှည်စွာ တည်ဆောက်ထားသည့် မူဆလင်အသိုက်အဝန်းကို ဘေးရောက်သွားစေနိုင်သည်။ ဆူပူမငြိမ်သက်မှုနှင့် ပတ်သက်သော ကောလဟာလများ၊ ထင်ကြေးများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအပေါ် ကြီးမားသော အခက်အခဲ အကျပ်အတည်း ကျရောက်စေနိုင်၏။
သို့သော် ပါလီမန်အတွင်းမှ အတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ ပုဂ္ဂိုလ် ရေး အရှိန်အဝါကို သုံးစွဲကာအခြေအနေကို တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ ဗုဒ္ဓဘာသာကို အလွန် ယုံကြည်သက်ဝင်သော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး ရရှိအောင် မလုပ်နိုင်လျှင် အခြေအနေ ပိုမို ဆိုးဝါးကျယ်ပြန့်သွားနိုင်သည် အစရှိသော သတိပေးစကား အနည်းငယ်ကိုသာဆိုနိုင်ခဲ့၏။ ဤဆောင်းပါးအတွက် တွေ့ဆုံဆွေးနွေးခွင့်တောင်းခံရာတွင် ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်ခဲ့သည်။
ရွှေဆံညှပ်
ပြဿနာ၏အစသည် ရိုးစင်းပါသည်။ အသက် ၄၅နှစ် အရွယ် ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဒေါ်အေးအေးနိုင်သည် ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ချင်နေသည်။ ထိုအတွက် ငွေလိုနေခဲ့ကြောင်း ပြွန်ကောက်ရွာရှိ သူ၏ နေအိမ်တွင် အတူထိုင်ရင်း ကျနော့်ကို ပြောသည်။ မတ်လ ၂၀ ရက်နေ့ (ပြဿနာများမဖြစ်ပွားမီ တရက်အလို) မနက် ၉ နာရီခန့်တွင် ရွှေသား ဆံညှပ်တခုကို ယူဆောင်ပြီး မိတ္ထီလာမြို့သို့ ဒေါ်အေးအေးနိုင် ရောက်သွားသည်။ ထိုဆံညှပ်သည် ကျပ်ငွေ တသိန်းလေးသောင်း တန်သည်ဟု သူ သိထားသည်။ ခင်ပွန်းသည်နှင့် ညီမဖြစ်သူကို အဖော်ပြုပြီး မွတ်ဆလင်တဦး ပိုင်ဆိုင်သည့် နယူးဝိန့်စိန်ရွှေဆိုင်ထဲသို့ ဝင်သွားပြီးနောက်တွင် ဆိုင်ရှင်က တသိန်းရှစ်ထောင် ပေးမည်ဆို၏။ သူက အနည်းဆုံး တသိန်းတသောင်းလောက် လိုချင်သည်။
ဆိုင်အလုပ်သမားက ရွှေကိုစစ်ဆေးပြီး လက်တွင်းပြန်ရောက်လာသည့်အခါ ထိခိုက်ပျက်စီးနေကြောင်း သူကပြောပြ သည်။ အသက် ၂၀ ဝန်းကျင်ရှိမည့် ဆိုင်ရှင် မိန်းမငယ်က ကျပ် ငါးသောင်းသာ ပေးတော့မည်ဖြစ်ကြောင်း ပြောပြန်၏။ ထိုကိစ္စ လက်မခံနိုင်ကြောင်း ဒေါ်အေးအေးနိုင်က အရေးဆိုနေစဉ် ဆိုင်ရှင်က သူ့ကို တွန်းလိုက်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ အော်ဟစ်နေသော ဒေါ်အေးအေးနိုင် ခင်ပွန်းကို ဆိုင်ဝန်ထမ်းသုံးဦးက ဆိုင်ပြင်ကို ဆွဲထုတ်သွားပြီး ရိုတ်နှက်ထိုးကြိတ်ကြကြောင်း သူတို့လင်မယားနှင့် မျက်မြင်သက်သေနှစ်ယောက်က ထွက်ဆိုခဲ့ကြသည်။
လူတွေ ဝိုင်းအုံကြည့်ကြပြီးနောက်တွင် ရဲအဖွဲ့ဝင်တွေလည်း ရောက်လာသည်။ သူတို့က ဆိုင်ရှင်နှင့် ဒေါ်အေးအေးနိုင်ကို ထိန်းသိမ်းလိုက်ကြသည်။ သို့သော်လည်း ရောက်ရှိနေကြသည့် ဗုဒ္ဓဘာသာဝင် အများပါသည့် လူစုက ဆူပူမှုအသွင်ကို ပြောင်းလိုက်ကြပေပြီ။ ကျောက်ခဲများနှင့် ပစ်ပေါက်ကြ၏။ မွတ်ဆလင်ဆန့်ကျင်ရေး စကားလုံးများ အော်ဟစ်ကြွေးကြော်ကာ ဆိုင်တံခါးကို ရိုက်ချိုးဖျက်ဆီးလိုက်ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ထိုအချိန်အထိ လူတယောက်မှ မသေဆုံးခဲ့သလို ဒဏ်ရာ အနာတရဖြစ်သူလည်း မရှိခဲ့ပါ။ သို့သော် ရွှေဆိုင်နှင့်အတူ အနီးတဝိုက်က မွတ်ဆလင်ပိုင် အဆောက်အဦများ ဖျက်ဆီးခံလိုက်ရသည်။
“အဲဒီရွှေဆိုင်က ဒီအနီးတဝိုက်မှာ နာမည်ကောင်းမရဘူး” ဟု လမ်းတဖက်ရှိ သူ၏စတိုးဆိုင်တွင်းမှနေ၍ အဖြစ်အပျက်များကို စောင့်ကြည့်နေခဲ့သော မခင်စန်းက ဆိုသည်။ သူက ဆက်လက်၍ “သူတို့ဆိုင်ရှေ့မှာ ကားရပ်တာမျိုး မကြိုက်ဘူး၊ လက်မခံဘူး။ သူတို့က ရန်လိုတတ်တယ်။ ဒါပေမယ့် လူများစုကိုတော့ ကြောက်တတ်တယ်” ဟုပြောသည်။
ထိုသို့သော ပြဿနာများ မဖြစ်ပေါ်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် အဖွဲ့တဖွဲ့က ဖြန့်ဝေခဲ့သော လက်ကမ်းစာလွှာများက မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။ ဒေသဆိုင်ရာ ဗုဒ္ဓဘာသာ အာဏာပိုင်များဆီသို့ လိပ်မူထားသော ထိုစာလွှာတွင် မိတ္ထီလာမြို့ရှိ မူဆလင်များသည် ဗုဒ္ဓဘာသာဝင်များ အပေါ် မကောင်း ကြံစည်နေကြကြောင်း၊ သူတို့ကို ဆော်ဒီအာရေဗီးယား နိုင်ငံမှ ငွေကြေးထောက်ပံ့ပေးနေပြီး ဗလီများအတွင်းတွင် လျှို့ဝှက်အစည်းအဝေးများ ပြုလုပ်နေကြကြောင်း ဖော်ပြထားသည်။
