နှစ်ပေါင်း ၅၁ နှစ်ကျော်က ကိစ္စကို ၁၉၆၂ ခုနှစ်က ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဦးလှရွှေတစ်ယောက် ဘယ်တော့မှ မမေ့နိုင်တော့ပါ။ စစ်အာဏာရှင် ဦးနေဝင်းအစိုးရက အရင်ဆုံး အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းပြီး စစ်တပ်က လူတွေကို အစားထိုးလိုက်တာ၊ နောက်တော့ ကျောင်း ဆောင်ကော်မတီ ကိုလည်း ဖျက်သိမ်းတာတွေ သူ မှတ်မိနေတယ်။ ဇူလိုင် ၁ ရက်နေ့ ကျောင်းပြန်ဖွင့်တဲ့ အခါ မှာ ကျောင်းသားတွေကို လိုက်နာရမယ့် စည်းကမ်း ၂၂ ချက် ထုတ်ပြီးနောက်တော့ ထီမထင် ကျောင်းတော်သားတွေက စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ဆန့်ကျင်ရေးတွေ လုပ်လာခဲ့တာတွေကို နှစ်လည်တိုင်း ဦးလှရွှေ ပြန်ပြောင်း သတိရ ပြောပြနေကြပါ။
သူ မှတ်မိနေသေးတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဇူလိုင် ၇ ရက်မှာ သမဂ္ဂအဆောက်အဦးထဲမှာ အစည်းအဝေးလုပ်မယ်၊ ချုပ်ချယ်တာကို ကန့်ကွက်မယ်လို့ ကျောင်းစဖွင့်ထဲက ပြင်ဆင်လာခဲ့တယ်။ ဇူလိုင် ၆ ရက်နေ့ ညနေကျောင်းထဲမှာ မီးပျက်တော့ ကျောင်းသားတွေက အော်ဟစ်ကြရာကနေ မန္တလေးဆောင်က စတင်လို့ ခုံတွေ၊ စားပွဲတွေ၊ ဘီဒိုတွေကို ချိုးပြီး အောက်ပုံချကာ မီးရှို့ကြတာ၊ အဲဒီကနေ နောက်ဆုံး မီးတုတ်တွေကိုင်ပြီး ညလယ် ၃ နာရီအထိ ကျောင်းထဲမှာ ကန့်ကွက် ဆန္ဒပြကြတော့တာကို ဦးလှရွှေက ဧရာဝတီကို အမှတ်တရ ပြန်ပြောပြတယ်။
လွန်ခဲ့တဲ့ ၅၁ နှစ်၊ ၁၉၆၂ ခုနှစ် မတ်လအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အခွင့်အရေးတွေကို ရုတ်သိမ်းလာခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီမှာ ကျောင်းသား သမဂ္ဂ အစည်းအဝေး စတင်ခဲ့ပြီးနောက် ကျောင်းသားတွေကို ဖိနှိပ်တဲ့ စည်းကမ်းတွေ၊ တက္ကသိုလ် အက်ဥပဒေကို ရုတ်သိမ်းခဲ့တာတွေကို ကန့်ကွက်ခဲ့ကြတယ်။
နေ့လည် ၂ နာရီခန့်မှာ အဓိပတိ လမ်းမထဲကို ရဲကားတွေ ကွေ့ဝင်လာပြီး ကျောင်းသားသမဂ္ဂရှေ့မှာရပ် ရဲတွေဝင်လာပြီး ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဗဆွေလေး၊ ကိုသက်နဲ့ ကိုဉာဏ်ဝင်းတို့ကို အစည်းအဝေးပြီးလို့ မပြန်နိုင်ကြသေးပဲ သမဂ္ဂ စာဖတ်ခန်းမှာ၊ သမဂ္ဂ စားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ ကျောင်းသားတွေရှေ့မှာပဲ ဝင်ဖမ်းခဲ့ပါတယ်။
“ဖမ်းတာကလည်း ဘယ်သူ့ကိုပဲ ဖမ်းမယ်ဆိုတာ စီစဉ်ပြီးသား။ ကျောင်းသားတွေ ဘာမှလုပ်ချိန်မရလိုက်ဘူး။ အဲဒီနောက် ကျောင်းသားနဲ့ ရဲတွေ ပဋိပက္ခ စဖြစ်တယ်။ ဒီလိုနဲ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်တပ်က စပြီး နေရာယူလာတယ်။ ကျောင်းထဲမှာလည်း ကျောင်းသားတွေက အုပ်စုလေးတွေနဲ့ ဟိုတစ်စု၊ ဒီတစ်စုဖြစ်နေပြီ။ ကျောင်းသား ခေါင်းဆောင်တွေက ဖမ်းဆီးရေးတွေ စတော့မယ်ဆိုတာကို မြင်လာတယ်” လို့ ဦးလှရွှေက ပြောပြတယ်။
