ရန်ကုန်တက္ကသိုလ်ကို ကဗျာ စာပေ အနုရသသမားများက တခါက တက္ကသီလာ မြကျွန်းသာဟူ၍ သုံးနှုန်းဖွဲ့ဆိုခဲ့ကြသည်။
မြန်မာတို့၏ ပညာရေးနှင့် နိုင်ငံရေးဘဝ နှလုံးသည်းပွတ် အဖြစ် နှစ်ပေါင်း ၇၅ နှစ်ကျော် ရပ်တည်ခဲ့သည့် ရန်ကုန်တက္ကသိုလ်အား ယခုအခါ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အပေါ်ယံ ပြုပြင်မှုများကိုသာ တွေ့ရပြီး အရေးပါသည့် ပြောင်းလဲမှုလုပ်ငန်းများ အလွန်နှေးကွေးနေဆဲ ဖြစ်၏။
ရန်ကုန် တက္ကသိုလ် ဘာသာဗေဒ ဌာနမှ ကထိက ဒေါ်ရာသက်ပန်က တက္ကသိုလ် ဆရာ ဆရာမများကို လက်ပတ်အနီတွေ ပေးပြီး အခုအချိန်ထိ လုံခြုံရေး တာဝန်ယူခိုင်းနေခြင်းအား ရှက်စရာဟု မြင်သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းသား လှုပ်ရှားမှုကြီး ဖြစ်ခဲ့သဖြင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ပေါ်ပေါက်မည်ကို အစိုးရနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများက ကြောက်အားပိုနေကြသည်။
“သင်ကြားမှု စွမ်းရည် မြင့်မားဖို့ စာတမ်းတွေ ပြုစု၊ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ရမယ့် အစား ကျောင်းတွင်း လုံခြုံရေး၊ ကျောင်းဝင်းလုံခြုံရေး တာဝန်တွေကို ကျမတို့ လုပ်နေရတယ်။ ဒီ ဟာတွေ လျှောက်လုပ်နေရတော့ ကိုယ့်အရည်အချင်း တိုးတက်အောင် ဘယ်လုပ်နိုင်တော့မလဲ” ဟု ဒေါ်ရာသက်ပန်က ပြောသည်။
တချိန်က ရန်ဂွန်းယူနီဗာစီတီ (ရန်ကုန်တက္ကသိုလ်) အမည်ဖြင့် နိုင်ငံရေးနှင့် ပညာရေး လွတ်လပ်ခွင့်တို့ဖြင့် ကြီးကျယ်ခမ်းနားခဲ့သော ပညာအဖွဲ့အစည်းကြီး၏ အစဉ်အလာကောင်းတွေလည်း ယနေ့ခေတ် ပြည်သူအများ သိပ်မသိကြတော့ဘဲ မှုန်ဝါး မှေးမှိန်လာသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် အသစ်တက်လာသည့် အမည်ခံ အရပ်သား အစိုးရက ယင်းသို့ အစဉ်အလာကောင်းတို့ ပျက်သုန်း ပျောက်ဆုံးသွားသည့် အပေါ် တစုံတရာကြောင့်ကြ မရှိ၊ ပူပင် မရှိ။
၁၉၂၀ နှင့် ၁၉၃၆ ခုနှစ် ကာလများတွင် တက္ကသိုလ် ခန်းမထဲမှ စတင်ခဲ့သည့် မကျေနပ်မှုများသည် တနိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး ဗြိတိသျှ အစိုးရကို ဆန့်ကျင်သည့် သပိတ်တိုက်ပွဲကြီးများက သမိုင်းတွင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုကြီးသည်လည်း ၁၉၆၂ ခုတွင် အာဏာသိမ်းပြီး သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းအား ဆန့်ကျင်သည့် အဓိက လှုပ်ရှားမကြီးဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း စစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ်လွန် ကာလများတွင်း ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားခဲ့သည်။ တက္ကသိုလ် အသစ် အများအပြားကို မြို့တော်၏ ဆင်ခြေဖုံးများတွင် တည်ဆောက်ခဲ့သည်။ ယင်းသို့ တည်ဆောက်ခြင်းသည် တက္ကသိုလ် ပရဝုဏ် တခုအတွင်း၌ ကျောင်းသား အများအပြား စုစည်းမည်ကို ကာကွယ်တားဆီး နိုင်ရန်ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်ခွင့်ကို ကန့်သတ်ခဲ့ပြီး ကျောင်းဆောင် နေထိုင်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီဝင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ယခင် တက္ကသိုလ်ဆရာတဦးဖြစ်သည့် ဦးတင်လှိုင်က “ရန်ကုန်တက္ကသိုလ် ဆိုတာ အခု နာမည်သာ ရှိတော့တာပါ” ဟု ဆိုသည်။
၁၉၆၇ မှ ၁၉၇၈ အထိ တာဝန်ထမ်းဆောင်ချိန်၌ ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ် အချိန်ပြည့် ကျောင်းသား ၂၀၀၀ ခန့် လာရောက် ပညာသင်ယူခဲ့သည်ဟု ဦးတင်လှိုင်က ဆို၏။ အဆိုပါ အရေအတွက်မှာ တနိုင်ငံလုံးမှ လာရောက်ကြသည့် ကျောင်းသားများ ဖြစ်ပြီး ဘာသာရပ် အသီးသီးတွင် လာရောက် သင်ယူခြင်း ဖြစ်သည်။
“တက္ကသိုလ်တွေ ပုံမှန် ဖွင့်နေတယ် ဆိုတာကို ပြနိုင်ဖို့ ရန်ကုန်တက္ကသိုလ်ကို ဖွင့်တာပါ၊ အချိန်ပြည့် ကျောင်းသားတော့ တယောက်မှ မရှိဘူး” ဟု ဦးတင်လှိုင်က ပြောသည်။ ဘွဲ့လွန်၊ ဒီပလိုမာ၊ ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူ ၈၀၀ ကျော်သော်လည်း ယင်းတွင် ဘွဲ့ကြိုကျောင်းသားများ ပါဝင်ခြင်း မရှိပါ။
“အခု ဖွင့်ထားတဲ့ သင်တန်းတွေက တက္ကသိုလ်ရဲ့ ပုံမှန်သင်တန်းတွေ မဟုတ်ကြဘူး။ သီးသန့် ဖွင့်ပေးထားတဲ့ သင်တန်းတွေပါ” ဟု ဦးတင်လှိုင်က ထပ်မံပြောဆိုသည်။
တောက်ပမယ့် အနာဂတ်တဲ့လား
ရန်ကုန်တက္ကသိုလ်သည် ဂုဏ်ကျက်သရေ ပြည့်စုံသည့် တက္ကသိုလ်၊ ရွှေရောင်တောက်ပ နေ့ရက်များ ရှိခဲ့သည့် တက္ကသိုလ်၊ အများက လေးစား အရေးထားရသည့် အရှေ့တောင်အာရှ၏ စံမီတက္ကသိုလ် စသည်ဖြင့် ပြန်လည် လူသိများလာစေခြင်း မှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမား ကြောင့်ဟု ဆိုရမည် ဖြစ်သည်။ လွန်ခဲ့သည့်နှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ အိုဘားမား လာရောက်ခဲ့သည်မှ စ၍ ဤသို့ ပြန်လည် လူသိများလာသည်ဟု ဆိုနိုင်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ တိုးတက်ကောင်းမွန်ရန် အတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်၌ အဆို ၂ ရပ်တင်သွင်းခဲ့သည်။ ယင်း တင်သွင်းသည့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပြီး ကော်မတီ ၂ ရပ် ဖွဲ့စည်းကာ တာဝန်ပေးခဲ့သည်။ ယင်း ကော်မတီ ၂ ရပ်မှာ ပညာရေး