တင်းမာမှုအခြေအနေသည် ညနေ ၅နာရီခွဲတွင် အရှိန်အဟုန် ပိုပြီးမြင့်တက်သွားသည်။ ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသော မွတ်ဆလင် လေးယောက်၏ ရှေ့သို့ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး လိုက်ပါလာသည့် ဆိုင်ကယ်တစီး ရောက်လာသည်။ တယောက်က မောင်းသူကို ဓားနှင့်ခုတ်လိုက်သည့် အတွက် ဆိုင်ကယ်လဲကျသွားသည်ကို မြင်လိုက်ရသူ ရှိသည်။ ဒုတိယ မွတ်ဆလင်က ဘုန်းကြီး၏ ဦးခေါင်းနောက်ဖက်ကို ဓားနှင့်ခုတ်ပြီး ကျန်တယောက်က ကိုယ်ပေါ်သို့ လောင်စာဆီတွေ လောင်းချကာ မီးရှို့လိုက်သည်ကို ဗုဒ္ဓဘာသာဝင် စက်ပြင်ဆရာဦးစိုးသိန်း တွေ့ရသည်။ ထိုဘုန်းတော်ကြီးမှာ ဆေးရုံတွင် ပျံလွန်ခဲ့သည်။
“ဘုန်းကြီးတပါး အသတ်ခံလိုက်ရပြီ၊ ဘုန်းကြီးတပါး အသတ်ခံလိုက်ရပြီ” ဟု တကြော်ကြော် အော်ရင်း ဦးစိုးသိန်း ဈေး ဖက်ဆီသို့ ပြေးလာခဲ့၏။ အခင်းဖြစ်ပွားရာသို့ သူ အပြေးပြန်ရောက်လာသည့်အခါ နောက်တွင် ဆူညံတက်ကြွနေသော လူစုလူဝေးတရပ် ပါလာသည်။ မကြာမှီမှာပင် မွတ်ဆလင်ဆိုင်များနှင့် အိမ်များပေါ်သို့ မီးတောက်တွေ ထိုးတက်လာတော့သည်။
“မူဆလင်တွေကိုပဲ လိုချင်တယ်”
ထိုညနေတွင် မွတ်ဆလင်အများစုနေထိုင်ရာ မိတ္ထီလာ အရှေ့ပိုင်းမှ မင်္ဂလာဇေယျုံရပ်ကွက်ကို မီးတောက်များက ဝါးမျိုသွား၏။ လောင်မြိုက်နေသောမီးက ဗလီတလုံး၊ မိဘမဲ့ကလေးများ ဂေဟာတခုနှင့် အိမ်အတော်များများ ပြားပြားဝပ် သွားစေသည်။ ရာနှင့်ချီသော မွတ်ဆလင်များထွက်ပြေးကြရပြီး အချို့ကို ဗုဒ္ဓဘာသာဝင် မိတ်ဆွေများက ခေါ်ယူဝှက်ပေး ထားကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။
တစထက်တစ ကြီးထွားလာသောလူစုကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ထိန်းသိမ်းရန် ကြိုးစားခဲ့သေးသော်လည်း နောက်ဆုံးလက်လျှော့လိုက်ရသည်။ “လူတယောက်က ကျနော့်လက်မောင်းကိုဆွဲပြီး သတိထားပါ၊ နို့မဟုတ်ရင် ခင်ဗျား ဓားစာခံဖြစ်သွားမယ်လို့ ပြောတယ်” ဟု ဦးဝင်းထိန်က ပြန်ပြောပြသည်။
လုံခြုံရေးအဖွဲ့ဝင် ၂၀၀ ခန့်က အဓိကရုဏ်းဖြစ်စဉ်များကို ညသန်းခေါင်အချိန် အထိ စောင့်ကြည့်နေခဲ့ကြကြောင်း ဦးဝင်းထိန်က ဆိုသည်။ ညသန်းခေါင်ဝန်းကျင်လောက်တွင် လုံခြုံရေးအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားကြသည်။
မနက် ၄ နာရီအချိန်လောက်တွင် မွတ်ဆလင်လူကြီးတယောက်ဖြစ်သော ဦးမောင်မောင်၏ နေအိမ်အတွင်းတွင် မွတ်ဆလင် ယောက်ျားများ စုရုံးကာ လက်ချင်းချိတ်ပြီး တိုက်ပွဲအတွက် ပြင်ကြသည်။ အာရဗီဘာသာဖြင့် သံပြိုင်ကြွေးကြော်ကြပြီးနောက် တဖန် ဗမာဘာသာဖြင့် “ဗမာတွေရဲ့သွေးနဲ့ ခြေထောက်ကိုဆေးမယ်” ဟု ကြုံးဝါးကြသည်။ ထိုအချိန်တွင် အပြင်ဖက်၌ ဗုဒ္ဓဘာသာဝင် ၁၀၀၀ လောက်ရှိနေသည်။
နေထွက်လာသည့် မနက် ၆ နာရီခန့်တွင် ရဲအဖွဲ့ဝင် ၁၀ ဦးခန့်သာ ထိုနေရာတဝိုက်တွင် ရှိနေသည်။ သူတို့သည်လည်း တဖြေးဖြေးနှင့် နောက်ဆုတ် ရှောင်ထွက်သွားကြသည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင်တဦးဖြစ်သူ ဦးလှသိန်းက ပြောသည်။
ဓားရှည်၊ သစ်သားတုတ်၊ သံတုတ်များ ကိုင်ဆောင်ထားကြသော မွတ်ဆလင်များ အိမ်ဘေးဖက်မှထွက်လာကြသည်။ ၎င်းတို့ထဲမှ အချို့မှာ အနားရှိ ရွှံ့ဗွက်များထဲတွင် အသတ်ခံခဲ့ရကြောင်း ဦးလှသိန်းကပြောပြသည်။ ထိုဖြစ်ရပ်များကို သူနှင့် အတူ အခြားလေးဦးလည်း မျက်မြင်ဖြစ်ခဲ့ပြီး သက်သေများထဲတွင် မွတ်ဆလင်များရော ဗုဒ္ဓဘာသာဝင်များပါ ပါဝင်သည်။
ကျန်သည့်သူများကတော့ လမ်းကုန်းတက်အတိုင်း ပြေးတက်သွားကြချိန်တွင် ဖြတ်ပြီး တိုက်ခိုက်ခံလိုက်ရ၏။ အမျိုးသမီးနှင့် ကလေးငယ် အများစ ုပါဝင်သော မွတ်ဆလင် ၄၇ ဦးကို ရဲအဖွဲ့က ကယ်ဆယ်လိုက်၏။ လက်တွင်ကိုင်ထားသည့် ဒိုင်းများဖြင့် ကွယ်ပေးထားပြီး သတိပေးသည့်အနေဖြင့် သေနတ်ကို မိုးပေါ်ထောင်ပစ်နေရကြောင်း ဦးလှသိန်း ကပြောသည်။
“ငါတို့ မင်းတို့ကို မတိုက်ခိုက်ချင်ဘူး၊ ငါတို့ မူဆလင်တွေကိုပဲ လိုချင်တယ်” ဟု ဘုန်းကြီးတပါးက အော်ဟစ်ပြောဆိုကြောင်း ရဲအဖွဲ့ဝင်တဦးက ပြန်ပြောပြသည်။
ထိုနေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က သတင်းထောက်များကို ခေါ်ယူတွေ့ဆုံပြီး မိတ္ထီလာတွင် အခြေအနေ တည်ငြိမ်စပြုလာပါပြီဟု ဆိုခဲ့သော်လည်း အမှန်တကယ်တွင် ပိုမို၍ ဆိုးရွားလာခဲ့၏။ လက်နက်များ ကိုင်ဆောင်ထားကြသည့် ဘုန်းကြီးနှင့် ဗုဒ္ဓဘာသာဝင်တစုသည် နောက်ထပ်သုံးရက်လောက်ကြာသည်အထိ လမ်းများပေါ်တွင် အကြမ်းဖက်မှုများ ကျူးလွန်နေကြဆဲဖြစ်ကြောင်း မျက်မြင်သက်သေများဆိုသည်။
မီးလောင်နေသော ဗလီတခုအား ရေဖြန်းငြိမ်းသတ်ရန် ကြိုးစားနေသော မီးသတ်သမား သိန်းဇော်ကို သူတို့ခြိမ်းချောက် ခဲ့ကြသည်။ “ဒီမီးကို ငြှိမ်းရဲ ငြှိမ်းကြည့်၊ မင်းကို သတ်ပစ်မယ်”ဟု ဘုန်းကြီးတပါးက အော်ဟစ်ပြောဆိုခဲ့သည်ကို သိန်းဇော်က ပြန်ပြောပြသည်။ သူ၏ မီးသတ်ကားရှေ့တွင် ဘုန်းကြီး ၃၀ ခန့် ပါဝင်သော လူတစုက အတင်း ပိတ်ဆို့ထား ခဲ့၏။ မိုးသီး မိုးပေါက်များလို ဝင်ရောက်လာသည့် ကျောက်ခဲများကြားမှ သူ မောင်းထွက်ခဲ့ရသည်။ ခဲ တလုံးက မျက်လုံး အောက်ဘက်နား ကိုလာထိသည့်အကြောင်း သိန်းဇော်က ဒဏ်ရာကို ပြရင်းပြောသည်။
“ဓားကိုင်ထားတဲ့ ဘုန်းကြီးတပါးက ကျနော့်ကို ဓားနဲ့ လှမ်းတွက်လိုက်သေးတယ်” ဟု လူငယ်မီးသတ်သမား ကျော်ရဲအောင်ကလည်း ပြောသည်။ သူသည်လည်း သိန်းဇော်ကဲ့သို့ပင် ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သည်။
သုံးရက်ကြာသောအခါ မီးသင့်ထားသော ဦးခေါင်းခွံ၊ ကျောရိုးနှင့် အခြားစိတ်အပိုင်းများနှင့် အတူ မီးကျွမ်းနေသော ကလေးကျောပိုးအိတ်ကလေး တခုကိုပါ ရိုက်တာသတင်းထောက် မြင်ခဲ့ရသည်။
အမှောင် နိုင်ငံရေး အင်အားစုများ
စစ်မက်နှင့် အကြမ်းဖက်ခြင်းကို လေးနက်စွာ ဆန့်ကျင်တတ်သော ဗုဒ္ဓဘာသာ၏ အများသိသော ပုံရိပ်တွင် ဓားကိုင်ထားသော ဘုန်းတော်ကြီးတို့၏ အသွင်က မတော်မတည့်ဖြစ်နေသည်။
သတိ ဉာဏ်ပညာ၊ အကြမ်းမဖက်ခြင်း၊ ဘဝအကြိမ်ကြိမ် ဝင်စားရသည့် သံသရာ၊ တဏှာကို ဖယ်ခွာခြင်း အစရှိသော အတွေးအခေါ်များပေါ်တွင် အခြေပြုထားသည့် ဗုဒ္ဓဘာသာသည် ခရူးဆိတ်၊ ဂျေဟတ်ကဲ့သို့ စစ်ပွဲများနှင့်ကင်းလွတ်သည်။ အစဉ်အလာအားဖြင့် ၎င်း၏ခံယူချက်မှာ ငြိမ်းချမ်းရေး၊ စင်ကြယ်ခြင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်က ပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓ၏ ဂုဏ်တော်များဖြစ်သည်။
လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံသားတို့၏ ၉၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသဖြင့် ကမ္ဘာတွင် အမြင့်မားဆုံး အချိုးအစားဖြစ်သည်။ နီမြန်းသောသင်္ကန်းကို ခြုံလွှမ်းထာသော ဗုဒ္ဓဘာသာရဟန်းများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများမှာသာမက လွတ်လပ်ရေး တိုက်ပွဲများတွင်ပင် ရှေ့တန်းက ဦးဆောင် ပါဝင်ခဲ့ကြသူများဖြစ်သည်။
မိတ္ထီလာမြို့၏လမ်းများပေါ်တွင် ဘုန်းကြီးများကို မြင်တွေ့ခဲ့ကြရာတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ် မြန်မာ့ယဉ်ကျေးမှု၏ အချက်အချာနေရာလည်းဖြစ်သော မန္တလေးမြို့မှ ရောက်ရှိလာသည့် ဘုန်းကြီးများကိုလည်း မြင်တွေ့ခဲ့ကြသည်။ ရောက်လာသော ဧည့်သည်ဘုန်းကြီးများအနက်မှ တပါး မှာ အမျိုးသားရေး ဘုန်းကြီးအဖြစ်ထင်ရှားသော ဦးဝီရသူဖြစ်သည်။
ဦးဝီရသူသည် အကျဉ်းထောင်တွင် ကိုးနှစ်ကြာနေခဲ့ရပြီး စစ်အစိုးရခေတ်လွန် ပြုပြင်ပြောင်းလဲရေးများစတင်ချိန်တွင် လွှတ် ပေးခဲ့သည့် ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတဦးအဖြစ်နှင့် မနှစ်က ပြန်လည်လွတ်မြောက်လာခဲ့သည်။ သူ့အား ၂၀၀၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မူဆလင်ဆန့်ကျင်ရေးတွင် လှုံ့ဆော်ခဲ့ခြင်းအတွက် စစ်အစိုးရက အကျဉ်းချခဲ့ ခြင်းဖြစ်သည်။
ကလေးတယောက်လို ပြုံးတတ်သော သြဇာကြီးသည့် ဘာသာရေးခေါင်းဆောင်သည် အသက် ၄၅နှစ် အရွယ်ရှိပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်လည်း ဖြစ်သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် သံဃာ ၆၀ ခန့် ရှိပြီး မစိုးရိမ်တိုက်၏ များပြားလှသော တိုက်ခွဲများတွင်ရှိသော သံဃာ ၂၅၀၀ ကျော် အပေါ်တွင်လည်း လွှမ်းမိုးနိုင်သူဖြစ်သည်။ ထိုအရှိန်အဝါကို အသုံးပြု၍ ယခုအခါ အရှိန်အဟုန် ပြင်းထန်လာနေသည့် “၉၆၉” အမည်ရှိသည့် လှုပ်ရှားမှုကို ဦးဝီရသူ ဦးစီးနိုင်ခဲ့သည်။
