စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က သူ့နယ်မြေအတွင်းမှာ ရေနံရှာဖွေရေး အကြောင်းပြပြီး ရွှေဖြူတူးဖော်ရေး လျှို့ဝှက် စီမံချက် လုပ်ကိုင် ခဲ့တယ်ဆိုတဲ့ လူသူ အသိနည်းပါးတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။
ဒီ လုပ်ငန်းကို နိုင်ငံတော် ခွင့်ပြုချက် မရှိဘဲ သူ့သဘောနဲ့သူ လုပ်တာဆိုတဲ့ အချက်ကြောင့် လာမယ့် လွှတ်တော် အစည်းအဝေး မှာ တင်ပြ ဆွေးနွေးဖို့ ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းက ကြားရပါတယ်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး တယောက် တရုတ်ကုမ္ပဏီတခုနဲ့ ပေါင်းပြီး ရွှေဖြူတူးဖော်ရေး စီမံချက် အကောင် အထည် ဖော်ခဲ့တယ် ဆိုတာ ဟုတ်၊ မဟုတ် တင်ပြနိုင်ဖို့ စစ်ကိုင်းတိုင်း အမတ် ဒေါက်တာ မြင့်နိုင်ကလည်း အချက်အလက်တွေ စုဆောင်း နေတယ်လို့ သိရပါတယ်။
“လွှတ်တော်မှာ မေးခွန်းမေးဖို့ ကိစ္စက အခု ရေဦးမှာ အချက်အလက် စုဆောင်းနေတုန်း ရှိသေးတယ်။ အချက်အလက် ပြည့်စုံ ရင်တော့ လက်မှတ်ထိုးပြီး တင်မှာပါ”လို့ စစ်ကိုင်းတိုင်း အမှတ် ၃ နယ်မြေက အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြင့်နိုင် က ဧရာဝတီကို ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က အဲဒီ တရုတ် ရေနံကုမ္ပဏီက ကားကြီးတွေနဲ့ ရေနံရှာဖွေရေး လုပ်ရင်း ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းလောက်မှာတော့ ရွှေဖြူတွေ တွေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်၊ ကွန်တိန်နာ ကားကြီးတွေ နဲ့ တရုတ် နိုင်ငံ ဘက်ကို သယ်ထုတ်သွားတယ် လို့ ဒေသခံ တဦးကလည်း ပြောပါတယ်။
“သစ်ရာအိုင့်ရွာနဲ့ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ အစကတော့ သူတို့က ရေနံရှာတယ်ဆိုပြီး ကွန်တိန်နာကားတွေနဲ့ တရက် ၁၅ စီး အစီး၂၀ လောက် သွားနေကြတာ။ နောက်မှ ရွှေဖြူထွက်လို့ ဆိုပြီး အသံထွက်လာတယ်”လို့လည်း သူက ဆိုပါတယ်။
ရွှေဖြူထွက်တယ်ဆိုတဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ် ကျေးရွာအုပ်စု သစ်ရာအိုင့် ရွာရဲ့ အနောက် တောင်ဘက် ၂ မိုင်လောက် အကွာမှာဖြစ်ပြီးတော့ အဆောက်အအုံ ကြီးကြီးတွေနဲ့ စီမံကိန်းတခုလို လုပ်ခဲ့တာလို့လည်း သူက ဆက်ပြောပါသေးတယ်။
ဒါပေမယ့် ရွှေဖြူတူးတဲ့ လုပ်ငန်းဟာ ၁ လ လောက်အကြာမှာပဲ လက်စ လက်န မကျန်အောင် ရွှေဖြူ လုပ်ကွက်တွင်းတွေကို ပိတ်ပင်ပြီး အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေါက်တာ မြင့်နိုင်က“အဲဒီမှာက ရွှေဖြူတွေ့ သလိုလို၊ နောက် အဲဒီမှာ အဆောက်အအုံတွေလည်း ကြီးကြီးမားမားတွေ ဆောက် ထားပြီးတော့ သေချာ လုပ်ထားတာ။ နောက်ပြီး မြေတွေ ပြန်ဖို့ပြီးတော့ အားလုံး အစအန ဖျောက်သွားတာ”လို့ ဧရာဝတီကို ပြော ပါတယ်။
အခုလို လုပ်ငန်းစီမံကိန်းကြီးတခု လုပ်ခဲ့ပြီး အစအနတွေ ဖျောက်သွားတယ်ဆိုတော့ ဒါဟာ နိုင်ငံတော်ကမသိဘဲ ကိုယ်ကျိုးစီးပွား အတွက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ပိုပြီး ပေါ်လွင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီလို ရွှေဖြူတူးဖော်ရေး လုပ်ကွက်မှာ တွင်းတွေကို လျှို့ဝှက်လုပ်ထားပြီး လုံခြုံရေး အစောင့် အကျပ်တွေ ချထားခဲ့ပြီးမှ နောက် ပိုင်း တိတ်တဆိတ် လုပ်ငန်း ရပ်ဆိုင်း သွားခဲ့တာပါတဲ့။
“သူတို့ လုပ်ကွက်နားကို မဝင်ရဘူးတဲ့၊ အစောင့်တွေ ချထားတာ၊ ရဲ အစောင့်ချထားတာ၊ ဒေသခံတွေကိုလည်း အလုပ်တွေ ဘာတွေ မပေးဘူး။ တွင်းတွေကို လာပိတ်တော့လည်း သူ(ဦးသာအေး) ကိုယ်တိုင် လာပိတ်သွားတယ်”လို့ ရေဦးမြို့ခံ တဦးက ဆိုပါတယ်။