ကျောင်းသားတွေက ပစ်သတ်လိမ့်မယ်လို့ လုံး၀ မထင်ထားဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ တပ်ရဲ့နေရာယူမှုက အခြေအနေ ပိုတိုးလာပြီး ညနေ ၆ နာရီခွဲမှာ ကျောင်းသားတွေကို သေနတ်နဲ့ စတင်ပစ်ခတ်တော့တယ်။ ဘယ်လောက်အထိ ပစ်လဲ ဆိုရင် ည ၉ နာရီလောက်အထိ မီးရောင်မြင်ရင် ပစ်တဲ့အဆင့်ထိကို ပစ်ကြတာလို့ သူကဆက်ပြောပါတယ်။
အဲဒီည ၇ နာရီ မြန်မာ့အသံရဲ့ ရေဒီယိုမှာ ဦးနေဝင်းက တိုင်းပြည်ကို သူတာဝန် ယူချိန်မှာ တက္ကသိုလ် ကျောင်းသားများ စည်းကမ်းမဲ့ ဘဝကို ပြုပြင်ရမယ့် တာဝန်ပါ ကျရောက်နေတာကြောင့် တပ်မတော်၏ အင်အားတစ်စိတ်တဒေသကို သုံးပြီးဖြေရှင်းလိုက်ရကြောင်း၊ ယခုအဖြစ်ပျက်တဲ့ ကိစ္စတွေက ကျောင်းသားကိစ္စ တစ်ခုထဲ မဟုတ်ပဲ နိုင်ငံရေး အမှောင့် ပယောဂတွေ ဖမ်းစားသည်ကို ရိပ်စားမိကြောင်း၊ မိမိတို့ရဲ့ အလုပ်ကို ပျက်အောင် တမင်လုပ် နေကြရင် နောက်ထပ် မည်သည်ကိုမှ ထပ်မပြောလိုကြောင်း၊ ဓားကိုဓားခြင်း လှံကိုလှံခြင်း ရင်ဆိုင်ရန်သာရှိတော့ကြောင်း မိန့်ခွန်း ပြောပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ မနက်အစောကြီးမှာတော့ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲ ပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ တရားဝင်ရပ်တည်မှုကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီ ဇူလိုင် ရ ရက် အရေးအခင်းမှာ ကျောင်းသားတွေ ဘယ်လောက်အထိ သေခဲ့တယ်ဆိုတာကို ယနေ့အထိ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဦးနေဝင်း အစိုးရ ထုတ်ပြန်ထားတာကလည်း တကယ်တော့ စာရင်းအတိအကျ မဟုတ်သေးပါဘူး။ အဲဒီအချိန်ထဲကစ ကျောင်းသားသမဂ္ဂကို ဖျက်ဆီးပြီး ကျောင်းသားသမဂ္ဂရဲ့ သမိုင်းကို ဖုံးကွယ်ခဲ့ပါတော့တယ်။
“တကယ်တော့ အစိုးရ အဆက်ဆက်တိုင်းက ကျောင်းသားတင်မကပါဘူး။ Campaign လို့ခေါ်တဲ့ စည်းရုံးလှုံဆော်မှုတွေ ကိုတောင် အစိုးရဆန့်ကျင်ရေးလို့ မြင်နေရှာတုန်းပါပဲ။ အုပ်ချုပ်ရေးယန္တရားမှာ တော်တော်ဖြစ်နေတဲ့ကိစ္စပါ။ တခုတော့ သိထားပါ။ ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်ဆိုရင် ကျောင်းသားတွေက ထောက်ခံတဲ့အပြင် ပုခုံးနဲ့ တွန်းတင်ခဲ့တာ ချည်းပါပဲ။ ဖောက်ပြန်တဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရားဆိုရင်တော့ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ရမှာပဲ” လို့ ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂဗုံးခွဲလို့ အဆောက်အဦးကြီး မရှိတော့ပေမယ့် ကျောင်းသားထုရဲ့ ရင်ထဲမှာရှိနေတဲ့ သမဂ္ဂစိတ်ဓါတ်တွေ၊ အစဉ်လာများတွေကိုတော့ ဖျက်ဆီးလို့ မရပါဘူးလို့ ၂၀၀၇ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒီငြိမ်းလင်းကလည်း ဆိုပါတယ်။
အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းနေတယ်လို့ ပြောနေပေမယ့် ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ရပ်တည်မှုကို ခွင့်ပြုပေးတာမျိုး မရှိသေးဘဲ ကျောင်းသား အခွင့်အရေးလှုပ်ရှားသူတွေကိုလည်း ပညာရေး စိတ်မဝင်စား နိုင်ငံရေး လုပ်တယ်လို့ ယူဆနေတုန်းလို့လည်း ဆက်ပြောတယ်။
ကျောင်းသားတွေသာ နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ပါဝင်မှု မရှိခဲ့ဘူးဆိုရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရလာမှာ မဟုတ်တဲ့အကြောင်း၊ ဒီလို ခေတ်ပြောင်း စနစ်ပြောင်းကိုလည်း ရောက်လာမှာ မဟုတ်တဲ့အကြောင်း ဒီငြိမ်းလင်းက ပြောပါတယ်။
ကျောင်းသားလှုပ်ရှားမှု ဆိုတာက တကယ်တော့ အရေးတော်ပုံ ကြီးတစ်ခုလုံး၏ ကနဦး လှုပ်ရှားမှု သာဖြစ်ပြီး ကျောင်းသားတွေလှုပ်ရှားနေရုံနဲ့၊ ကျောင်းသား သမဂ္ဂတစ်ခုထဲနဲ့တော့ ခေတ်စနစ်အပြောင်းအလဲ ဖြစ်နိုင်မှာ မဟုတ် ကြောင်းကို ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးလှရွှေက သုံးသပ်ပါတယ်။
ကျောင်းသားများသည် ရိုးသားဖြူစင်ပြီး မိမိယုံကြည်ရာကို ပြောရဲဆိုရဲကြောင်း၊ အာဏာရှင်ခေတ်များတွင်လည်း ကျောင်းသားများက စတေးခံခဲ့ကြောင်း၊ သို့ရာတွင်အစိုးရဘက်မှ ကျောင်းသားတွေကို နိုင်ငံရေးပါတီတွေရဲ့ ပါတီ နိုင်ငံရေးတွေနဲ့ တွဲမြင်နေသေးတဲ့ အနေအထားမျိုးလို့လည်း ဆိုပါတယ်။
ဒါပေမယ့် ယနေ့ ကျောင်းသား လူငယ်အများစုဟာ ကျောင်းသားသမဂ္ဂသမိုင်းကို စိတ်ပါဝင်စားမှု အားနည်နေသေးတဲ့ အနေအထားဖြစ်နေရပြီး သမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်း၊ ဖွဲ့စည်းပုံနဲ့ ကျင့်ထုံးတွေကို လွတ်လပ်စာ ပြဌာန်းအကောင်း အထည်ဖော်ခွင့်နဲ့ ကင်းဝေးနေဆဲလို့ ဒီငြိမ်းလင်းက သုံးသပ်ပါတယ်။
တက္ကသိုလ် ကျောင်းသားဘဝ( Campus Life ) ကို မျှော်လင့်ထားသလောက် မရသေးဘဲ ကျောင်းသားတွေရဲ့ အခွင့်အရေးကို တဖြည်းဖြည်း လုပ်ယူသွားရမှာဖြစ်တယ်၊ နောက်ပြီး တက္ကသိုလ် တစ်ခုနဲ့တစ်ခုကြားမှာ စည်းမျဉ်း စည်း ကမ်းတွေ ခွဲခြားခံနေရသေးတာကြောင့်လဲ ကျောင်းသားထုကြား စည်းလုံးညီညွတ်မှု မရသေးတဲ့ အနေအထားမှာရှိနေသေး တယ်လို့ အမည်မဖော်လိုသော လှိုင်သာယာ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ပြောပါတယ်။