“၉၆၉” လှုပ်ရှားမှုဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မူဆလင်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် မူဆလင်အသိုင်းအဝိုင်းကို သပိတ်မှောက် ရှောင်ကျဉ်ကြရန် တိုက်တွန်းသော လှုပ်ရှားမှုဖြစ်သည်။ ထိုဂဏန်းသုံးလုံးသည် ဗုဒ္ဓ၏ ဂုဏ်တော်၊ ဗုဒ္ဓဟောကြားခဲ့သော တရားဂုဏ်တော်နှင့် ရဟန်းသံဃာတို့၏ ဂုဏ်တော် များကို ကိုယ်စားပြုသည်ဆိုသော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံကို ဘာသာရေးခွဲခြားသည့်နိုင်ငံတခုအဖြစ် အသွင် ပြောင်းလိုသော အစွန်းရောက် မူဆလင်ဆန့်ကျင်ရေးသမားတို့၏ အမှတ်တံဆိပ်အဖြစ်သို့ ရောက်ရှိသွားတော့သည်။
“ကျုပ်တို့မှာ ဆောင်ပုဒ်ရှိတယ်။ စားတဲ့အခါ ၉၆၉ မှာစား၊ သွားတဲ့အခါ ၉၆၉ နဲ့သွား၊ ဈေးဝယ်တဲ့အခါ ၉၆၉ မှာဝယ်” ဟု ၎င်း၏ ကျောင်းတိုက်တွင်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခုတွင် ဦးဝီရသူ ပြောသည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင် များသည် စားသောက်ရာတွင်ဖြစ်စေ၊ ခရီးသွားရာတွင်ဖြစ်စေ၊ ဈေးဝယ်ရာတွင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်များပိုင်ဆိုင်သော လုပ်ငန်းများနှင့်သာ ဆက်ဆံရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏ ပြင်းထန်တက်ကြွသောစိတ်ဓါတ်ကို ပြသည့်အနေဖြင့် ဦးဝီရသူက သူ့ကိုယ်သူ “မြန်မာပြည်၏ ဘင်လာဒင်” ဟုတင်စားပြောဆိုသည်။
လွန်ခဲ့သော ၄လ ခန့်က စတင်၍ ၉၆၉ နှင့် ပတ်သက်သော တရားပွဲများကို ဦးဝီရသူ ဆက်တိုက်ဟောခဲ့၏။ “ကျုပ်တာ ဝန်က ဒါကို ပြန့်ပွားအောင် လုပ်ဖို့ပဲလေ” ဟု သူကဆိုသည်။ သူ၏လုပ်ရပ်များ အရာထင်ခဲ့ပါ၏။ ၉၆၉ စတစ်ကာများနှင့် အမှတ်တံဆိပ်သည် လမ်းဘေးဈေးဆိုင်များ၊ ဆိုင်ကယ်နှင့်ကားများပေါ်တွင် လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့ရာ မိတ္ထီလာမြို့မှ အဖျက်ဆီးခံလိုက်ရသည့် ဈေးဆိုင်များတွင် ၉၆၉ ဂဏန်းကို မှုတ်ဆေးဖြင့်ရေးသွားထိ ဖြစ်ခဲ့သည်။ မင်းလှမြို့တွင်လည်း ၉၆၉ လှုပ်ရှားမှုဟောပြောချက်ကို နားထောင်ပြီးနောက် ဆူပူမှုတွေ ဖြစ်ပေါ်လာခဲ့၏။
ရန်ကုန်ကနေ ကားမောင်းသွားလျှင် နာရီအနည်းငယ်သာကြာသည့် မင်းလှမြို့တွင် လူတသိန်းခန့်နေထိုင်သည်။ ဖေဖေါ်ဝါရီလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ဗုဒ္ဓဘာသာဝင် ၂၀၀၀ ခန့်တို့သည် မွန်ပြည်နယ်မှ ရောက်လာသည့် ဆရာတော် ဦးဝိမလဘိဝံသ၏ တရားကိုနာယူရန် ရောက်ရှိလာကြသည်။ သူက ၉၆၉ လှုပ်ရှားမှုကို မွန်ပြည်နယ်တွင် လူသိများသည့် မူဆလင်ပိုင် ဘတ်စ်ကားလုပ်ငန်းတခုကို သပိတ်မှောက်ကြခြင်းဖြင့် စတင်ခဲ့သည်ဟု ဟောပြောခဲ့ကြောင်း တရားပွဲကျင်း ပရာ မြို့နယ်ခန်းမ၏ ဥက္ကဌ ဦးဝင်းမြင့်ကပြောပြသည်။
ဟောပြောချက်ကို နားထောင်ပြီးသည်နှင့် မင်းလှမြို့သားတို့၏ စိတ်သည် ပြောင်းလဲ အကျည်းတန်သွားကြောင်း မူဆလင် များကို သရော်လှောင်ပြောင်လာကြကြောင်း မူဆလင် လဘက်ရည်ဆိုင် ပိုင်ရှင် ထွန်းထွန်းကဆို၏။ နောက်တလကြာ သောအခါ သံပိုက်များနှင့် တူများကို ကိုင်စွဲထားသော ဗုဒ္ဓဘာသာဝင် ၈၀၀ ခန့်သည် ဗလီ ၃ ခု၊ မူဆလင်အိမ် ၁၇လုံးနှင့် မူဆလင်ပိုင် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးလိုက်ကြသည်။ လူအသေအပျောက်မရှိသော်လည်း မင်းလှမှ မူဆလင် သုံးပုံနှစ်ပုံခန့် ထွက်ခွာသွားကြပြီး ယခုအချိန်အထိ ပြန်ရောက်မလာကြသေးကြောင်း ရဲတပ်ဖွဲ့က ပြောပြသည်။
“တရားပွဲပြီးကတည်း က ကျနော်တို့မြို့က လူတွေ ရန်လိုလာကြတယ်။ ကျနော်တို့ကို ကျိန်ဆဲနေသလိုပဲ။ ကျနော့်ဖောက်သည်တွေ လက်လွတ်ကုန်တာပေါ့ဗျာ” ဟု မတ်လ ၂၇ ရက်နေ့က ဆိုင်နှင့်အိမ် ဖျက်ဆီးခံလိုက်ရသည့် လဘက်ရည်ဆိုင် ပိုင်ရှင်ကပြောသည်။ လာရောက် ဖျက်ဆီးသူတယောက်၏ လက်ထဲတွင် လွှစက်ကိုင်ထားသည်ကို မြင်လိုက်ရကြောင်း သူက ဆိုသည်။