တိုးတက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် အဆိုအတွက် လုပ်ငန်းကော်မတီနှင့် ရန်ကုန်တက္ကသိုလ်အား ပြန်လည်အဆင့်မြှင့်ရေး အတွက် လုပ်ငန်းကော်မတီ တို့ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် ပြန်လည် အဆင့်မြှင့်တင်ရေး ကော်မတီ၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။ မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်ကို အမေရိကန် ဒေါ်လာ သန်း ၃၄၀ (ထိုင်း ဘတ် ၉ ဒသမ ၉၄ ဘီလီယံ) မှ ဒေါ်လာသန်း ၇၄၀ သို့ တိုးမြှင့်ပေးခဲ့သည်။ ယင်း ပမာဏသည် နိုင်တော် ဘတ်ဂျက်၏ ၅ ဒသမ ၈၄ ရာခိုင်နှုန်း ရှိသည်ဟု ဆို၏။
ရန်ကုန်တက္ကသိုလ်သည် မြန်မာလူမျိုးများအတွက် အရေးကြီးသည့် သင်္ကေတ ပုံရိပ်ဖြစ်ကြောင်း သမ္မတ အိုဘားမားကလည်း ဘွဲ့နှင်းသဘင် ခန်းမတွင် ပြောသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားသည်။ “ဒီ တက္ကသိုလ်ကို လေးစားလို့ ကျနော် ဒီကို လာတာပါ” ဟု သမ္မတက ဆိုပြီး “လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ဒီ တက္ကသိုလ်မှာ ကျောင်းသားတွေ ပညာသင်ယူခဲ့ကြတယ်၊ လူ့အခွင့်အရေးတွေ တောင်းဆိုခဲ့ကြတယ်။ အခု အချိန်မှာ တက္ကသိုလ်ကြီး ပြန်လည် ဖွံ့ဖြိုး ရှင်သန်လာဖို့ လွှတ်တော်မှာ အဆိုတင်သွင်း ကြတယ်။ လက်ခံ အတည်ပြုတယ်။ တက္ကသိုလ်ကြီး ရှင်သန်လာဖို့ အရေး တောင်းဆို တင်ပြကြတာ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ ပညာရေးအပေါ်မှာ မူတည်နေလို့ ဖြစ်တယ်” ဟုလည်း ပြောသွားခဲ့သည်။
ကာလကြာမြင့်စွာ အထီးကျန်နေခဲ့ရသည့် ရန်ကုန်တက္ကသိုလ်အား ပြန်လည် အဆင့်မြှင့်တင်ခွင့် ရရှိခြင်းနှင့် ပတ်သက်ပြီး ကြိုဆိုထောက်ခံရမှာ ဖြစ်ကြောင်း ဦးတင်လှိုင်က ပြောဆိုသည်။
“ဒီလို အဆင့်မြှင့်ခွင့်ပေးတာ ဘာကို ပြသလဲ ဆိုတော့ အစိုးရဟာ ပညာရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဦးစားပေးလာတယ် ဆိုတဲ့ အချက်ပဲ” ဟု ပြောသည်။
နိုင်ငံ၏ အဆင့်မြင့်ပညာရေး စနစ်၌ တွေ့ကြုံရသည့် အားနည်းချက် အားသာချက်များကို ဆောင်းပါးများရေးသား ဝေဖန်ထောက်ပြသူ ဦးတင်လှိုင်က ပညာရေး စနစ်တခုလုံးကို မလွဲမသွေ ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဆိုသည်။ တက္ကသိုလ် ပညာရေးစနစ်မှာ အဓိက တွေ့ရသည့် ပြဿနာမှာ နှစ်ပေါင်းများစွာ အရည်အချင်းကို ဦးစားမပေးဘဲ အရေအတွက်ကိုသာ ဦးစားပေးခဲ့ခြင်း၊ အရင်းအမြစ်များကို အားပေးထောက်ပံ့မှု မရှိခြင်း၊ နိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်နေခဲ့ခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။