“ဒါပေမယ့် တကယ်တမ်း တက္ကသိုလ် သမဂ္ဂကိုသာ တရားဝင် ရပ်တည်ခွင့်ပေးလိုက်မယ်ဆိုရင် ဒီကျောင်းသားထုက တကယ့်နိုင်ငံအားတွေ ပိုဖြစ်လာမယ်လို့ ယူဆတယ်။ ကျောင်းသားတွေက အသင်းဖွဲ့စိတ်ဓါတ်တွေ၊ အဖွဲ့စုပေါင်း လုပ်ဆောင်မှုတွေ အလေ့ကျင့်ဖြစ်လာမယ်၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုတွေ ပိုရလာမယ်ဆိုတာတော့ အမှန် ပဲဗျ။ ဒါပေမယ့် အစိုးရဘက်က ကျောင်းသားတွေအပေါ်မှာ မြင်နေတဲ့ အမြင်တွေကိုတော့ ဖျောက်ဖျက်ဖို့ရာ ခက်နေဦး မယ်။ နောက် တချို့ဆရာတွေရဲ့ ကြောက်လန့်တဲ့ စိတ်ကို ပြောင်းလဲဖို့ လိုသေးတယ်” လို့ သူကဆိုတယ်။
အခုခေတ်အချိန်မှာ ဥပဒေအရ အာမခံပေးနိုင်မယ့် တက္ကသိုလ် အက်ဥပဒေလိုမျိုးလည်း မရှိ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်း သားတွေကြားမှာ ချစ်ကြည်ရင်းနှီးရေးတွေမှာ အခက်ခဲတွေသာ ပြေလည်ခဲ့မယ်ဆိုရင် တက္ကသိုလ် သမဂ္ဂဆိုတာ မကြာခင် ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဒီငြိမ်းလင်းက သုံးသပ်တယ်။
ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ်လုပ်ကြတယ်ဆိုတာက ဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ်မဖြစ်အောင်၊ ကျောင်းသားထုကြားမှာ သမဂ္ဂစိတ်ဓာတ်တွေ၊ ကျောင်းသားသမိုင်းတွေကို သိဖို့၊ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ မောင်းနှင်အားတခုဖြစ်လာအောင် လုပ်ကြတာပါ၊ နောက်ကြောင်းပြန်လှည့်သွားဖို့၊ အငြိုးအာဂတတွေ ထပ်ဖြစ်လာဖို့၊ အနာတွေကို ပြန်ဆွဖို့ လုပ်နေ ကြတာမဟုတ်ပါဘူးလို့ သူကဆိုပါတယ်။
ကိုမင်းကိုနိုင်ကလည်း အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများဟာ ပေါင်းကူးတံတားသဖွယ်ဖြစ်ကြောင်း၊ ဒါကို အသိမှတ်ပြုပြီး အခွင့်သင့်တိုင်း ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားသမိုင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ဆိုပါတယ်။
ယနေ့ခေတ်အချိန်တွင် “အစပျိုးစ အခြေအနေကို ဖူးပွင့်ဖို့ရာမှာ” မိမိတို့ အားလုံးအပေါ်တွင် မူတည်ကြောင်း၊ အစွမ်းအစဆို ရာတွင်လည်း ဉာဏ်ပညာက အရေးကြီးကြောင်း၊ မိမိတို့ အတွေ့အကြုံများကနေ သင်ယူရင်း အပြန်အလှန် နားလည်မှုကို ရရှိရန် ရင့်ကျက်မှုကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နည်းဗျူဟာကို သေချာစွာ စဉ်းစားမှ “အနာဂတ်လှမှာ” ဖြစ်ကြောင်း ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
ဒီနေ့ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကို ရည်ရွယ်ပြီး ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်းဆောင် ဦးလှရွှေက သတိပေးပါတယ်။ ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုထဲတွင်ရပ်တည် မနေသင့်ပဲ အချိန်တန်ရင် ကိုယ်အားသန်ရာကို ပြောင်းလဲရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘဝကနေ ကူးပြီး စစ်ရေး ထိုမှတဖန် နိုင်ငံရေး တခုခုကို ရွေးချယ်လျှောက်လှမ်းခဲ့ကြသူတွေ ဖြစ်ကြောင်း ဥပမာ ယူကြဖို့လည်း ပြောဆိုတယ်။