မင်းလှမြို့တွင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ခင် နှစ်ရက်အလို တွင် မြောက်ဘက်ရှိ ကြို့ပင်ကောက်မြို့တွင်လည်း ဗလီ တခုနှင့် အိမ် ၂၃လုံး ဖျက်ဆီးခံလိုက်ရသည်။ ထိုဖြစ်ရပ်မတိုင်မီ သုံးရက်က ဘုန်းကြီးတပါး၏ ၉၆၉ ဟောပြောပွဲ ရှိခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဆူပူအကြမ်းဖက်သူများသည် စုစုစည်းစည်းနှင့် စနစ်တကျ ရောက်လာကြခြင်းဖြစ်ပြီး အချို့သောအဆောက်အဦများကို ဖြိုဖျက်ရာတွင် မြေတူးစက်ကို အသုံးပြုခဲ့ကြသည်။
“ရန်သူခြေကုပ်စခန်းများ”
မိတ္ထီလာနှင့် အခြားသောနေရာများမှ ဘုန်းကြီးများကို သူ့အနေနှင့် ညွှန်ကြားခဲ့ခြင်း မရှိကြောင်း ဦးဝီရသူက ဆိုသည်။
“ခင်ဗျားအနေနဲ့ ခင်ဗျားကိုယ်ခင်ဗျား ကာကွယ်လို့ရတယ်၊ ဒါပေမယ့် သူများကို သတ်ခွင့် ဖျက်ဆီးခွင့်တော့ မရှိဘူးလေ” ဟု တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။ မိတ္ထီလာသို့ ရောက်ရှိနေခဲ့ခြင်းမှာ အကြမ်းဖက်မှုများတွင် ဘုန်းကြီးများမပါ ဝင်စေရအောင် ထိန်းဖို့သာဖြစ်ကြောင်း ဦးဝီရသူက ဆို၏။ တနေရာတွေ ကားခေါင်မိုးပေါ်မှ သူတရားဟောခဲ့သည်။ သူဘာတွေ ဟောပြောခဲ့သည် ဆိုတာကိုတော့ မသိရပေ။
၉၆၉ လှုပ်ရှားမှု အရှိန်ရလာခြင်းကိုမူ သူ ဂုဏ်ယူသည်။ မူဆလင်များသည် ဗုဒ္ဓဘာသာမြန်မာ့လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာများ ပျက်စီး ဆုတ်ယုတ်အောင် ပြုနေကြသည်ဟုလည်း သတိပေးသည်။ ထိုမှတ်ချက်မှာ သူ၏ ဟောပြောချက်များနှင့် တွေ့ဆုံမေးမြန်းခန်းများတွင် ထပ်ခါတလဲလဲ ပြောလေ့ရှိသော အကြောင်းအရာ ဖြစ်သည်။
“သူတို့တွေ ချမ်းသာလာတော့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကို ယူတယ်၊ သူတို့ဘာသာ ပြောင်းခိုင်းတယ်၊ မူဆလင် အရေအတွက် တိုးအောင် လုပ်တယ်။ လုပ်ငန်းတွေ တွင်ကျယ်လာတော့ မြေတွေဝယ်တယ်၊ အိမ်တွေဝယ်တယ်၊ ဗုဒ္ဓဘာသာ စေတီပုထိုးတွေ၊ ကျောင်းတွေ ပိုနည်းလာတယ်” ဟု ဦးဝီရသူက ပြောသည်။ “ပိုက်ဆံတွေရှိလာတော့ ဗလီတွေထပ်ဆောက်တယ်။ ဗလီဆိုတာက ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်လိုမျိုး မဟုတ်ဘူး။ အထဲကို မမြင်ရဘူး၊ စစ်စခန်းတွေလိုပဲ။ ဗလီတွေ များလာတယ်ဆိုတာ ရန်သူအခြေခံစခန်းတွေ များလာတာပဲ။ ဒါကြောင့် အဲဒါတွေကို ကာကွယ်နေရတာ”ဟုလည်း သူကဆိုသည်။
၁၃ ရာစုတွင် အင်ဒိုနီးရှားကျွန်းစုများဆီသို့ အစ္စလမ်ဘာသာ စတင်ရောက်ရှိလာခဲ့ပြီး ၁၆ ရာစု ကုန်သည့်အခါ မူလက ကြီးစိုးခဲ့သည့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ၏ နေရာကို အစ္စလမ်ဘာသာက အစားထိုး ဝင်ရောက်သွားခဲ့သကဲ့သို့ မြန်မာနိုင်ငံကို ဖြစ်သွားမှာ ဦးဝီရသူ စိုးရိမ်နေသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတစောင်၌ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ သိသိသာသာ တိုးပွားလာသည်ဟု ဖေါ်ပြခဲ့သည်။ မူဆလင် ဆန့်ကျင်ရေး အတွေးအခေါ်များသည် ၂၀၀၁ခုနှစ် မတ်လတွင် တာလီဘန်တို့က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် စက်တင်ဘာလတွင် အယ်လ်ကေဒါ တို့က အမေရိကန်နိုင်ငံကို တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုမိုတိုးပွားလာခဲ့သည်။
ကျောက်ဆည်မြို့တွင်ဖြစ်ပွားခဲ့သည့် မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းကို လှုံ့ဆော်အားပေးသော လက်ကမ်းစာစောင် များဖြန့်ဝေခဲ့သည့်အတွက် ၂၀၀၃ ခုနှစ်တွင် ဦးဝီရသူ အဖမ်းခံရပြီး ထောင်ဒဏ် ၂၅နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ကျောက်ဆည်အရေးအခင်းတွင် အနည်းဆုံး မူဆလင် ၁၀ဦးခန့် အသတ်ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတွင်တွေ့ရသည်။
မိတ္ထီလာပဋိပက္ခသည် ဘယ်သူကြောင့်ဖြစ်သလဲ ဆိုသည့်မေးခွန်းကို ဦးဝီရသူ လျှင်မြန်စွာ ဖြေလေ့ရှိသည်။ ရွှေဆံညှပ် ရောင်းဖို့ ကြိုးစားခဲ့သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို သူ ရည်ညွှန်း၏။ “သူ့အနေနဲ့ မူဆလင်တွေနဲ့ အရောင်းအဝယ် မလုပ်သင့်ဘူး။”
အစိုးရ ပါဝင်ပတ်သက်သလား