အဲဒီ စီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို စီမံကိန်း မလုပ်ခင်တုန်းကလည်း လာပြီး ရှင်းလင်းပြောပြတာ မရှိသလို၊ အဲဒီ စီမံကိန်းအလုပ်ခွင်မှာ ဒေသခံတွေကို အလုပ်အကိုင် ခန့်အပ်တာမျိုးလည်း မရှိဘဲ လျှို့ဝှက် လုပ်ငန်းကြီး တခုကို လုပ်သလို လုပ်ကိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဦးသာအေးဟာ စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကွက်တွေကို သူ နဲ့ နီးစပ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တချို့က လုပ်ကိုင်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုနေကြပြီး အရပ်ထဲမှာ သူ့ကို “ရွှေ သာအေး”လို့ အမည်ပေးထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
“နိုင်ငံတော်က အဲဒီကိစ္စ မသိဘူး ထင်တယ်၊ ကျနော်တို့ အဲဒီတုန်းက ကြားတာတော့ နိုင်ငံတော်က မသိဘူးလို့ ကြားရပြီး အရပ် သတင်းမှာ သူ (ဦးသာအေး) ပြုတ် မလိုလိုတောင် ဖြစ်သေးတယ်”လို့ ရေဦး ဒေသခံက ဆိုတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီက သတ္တုတွင်း ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ စွမ်းအင် ဝန်ကြီးဌာန နဲ့သာ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဆက်သွယ်ဖို့ ပြောလာပါတယ်။
စွမ်းအင်ဝန်ကြီးဌာနကို ဧရာဝတီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တယ်လီဖုန်းနဲ့ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး တရားဝင် ဖြေကြားချက်ရလိုရင် ဝန်ကြီးဌာနကို ဖက်စ်နဲ့ မေးမြန်းဖို့ပြောလို့ ဧပြီလ ၂၅ ရက်နေ့က ဖက်စ်ပို့ပြီး မေးမြန်းခဲ့ပါတယ်။
မေလ ၃ ရက်နေ့မှာတော့ စွမ်းအင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အတွင်းရေးမှူး ဦးဌေးအောင် က လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စစ်ကိုင်တိုင်း အဆိုပါ ဒေသမှာ တရုတ်ကုမ္ပဏီ(CNOOC) ဟာ ဆိုက်စမစ် ရေနံရှာဖွေတိုင်းတာခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ တရားဝင် အကြောင်းပြန်ကြားလာပါတယ်။
ဒါပေမယ့် ရေနံတူးဖော်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူးလို့ အကြောင်းပြန်ကြားစာမှာ ဖော်ပြပါတယ်။
“CNOOC ကုမ္ပဏီသည် မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူူးတွဲ ဆောင်ရွက်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့စာမှာ ပါရှိ ပါတယ်။
သူတို့အနေနဲ့ ဒေသခံတွေ ပြောဆို သံသယဖြစ်နေကြသလို ရွှေ သို့မဟုတ် ရွှေဖြူ ထွက်တယ်ဆိုတာကို တိုင်းတာနိုင်တာ မရှိဘူးလို့လည်း အကြောင်းပြန်စာက ဆိုပါတယ်။
“ရေနံရှာဖွေရေး လုပ်ငန်းများကိုသာ ဦးတည်ဆောင်ရွက်လုပ်ကိုင်ခြင်း ဖြစ်သဖြင့် ရွှေ(သို့) ရွှေဖြူထွက်ရှိမှုကို သိရှိတိုင်းတာ နိုင်ခြင်း မရှိပါကြောင်း သိသာနိုင်ပါရန် အကြောင်းပြန်ကြားအပ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားတာပါ။
စွမ်းအင် ဝန်ကြီးဌာန က စစ်ကိုင်းတိုင်း အတွင်း ရွှေဖြူ ထွက်ရှိမှုနဲ့ပတ်သက်ပြီး သိရှိတိုင်းတာနိုင်ခြင်း မရှိဘူးဆိုတာ အမှန် တကယ် ဟုတ်မဟုတ် ဝန်ကြီးဌာနကပဲ သိနိုင်မှာပါ။ တခု ရှိတာက လက်ရှိ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ဦးသာအေး ဖြစ်နေတာ ကလည်း စွမ်းအင် ဝန်ကြီးဌာနနဲ့ ဆက်စပ်မှု ရှိမရှိ စဉ်းစားစရာပါ။
မကြာသေးခင် ရက်ပိုင်းကလည်း ဦးသာအေးကို တာဝန်က အနားပေးလိုက်တယ် ဆိုတဲ့ သမ္မတရုံး စာအတုနဲ့ အင်တာနက် ပေါ် ပျံ့နှံ့ခဲ့လို့ မဟုတ်ကြောင်း ရှင်းခဲ့ လင်းခဲ့ကြတာကို သတိထားမိ ပါသေးတယ်။
အရင်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်စောစောပိုင်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းမှာ အင်အား သုံးဖြိုခွင်းခဲ့တုန်းက သံဃာတော်တွေ မီးလောင်ဒဏ်ရာတွေ ရခဲ့လို့ ဒီကိစ္စ တာဝန်အရှိဆုံး သူဟာ ဦးသာအေး ဖြစ်တယ်လို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဌ လုပ်တဲ့ အစီရင်ခံစာ ပေါ်ထွက် လာတဲ့ အခါမှာတော့ သမ္မတ ဦးသိန်းစိန်က ခန့်အပ် တာဝန်ပေးထားတဲ့ အဲဒီ လက်ပံတောင်း အစီရင်ခံစာ အကောင် အထည် ဖော်ရေး ကော်မတီ အဖွဲ့ဝင် တဦးအဖြစ်နဲ့ ဦးသာအေးဟာ အခုအထိ အေးအေး လူလူ ရှိနေပုံ ရပါတယ်။ ။