“ကျနော်တို့ ပထမဆုံး မဖြစ်မနေ လုပ်ရမှာက ပညာရေး စနစ်တခုလုံးနဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်ကို ပြန်သုံးသပ်ရမယ်၊ ပြုပြင်ရမယ်၊ တကယ်လို့ ပြုပြင်ပြောင်းလဲမှု မရှိဘူး ဆိုရင်တော့ ကားပျက်ကြီးကို တွန်းရွှေ့ခရီးသွားနေရသလို အချိန်ကုန် ငွေကုန် လူကုန် ရတဲ့ အပြင် ဘာအကျိုးမှ ရမှာ မဟုတ်ဘူး” ဟု ဦးတင်လှိုင်က သတိပေး ပြောကြားသည်။
ခွဲခြားထိန်းချုပ်မှုအောက်က ပညာရေး
နိုင်ငံတဝှမ်းမှာ အဆင့်မမီသည့် အဆင့်မြင့်ပညာရေး အဖွဲ့များ မှိုလိုပေါက်လာခြင်း ကို အလေးထားကြည့်ရှုရမည့် ပြဿနာ တရပ်ဖြစ်သည်။ ယင်းသို့ ပေါ်ပေါက်လာခြင်းမှာ ယခင် စစ်အစိုးရ၏ မဟာဗျူဟာအရ ကျေင်းသားများ လှုပ်ရှားမှုများ၊ သပိတ်မှောက်ခြင်းများကို အလွယ်တကူ ထိန်းချုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
ပညာရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးဟန်တင်၏ ၂၀၀၈ ခုနှစ်တွင် တင်သွင်းသည့် “မြန်မာ့ပညာရေး၊ စိန်ခေါ်မှုများ၊ အပြောင်းအလဲ အလားအလာနှင့် ရွေးချယ်ခွင့်” စာတမ်း၌ စစ်အစိုးရသည် စိုးရိမ်စိတ်ဖြင့် ဤမျှ များပြားသည့် တက္ကသိုလ်နှင့် ကျောင်းများ အချိန်တိုအတွင်း တည်ဆောက်ခဲ့သဖြင့် အရည်အသွေး ထိန်းသိမ်းနိုင်မှု မရှိဘဲ အရည်အချင်းမဲ့ အရေအတွက်များကြောင့် နောက်ကျ ကျန်ရစ်ခဲ့ရသည်ဟု ဖော်ပြထားသည်။
၁၉၈၈ မှ ၂၀၀၈ ခုနှစ် အတွက် တက္ကသိုလ်၊ ကောလိပ် အရေအတွက် ၃၂ ခု မှ ၁၅၆ ခု အထိ များပြားလာသဖြင့် ၅ ဆ တိုးလာသည်ဟု အစီရင်ခံစာများအရ သိရှိရသည်။ ယင်းတို့ အနက်မှ ၆၄ ခုကိုသာ ပညာရေး ဝန်ကြီးဌာန လက်အောက်၌ ထားရှိပြီး ကျန် တက္ကသိုလ်၊ ကောလိပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၂ ခု၏ ကွပ်ကဲမှုအောက်တွင် ထားရှိသည်။
တက္ကသိုလ် အသစ်များ ဖွင့်လှစ်ပေးခဲ့သော်လည်း ပညာရည်မှာ အလွန်အမင်း ကျဆင်းလျက်ရှိပြီး ကျောင်းဝင်း လုံခြုံရေးလည်း မရှိကြောင်း ဆရာ ဆရာမများနှင့် ကျောင်းသားများက ပြောဆိုကြသည်။
၁၉၈၀ ခုနှစ် ပညာသင်ယူစဉ်က တက္ကသိုလ် ကျောင်းသားကျောင်းသူများသည် မိမိတို့ နေအိမ်သဖွယ် မှတ်ယူကြသည်ဟု ဒေါ်ရာသက်ပန်က ပြောသည်။ “ အဲဒီတုန်းက တက္ကသိုလ် ဝင်ပေါက်တွေ အားလုံးကို ဖွင့်ပေးထားတယ်၊ လုံခြုံရေး အစောင့်ဆိုတာလည်း မရှိဘူး၊ ကျောင်းထဲ ဝင်လိုက်တာနဲ့ လုံခြုံသွားတယ်လို့ ခံစားရပါတယ်” ဟု ပြောသည်။
စစ်အစိုးရ တက်လာပြီးနောက် အာဏာတည်မြဲရေး အတွက် တက္ကသိုလ် အများအပြားကို အဝေးသို့ ပြောင်းရွှေ့လိုက်သဖြင့် မိမိတို့ နေအိမ်နှင့် ခွဲခွာနေရသလို လုံခြုံမှု ကင်းမဲ့ရကြောင်းလည်း ဒေါ်ရာသက်ပန်က ပြောသည်။