ဦးဝီရသူကို ဖမ်းဆီးသင့်ကြောင်း ပြောသူမှာ ဦးညီညီလွင်ဖြစ်သည်။ ယခင်က ထင်ရှားသည့် ဘုန်းကြီးတပါးဖြစ်ခဲ့သော သူ၏ ဘွဲ့အမည်မှာ ဦးဂမ္ဘီရဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် စစ်တပ်က အကြမ်းဖက်ဖြိုခွဲခြင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ ဦးဆောင်သံဃာတပါးလည်း ဖြစ်သည်။ “သူဟောပြောတာတွေက ဗုဒ္ဓ ဟောခဲ့တဲ့ တရားနဲ့ မကိုက်ညီဘူး၊ လွဲနေတယ်” ဟု ဦးဂမ္ဘီရက ပြောသည်။ “သူက ဘုန်းကြီး၊ ကျောင်းထိုင်ဘုန်းကြီး၊ ဒါပေမယ့် အန္တရာယ်ရှိတဲ့သူ၊ တဖြေးဖြေး ကြောက်စရာ ကောင်းလာတယ်။”
သို့သော်လည်း အစိုးရကသာလျှင် မူဆလင်ဆန့်ကျင်ရေး စိတ်ဓါတ်များကို ရပ်တန့်အောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဦးဂမ္ဘီရက ဆိုသည်။ “ဟိုအရင်တုန်းက ဘုန်းကြီးတွေကို ဒီမိုကရေစီရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောခွင့်မပေးဘူး၊ ပိတ်ထားတယ်။ ခုချိန်ကျ မှ ဒီလို တို့မီးရှို့မီး တရားတွေကို မတားဆီးဘဲ ကြည့်နေတယ်။ သူတို့က အားပေးနေတာ” ဟု သူက ပြောသည်။ “ဦးဝီရသူက ဘုန်းကြီး၂၅၀၀ လောက်ရှိတဲ့ ကျောင်းတိုက်ကြီးက ကျောင်းထိုင်တပါး၊ သူ့ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အစိုးရအနေနဲ့ သူ့ကို တားဖို့လိုတယ်။”
မိတ္ထီလာမှ သတ်ဖြတ်မှုများကို မျက်မြင်တွေ့ခဲ့သူ ဦးလှသိန်းကလည်း ပဋိပက္ခကို ရပ်တန့်စေရန် အနည်းငယ်မျှသာ အားထုတ်ခဲ့သော အာဏာပိုင်များ၏ အပြုအမူသည် အံသြဖွယ်ရာဖြစ်ကြောင်း ပြော၏။ “သူတို့ကို ကြည့်ရတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်တဲ့ အမိန့်တခုကို စောင့်နေကြသလိုပဲ” ဟု သူကဆိုသည်။
မိမိတို့ အနေဖြင့် အကြမ်းဖက်မှုများကို အင်အားသုံးပြီးဖြိုခွဲရန် အမိန့်ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ သို့သော်လည်း နံပါတ်တုတ်ကို သုံးပြီးဖြိုခွဲရန်ပင် အမိန့်ရောက်မလာခဲ့ကြောင်း ဝါရင့်ရဲဝန်ထမ်းတဦးက ရိုက်တာသတင်း ထောက်ကိုပြောပြသည်။
အကြမ်းဖက် ဆူပူသူများနှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့ သဘောတူညီချက်တခု ပြုခဲ့ကြကြောင်း မျက်မြင်သက်သေ နှစ်ဦးက ပြောသည်။ လူစုလူဝေးကို မဖြိုခွဲဘဲ ဗလီကို ဖျက်ဆီးရန်အတွက် အချိန်နာရီဝက် ပေးခဲ့သည်။ နာရီဝက်ကြာသည့်အခါ ဗလီမှာ ကိုယ်ထည်အခွံသာ ကျန်တော့သည်။ ရဲတပ်ဖွဲ့ကမူ သူတို့သည် ဆူပူသူများနှင့် မည်သို့သော သဘောတူညီချက်မှ မပြုခဲ့ပါဟု ရိုက်တာက မေးမြန်းကြည့်သောအခါ ငြင်းဆိုခဲ့သည်။
ကြားရသည့်စကားသံများသည် လွန်ခဲ့သောနှစ် အောက်တိုဘာလက ယခုလိုပင် မူဆလင်ဆန့်ကျင်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်သို့ ရိုက်တာသတင်းထောက် ရောက်ရှိခဲ့စဉ်က ကြားရသည့်အသံများနှင့် တိုက်ဆိုင်တူညီနေသည်။ အလွန်ပြင်းထန်သည့် စနစ်တကျ တိုက်ခိုက်မှုများ ရှိနေကြောင်း ပြည်ထောင်စုအစိုးရ၏ စစ်ဖက်သတင်းရင်းမြစ်တခုက ဆိုသည်။ သူတို့ကို ရခိုင်အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်များ တည်ထောင်ထားသည့် နိုင်ငံရေးပါတီတခုက ဦးဆောင်ခဲ့ကြောင်း၊ ဘုန်းကြီးများက သွေးထိုးလှုံ့ဆော်ခဲ့ကြောင်းနှင့် အချို့သော မျက်မြင်သက်သေများ၏ ပြောပြချက်အရ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်က အားပေးကူညီခဲ့ကြောင်း ပြောကြသည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် သွေးချောင်းစီးမှုတွင် ပြဿနာကြီးထွားမလာခင် အချိန်မီ ထိန်းချုပ်ခဲ့သင့်ကြောင်း စစ်တပ်မှ အရာရှိဟောင်းတဦးလည်းဖြစ်၍ နှစ်ပေါင်း၂၀ ခန့် နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့သည် မိတ္ထီလာမြို့နယ် လွှတ်တော် အမတ် ဦးဝင်းထိန်က ပြောသည်။ သူက မန္တလေးတိုင်း၏ လုံခြုံရေးအကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးအောင်ကျော်မိုးအနေဖြင့် ပြတ်သားသော အမိန့်များထုတ်ပြန်ကာ ဆူပူမှုများ ရပ်တန့်သွားအောင် လုပ်ခဲ့သင့်သည်ဟု ဆိုသည်။ မိတ္ထီလာနှင့် အနီးတဝိုက်တွင် အခြေချစစ်စခန်းပေါင်းများစွာရှိပြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၏ အမိန့်ကိုနာခံရမည့် စစ်သည်ထောင်နှင့်ချီ၍ ရှိနေသည်။
ဗိုလ်မှူးကြီးအောင်ကျော်မိုးကမူ အာဏာပိုင်များအနေနှင့် သူတို့အလုပ် သူတို့လုပ်ခဲ့ကြောင်း ပြောသည်။ “ဒါက စစ်ပွဲတပွဲ နဲ့တူပါတယ်၊ အစပိုင်းမှာ လူဘယ်လောက်လိုမယ် ဒါမှမဟုတ် ဘယ်လောက်ကြီးထွားလာမယ် ဆိုတာ ဘယ်သူမှ မခန့် မှန်းနိုင်ပါဘူး၊ ဒါပေမယ့် ကာကွယ်ပေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ်ပြီး မြန်မာတို့က ဒေါ်အောင်ဆန်းစုကြည်နီးပါး အလေးထားခြင်းခံရသူ မင်းကိုနိုင်လည်း ပဋိပက္ခဖြစ်စဉ်များ အစတွင် မိတ္ထီလာသို့ ရောက်ရှိလာခဲ့သေးသည်။ သူက ဆူပူသူများသည် စနစ်တကျ လုပ်ဆောင်ခဲ့ကြကြောင်း၊ လက်ထဲတွင် ဖုန်းများကိုင်ထားကြကြောင်း၊ မြို့တွင်းက ထွက်လာသည့် ကားများကို ဘုန်းကြီးတွေက စုံစမ်းစစ်ဆေးကြကြောင်း အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ပြောပြသည်။ မြေတူးမြေကော်စက် ကို အသုံးပြု၍ အဆောက်အအုံအချို့ကို ဖျက်ဆီးခဲ့ကြသည်။ “ရိုးရိုးသာမန်လူတွေအနေနဲ့ ဘူဒိုဇာ ဘယ်မောင်းတတ်မှလဲ” ဟု မင်းကိုနိုင်ကဆိုသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် အစိုးရဖက်က ပါဝင်ပတ်သက်ခဲ့ကြောင်း အစီရင်ခံစာများ ရရှိထားကြောင်း ပြောသည်။ တခါတရံ စစ်သားများ နှင့် ရဲတပ်ဖွဲ့ ဝင်များသည် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ကို ဒီတိုင်းရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။ “ဒါက ဘာကိုဖေါ်ပြနေသလဲဆိုတော့ အစိုးရရဲ့ တချို့သောအစိတ်အပိုင်းတွေက ဒီကိစ္စတွေမှာ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက် ပြီးတော့ပဲဖြစ်ဖြစ် ပတ်သက်ခဲ့တယ်၊ ထောက်ခံခဲ့တယ်လို့ ယူဆနိုင်စရာ ဖြစ်နေပါတယ်” ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကွင်တားနားက ပြောသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီးဦးရဲထွဋ်က ထိုစွပ်စွဲချက်များသည် မခိုင်လုံကြောင်း ငြင်းပယ်ခဲ့သည်။ “တကယ်တော့ စစ်တပ်နဲ့ အစိုးရမှာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်မရှိပါဘူး” ဟု သူကဆိုသည်။
ပဋိပက္ခ၏ တတိယမြောက်နေ့ဖြစ်သော မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အာဏာပိုင်များက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်သည်။ ထိုအချိန်အထိ လူ ၃ ဦးသာ ဖမ်းဆီးနိုင်ခဲ့သေးသည်။ သူတို့အားလုံး လက်နက်များ သယ်ဆောင် လာကြကြောင်း ရဲ အရာရှိတဦးကပြောပြသည်။ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်ခဲ့ပြီး နောက်တနေ့ရောက်သည်နှင့် ဆူပူမှုများ လည်း ရပ်ဆိုင်းသွားတော့သည်။ အဆောက်အဦ စုစုပေါင်း ၁၅၉၄လုံး ဖျက်ဆီးခံလိုက်ရကြောင်း တိုင်းဒေသကြီးအစိုးရ က ထုတ်ပြန်ကြေညာသည်။
နောက်တရက်ကြာသောအခါ အစိုးရရုံးစိုက်ရာ နေပြည်တော်၏ ဆင်ခြေဖုံးဖြစ်သော တပ်ကုန်းမြို့တွင် ဆူပူမှုတချို့ ပြန်ပေါ်လာသည်။ ထို့နောက် တောင်ဖက်ရှိ ပဲခူးတိုင်းဆီကို စုန်ဆင်းသွားပြန်သည်။ မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့ရွာ ၁၅ ခုခန့် မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။ ရန်ကုန်မြို့တွင် လည်း အချို့သော မူဆလင်ပိုင်သော ဈေးဆိုင်များကို ပိတ်ထားပြီး အခြားနေရာများကို သွားရောက်တိမ်းရှောင်ကြသည်ကို တွေ့ရသည်။
ဧပြီလ ၂ရက်နေ့တွင် ရန်ကုန်မြို့မှာ မူဆလင် ဘာသာရေးကျောင်းတကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယောက်ျားလေး ၁၃ ယောက်သေဆုံးခဲ့သည်။ ဝမ်းနည်းကြေကွဲနေကြသော သူတို့၏ ဆွေမျိုးများက ဤမီးလောင်မှုသည် မတော်တဆ မဟုတ်ဘဲ ဖန်တီးယူခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။ ကျောင်း၏ ကြမ်းပြင်သည် မီးလောင်နေစဉ်က ဆီများဖြင့် ရွှဲစိုနေသည်ကို အံ့သြဖွယ်တွေ့ရကြောင်း သူတို့ကပြောသည်။ ရန်ကုန်မှ အစိုးရတာဝန်ရှိသူများကမူ မီးအားမြှင့်စက်မှ ရှော့ ဖြစ် ပြီး စတင်လောင်ကျွမ်းခဲ့သည်ဟု ထုတ်ပြန်ခဲ့၏။