၂၀၀၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၌ Liberal Arts and Science ဘာသာရပ် သင်ယူနေသူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုကျော်ဆက်နိုင်က အနောက်ပိုင်း တက္ကသိုလ်၏ ပတ်ဝန်းကျင်သည် လုံခြုံမှု မရှိ၊ စိတ်ချရမှု မရှိဟု ဆိုသည်။ ကျောင်း ပရဝုဏ် အတွင်း ကျောင်းသားများ အရက်သောက်၊ မူးယစ်ဆေးဝါးသုံးစွဲသည့် မြင်ကွင်းများသည် မထူးဆန်းသည့် မြင်တွေ့နေကျ မြင်ကွင်း ဖြစ်သည်ဟု ဆိုသည်။
“ကျနော် တက္ကသိုလ် တက်ခဲ့တဲ့ အချိန်တွေကို ပြန်ပြီး သတိမရချင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတိရစရာရယ်လို့ မှ မရှိတာပဲ။ အရက်သောက်ဖို့၊ ဖဲရိုက်ဖို့ နေရာ အလွယ်တကူ ရှာလို့ ရတာပဲ ရှိတယ်” ဟု ကိုကျော်ဆက်နိုင်က ပြောသည်။
ကျောင်းသားများအား လုံခြုံရေး အစောင့်အဖြစ် အတင်းအကြပ် ဆောင်ရွက်ခိုင်းသည့် အခါ ကျောင်းသားထုက ဒါ ကျောင်းသားနဲ့ မဆိုင်ဟု ရှုမြင်သည်။
တက္ကသိုလ် အသစ်များသည် အလှမ်းဝေးသည့် မြို့ပြင်တွင် သီးခြားတည်ရှိနေခြင်း၊ ဆရာ ဆရာမ မလုံလောက်ခြင်း တို့ကြောင့် ပညာသင်ကြားပေးရေး အားနည်းသွားရုံမက လုံခြုံရေး ထိန်းသိမ်မှု ပိုင်းတွင်လည်း အားနည်းချို့ယွင်း ကြရခြင်း ဖြစ်သည်။
ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ ကိုလေးမောင်က “အာဏာပိုင်တွေဟာ ကျောင်းသားတွေ ကျောင်းပရဝုဏ်အတွင်းမှာ နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာကို တကယ်ကြောက်တာပါ။ တက္ကသိုလ် ဆရာ ဆရာမ တယောက် လက်မောင်းမှာ လုံခြုံရေး လက်ပတ် အနီ ပတ်ပေးထားတာကို တွေ့ရတော့ အတော် စိတ်ကသိကအောက် ဖြစ်မိတယ်” ဟု ၎င်း၏ ခံစားချက်ကို ပြောသည်။
သင်ခန်းစာ အမှတ် ၁
ရန်ကုန်တက္ကသိုလ်သည် အင်းလျားကန်နံဘေးရှိ တောအုပ်စိမ်းစိမ်းထဲတွင် တည်ရှိပြီး ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင် ခမ်းမ၊ သင်ကြားရေး ကျောင်းဆောင်များ၊ ကျောင်းသားနေ အဆောင်များ စသည့် သမိုင်းဝင် အဆောက်အဦးများနှင့် ပနံရလှသည့် ပရဝုဏ် ဖြစ်သည်။
ကိုလိုနီအစိုးရ လက်ထက် ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ခုနှစ်တွင် တက္ကသိုလ် ဖြစ်မလာမီ ကတည်းက ဘာသာရပ်ဌာနများ တည်ဆောက်ခဲ့ပြီး စုပေါင်းထားခဲ့သည့် ပညာရေးအဆောက်အဦဖြစ်သည်။ အောက်စဖို့ နှင့် ကင်းဘရစ်တက္ကသိုလ်များကို နမူနာယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ထပ် တည်ဆောက်သည့် တက္ကသိုလ်များကို ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိသည်။ ၁၉၄၀ ပြည့်နှင့် ၁၉၅၀ ပြည့်နှစ်လွန် နှစ်များ၌ ရန်ကုန်တက္ကသိုလ်သည် အာရှတိုက်တွင် အလွန် ဂုဏ်သတင်းကြီးပြီး ဒေသတွင်း ကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို ချမှတ်လိုက်သည့် အချိန်မှစ၍ ရန်ကုန်တက္ကသိုလ်ကို ပညာရေး ဦးစီးဌာနအောက်တွင် ထားရှိခဲ့ပြီး ကျောင်း သင်ရိုးညွှန်းတမ်းများကိုလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့သည်။