အချို့သော ကောလဟာလများက ဆူပူအုံကြွမှုများကို ပြုပြင်ပြောင်းလဲရေးကို နှောက်ယှက်ဟန့်တားလိုသည့် ရှေးရိုးစွဲအုပ်စုများက နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးခဲ့သည်ဟုသည်။ သို့မဟုတ် ယခင်စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင် ခရိုနီသူဌေးကြီးများက မူဆလင်များကို စီးပွားရေးလောကက ဖယ်ထုတ်ပြီး လွတ်သွားသည့်နေရာတွင် ဝင်ရောက်နေရာယူလိုကြ၍ ဖြစ်သည်ဟု ယူဆသူတွေလည်း ရှိသည်။ ဒုတိယအကြောင်းပြချက်ကို ဖြစ်နိုင်သည်ဟု ယုံကြည်သူ မူဆလင်လုပ်ငန်းရှင်တွေထဲတွင် မိတ္ထီလာမြို့မှ အသက် ၆၇နှစ် အရွယ်ရှိ ဦးအုန်းသွင်လည်းပါသည်။
“ဒါက ဘာသာရေးတင်မဟုတ်ပါဘူး၊ စီးပွားရေးလဲပါတယ်” ဟု ဖျက်ဆီးခံလိုက်ရသည့် သူ၏ သတ္တုထည်လုပ်ငန်းဆိုင် ကို ပြန်လည်စစ်ဆေးနေရင်း ပြောလိုက်သည်။ နှစ်သုံးဆယ် သက်တမ်းရှိပြီဖြစ်သော သူ၏ဆိုင်သည် မိတ္ထီလာမြို့၏ စည်ကား အချက်ကျသော လမ်းထောင့်တခုတွင်တည်ရှိသည်။ အခြားသောမူဆလင်များလိုပင် ဦးအုန်းသွင်သည် သူ၏ မျိုးရိုးကို မျိုးဆက်တော်တော်များများအထိ ရှင်းပြနိုင်သူဖြစ်သည်။ အခြားသော မူဆလင်များလိုပင် အမြတ်အစွန်းကောင်းသော စီးပွားရေးလုပ်ငန်းတခုကို ပိုင်ဆိုင်ပြီး ဒါဇင်နှင့်ချီသော ဗုဒ္ဓဘာသာမိတ်ဆွေများ ရှိသူဖြစ်သည်။ ထို မိတ်ဆွေများထဲမှ တယောက်က သူ့ကို အဓိကရုဏ်းထဲကနေ လွတ်မြောက်အောင်ကူညီပေးခဲ့၏။
ယာယီ ဒုက္ခသည်စခန်း
အစိုးရအထက်တန်းကျောင်း၏ နှစ်ထပ်လုံးတွင် လူ၂၀၀၀ လောက်နှင့် ပြည့်သိပ်နေသည်။ ထိုနေရာသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအတွက် ပြုလုပ်ပေးထားသည့် စခန်းတွေထဲက တခုဖြစ်သည်။ ကုလသမဂ္ဂ၏ အဆိုအရ မိတ္ထီလာမြို့တွင် ဒုက္ခသည်ပေါင်း ၁၁၀၀၀ ခန့်ရှိသည်။ အများစုက အနားရှိ အားကစားကွင်းကြီးထဲမှာ စုပြုံနေကြရ၏။
လုပ်ငန်းများ ဖျက်ဆီးခြင်းခံလိုက်ရသည့် မူဆလင်စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့်လည်း ၎င်းတို့ပိုင်ဆိုင်ခဲ့သော အဆင့်မြင့် အိမ်ခြံမြေများကို ပြန်လည်ပိုင်ဆိုင်ခွင့် ရ မရ ဆိုသည့်ကိစ္စမှာလည်း ခုချိန်ထိ ပြတ်သားစွာ မသိရှိရသေးပေ။ တိုင်းဒေသကြီး အကြီးအကဲဖြစ်သူ ဦးရဲမြင့်က ၎င်းတို့ကို နေရာအသစ်သို့ရွှေ့ပြောင်းချထားပေးမည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် မှာကဲ့သို့ ယင်းပေါ်လစီသည် ခွဲခြားနေထိုင်စေခြင်းဖြင့် အခြားသော မငြိမ်သက်မှုများဖြင့် နောက်ပြန် ဆိုးကျိုးများ ရရှိနိုင်သည်။
“ဒီနေရာမှာ အေးချမ်းတည်ငြိမ်သွားပြီ၊ ဥပဒေစိုးမိုးရေး ရှိလာပြီဆိုရင် ပြန်လည်နေရာချထားဖို့အတွက် ကျနော်တို့ စဉ်းစားမှာပါ” ဟု ဦးရဲမြင့်က ပြောသည်။
ဒုက္ခသည်များရှိနေသော အထက်တန်းကျောင်းသည် အကျဉ်းထောင်တခုနှင့် တူနေ၏။ အတွင်းရှိမူဆလင်များသည် သူတို့သဘောနှင့်သူတို့ အပြင်ကိုထွက်ခွင့်မရှိပေ။ သူငယ်ချင်းများနှင့် ဆွေမျိုးများက အပြင်တွင်စောင့်နေကြသည်။ ရဲများက စာနယ်ဇင်းသမားများကို မူဆလင်များနှင့် တွေ့ဆုံစကားပြောခွင့်မပေးပါ။ ဝင်ပေါက်ကိုပင် ဖြတ်ကျော်သွားခွင့် မရှိပါ။
“ညဖက်ဆို အိပ်လို့မရဘူး၊ နောက်တခါ တိုက်ခိုက်မှုတွေဖြစ်လာဦးမယ်လို့ပဲ တွေးနေမိတယ်” ဟု သူ၏ ဝမ်းကွဲဆွေမျိုး ၁၀ ယောက်ကို တွေ့ဆုံခွင့်ရရန် စောင့်ဆိုင်းနေသော အသက် ၄၀ အရွယ်ရှိ ကျော်စိုးမြင့်က ပြောသည်။ မကြာမီ သူ့ကို အစောင့်တွေက အဝေးကို ထွက်သွားခိုင်းလိုက်ကြ၏။ “ကျနော်တို့ ကြောက်နေကြပါတယ်” ဟု သူပြောခဲ့သည်။
မည်သူတွေကို ဖမ်းဆီးထားသည်ဆိုသည့် အချက်ကလည်း ရှင်းလင်းခြင်း မရှိပေ။ သို့သော် ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲတွင် ရွှေဆိုင်ပိုင်ရှင် ပါဝင်ကြောင်းကိုတော့ ရဲအဖွဲ့၏ ပြောပြချက်အရ သိရသည်။
ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်ကတော့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တွေကြောင့် ခုချိန်ထိ ထိတ်လန့်တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေအတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ အပေါ်ယံ အသားရောင်လေးပဲ ကွဲပြားကြတာပါ။ ကျမ ဆံညှပ်ကလေးကြောင့် ဘာတွေဖြစ်လာရတယ်ဆိုတာ ကျမ မသိတော့ပါဘူး” ဟု သူက ဆိုသည်။
(ရိုက်တာသတင်းထောက် Jason Szep ၏ Special Report: Buddhist monks incite Muslim killings in Myanmar ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်သည်)