အဆိုပါ ပြောင်းလဲမှုများကို ကျောင်းသားများက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ဗိုလ်ချုပ်ကြီး နေဝင်းက တပ်များ စေလွှတ်၍ အကြမ်းဖက် လူစုခွဲခဲ့သည်။ စစ်အစိုးရ၏ ရက်စက်သည့် တုန့်ပြန်မှု၏ ရလာဒ်အဖြစ် ဒါဇင်ပေါင်းများစွာသော ကျောင်းသားများ သေဆုံးသွားခဲ့ရသည်။ ထို့အပြင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးအားလည်း မိုင်းခွဲ ဖျက်ဆီး ပစ်လိုက်သည်။
ယင်း အချိန်မှစ၍ တက္ကသိုလ်၏ ပညာရေး အဆင့်အတန်း ထိုးကျ နိမ့်ဆင်းလာပြီး နောက်ပိုင်း တက္ကသိုလ်မှ ရရှိသော ဘွဲ့များကို နိုင်ငံတကာ အဖွဲ့အစည်းများမှ လက်မခံ အသိအမှတ် မပြုတော့ချေ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွမှုကြီး ပေါ်ပေါက်လာပြီးနောက် ဇူလိုင်လတွင် ဦးနေဝင်း၏ တာဝန်မှ အနားယူကြောင်း မိန့်ခွန်းပြောကြားရသည်။ ယင်းနောက် ဦးနေဝင်းအား သစ္စာစောင့်သိသူ လက်နက်ကိုင်များက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြန်သည်။
ရန်ကုန်တက္ကသိုလ်အား ဂုဏ်သရေရှိပြီး ကြီးကျယ်ခမ်းနားသော နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိ စေရန် ရည်မျှော်ပြီး ယခုအခါ လုပ်ငန်းငယ်များကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ အင်ဂျင်နီယာ အသင်းတခု၏ အကူအညီဖြင့် ဘက်စုံမွမ်းမံပြုပြင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။ အဆောက်အဦး ဆေးသုတ်ခြင်း၊ စာသင်ခန်းသုံး သင်ထောက်ကူ ပစ္စည်းများကို ယခင်က ကျောက်သင်ပုန်း ဖြေဖြူ၊ စာရွက် စသည့်နေရာတွင် ကွန်ပျူတာ၊ ပရိုဂျက်တာများဖြင့် အဆင့်မြှင့် ပြောင်းလဲသည်ကို တွေ့ရသည်။
နိုင်ငံတကာ ဆက်ဆံရေးဌာနမှ လက်ထောက် ကထိက ဦးစိုင်းခိုင်မျိုးထွန်းက စာသင်ခန်း အသုံးဆောင်တွေ့ ပိုကောင်းလာကြောင်း ပြောသည်။ “သင်ထောက်ကူ ပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပျူတာ၊ ပရိုဂျက်တာတွေ အခု ရှိလာပြီ။ နိုင်ငံတကာက ဧည့်ပါမောက္ခတွေ ဖိတ်ကြားလို့ ရပြီ။ အဲဒါတွေ လုပ်ကိုင်နိုင်ဖို့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီးပြီ” ဟု ဆိုသည်။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ အဖွဲ့ဝင် ဦးတင်လှိုင်ကလည်း “ဘက်စုံ ပြုပြင်ပြောင်းလဲရေးကို အပိုင်း ၂ ပိုင်းခွဲပြီး ပြောလို့ရတယ်။ Hardware ပိုင်းနဲ့ Software ပိုင်း တွေပေါ့။ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင် တိုးတက် အဆင့်ပြောင်းယူဖို့ လို့ ဆိုရမှာပါပဲ” ဟု ဆိုသည်။
ဆက်၍ ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်သည့် အားလျော်စွာ များပြားလှသည့် တာဝန်ဝတ္တရားများကြောင့် အစည်းအဝေး မတက်ရောက်နိုင်ခြင်းများ ရှိနေပြီး တက္ကသိုလ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယခုအထိ ထိရောက်စွာ မဆောင်ရွက်နိုင်သေးကြောင်း ပြောသည်။
အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးသိန်းလွင်ကမူ လတ်တလော ပြုပြင်မှုများသည် ယာယီသဘောမျှဟု ဆိုသည်။
“ပထမ အဆင့်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကို သီးခြား လွတ်လပ်တဲ့ တက္ကသိုလ် ဖြစ်အောင် လုပ်ရမယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ တက္ကသိုလ် မဖြစ်ရပါဘူး။ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီက အုပ်ချုပ်တဲ့ တက္ကသိုလ် ဖြစ်ရပါမယ်။ တက္ကသိုလ် အားလုံးဟာလည်း သီးခြား လွတ်လပ်တဲ့ တက္ကသိုလ်တွေ ဖြစ်ရပါမယ်” ဟု ဦးသိန်းလွင်က ပြောသည်။
ရန်ကုန်တက္ကသိုလ်ကြီးအား မည်သို့ ပြုပြင်မည်၊ မည်သို့ ပြောင်းလဲမည်ဟု ပြောဆိုနေကြသည်မှ လွဲ၍ ပညာရေး ဝန်ကြီးဌာနမှ မည်သို့သော ပြောင်းလဲရေး အစီအစဉ်မျှ ထုတ်ပြန်ခြင်း မရှိသေးပေ။
ပညာရေး ဝန်ကြီးဌာနသည် တက္ကသိုလ် ၆၄ ခုနှင့် အစိုးရကျောင်းများ၏ တာဝန်ဝတ္တရား ခွဲဝေချထားခြင်း၊ အပြောင်းအရွှေ့ ရာထူးတိုး၊ ရာထူးချ စသည့်ကိစ္စရပ်များကို ချုပ်ကိုင်ဦးစီး နေသောကြောင့် ဝန်ကြီးဌာနတွင်း၌ ကြီးမားသော အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာရသည်ဟု ဦးသိန်းလွင်က ဆိုသည်။
“နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ အခုလို အချိန်မှာ ပညာရေးကဏ္ဍက ဗဟိုဦးစီးစနစ်ပဲ ရှိနေသေးတယ်။ ကျနော်တို့က ပညာရေးကဏ္ဍကို ဗဟိုဦးစီးစနစ်က လွတ်စေချင်တာပါ” ဟုလည်း ပြောဆိုသည်။
အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် တနိုင်ငံလုံးတွင် ကွန်ရက်များ ထူထောင်ကာ အမျိုးသား ပညာရေး မူဝါဒတခု ချမှတ်ဖော်ဆောင်ပြီး လွှတ်တော်သို့ တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ပြုပြင်ပြောင်းလဲရေးဆိုတာ တဦးတယောက်ရဲ့ စွမ်းအားနဲ့ မရပါဘူး။ အားလုံး စုပေါင်းပြီး လုပ်မှ ရပါမယ်” ဟု ဦးသိန်းလွင်က ပြောဆိုသည်။
(Hard lessons in bid to bring back glory days of Yangon University ကို တင်မောင်ယုက ဆီလျော်အောင် ဘာသာပြန်သည်)