အင်တာနက်ကွန်နက်ရှင်က နှေးကွေးနေသည့်တိုင်အောင် မြန်မာနိုင်ငံမှာ အင်တာနက်သုံးခြင်းကို အရူးအမူး စွဲလမ်းစေနိုင်ပါသေးသည်။ မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးနိုင်သည့်အတွက် အင်တာနက်စွဲနေသူတွေက မိုဘိုင်းဖုန်း ကို သုံးဖို့ ပိုပြီးအား သန်လာကြသည်။
သို့သော် မိုဘိုင်း အင်တာနက်ကို အသုံးပြုရန်အတွက် ပထမဆုံးအနေဖြင့် စမတ်ဖုန်းခေါ် အဆင့်မြင့်ဖုန်း တလုံးရှိဖို့လို သည်။ ၎င်းထက် အရင်ဆုံးလိုသည်မှာ ဆင်းမ်ကဒ် (Subscriber Identity Module card) တကဒ်ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် ဆင်းမ်ကဒ် တကဒ် ရရှိရန်ကလည်း ကံကောင်းဖို့ လိုသေးသည်။ ကံကောင်းမှ ကံစမ်းမဲ ပေါက်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆင်းမ်ကဒ် ဝယ်လိုသူတယောက်သည် အစိုးရထံ လျှောက်လွှာတင်ဖို့ လိုအပ်သည်။ ထို့နောက် အစိုးရက ကြီးမှူး၍ လစဉ်ပြုလုပ်ပေးနေသာ ဆင်းမ်ကဒ် ကံစမ်းမဲနှိုက်ပွဲတွင် မဲပေါက်ကြောင်း အသိပေးလာမည်ကို အနည်းဆုံး တလ စောင့်ရမည် ဖြစ်သည်။ လျှောက်ထားသူ အမြောက်အများရှိသော်လည်း တလတွင် လူ ၁၀၀ မှ ၁၂၀ အတွင်းသာလျှင် ကံထူးခွင့်ရနိုင်မည် ဖြစ်သည်။
ယနေ့အချိန်တွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်သော မြန်မာနိုင်ငံသား မည်မျှရှိသည်ကို သေချာစွာ သိနိုင်ခြင်းမရှိပါ။၂၀၁၂ တွင် Asia Telecoms ကပြုလုပ်ခဲ့သော သုတေသနတခုက ၁.၃ သန်းမှ ၂.၅ သန်းအတွင်းရှိသည်ဟု ဆိုသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်အတွင်းမှာပင် ကုလသမဂ္ဂ၏ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အထူးအဖွဲ့တခု ဖြစ်သည့် International Telecommunication က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်သူ ဦးရေ ၅.၄ သန်းရှိသည်ဟု ထုတ်ပြန်ခဲ့ပြန်သည်။
အဆိုပါ အစီရင်ခံစာများတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်ပုံမှန်သုံးသူ မည်မျှရှိသည်ကို ဖော်ပြထားခြင်း မရှိပေ။ လွတ် လပ်သော အာရှအသံ (RFA) သတင်းတရပ်တွင် မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူ အများစုသည် မိုဘိုင်းဖုန်းဖြင့် သုံး စွဲကြသည်ဟု ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဆင်းမ်ကဒ်နှင့် ပတ်သက်သမျှ အားလုံးသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ စီမံခန့်ခွဲ မှုအောက်တွင် ရှိနေသည်။ လျှောက်ထားသူ ထောင်ပေါင်းများစွာထဲမှ ကံစမ်းမဲနှိုက်၍ ချထားပေးခြင်း စနစ်သည် ယခုနှစ် အတွင်းမှာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရက ဆင်းကဒ် တကဒ်ကို အမေရိကန် ၂ ဒေါ်လာခန့်ရှိသော မြန်မာ ကျပ်ငွေဖြင့် ဧပြီလမှ စတင်၍ ရောင်းချပေးခဲ့သည်။
လွန်ခဲ့သော ၂ နှစ်ကျော်လောက်က ဆိုလျှင် ဆင်းမ်ကဒ်ဝယ်လိုသူသည် တကဒ်ကို ကျပ်ငွေ ၂.၉၁ သန်း (အမေရိကန် ဒေါ်လာ ၃၀၀၀) ပေးရမည်ဖြစ်သည်။ မြန်မာ အမျိုးသမီး သတင်းထောက် တယောက် ဖြစ်သည့် မွန် ကတော့ ထိုဈေးနှုန်း နှင့် ပတ်သက်၍ ရူးနှမ်းသည့်ကိစ္စ ဖြစ်သည်ဟု ပြောသည်။ ဆင်းမ်ကဒ် ကံစမ်းမဲများ မစတင်မီကမှ အစိုးရက ဈေးနှုန်း များကို ၂၀၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ ကျပ်အထိ လျှော့ချပေးခဲ့သည်။
ယခင်နှစ်များ အတွင်းက နောက်ထပ် ရွေးချယ်စရာ တခုမှာ အမေရိကန် ဒေါ်လာ ၂၀ မှ ၂၅ အတွင်း ကျသင့်သည့် တလ သက်တမ်းရှိ တခါသုံး ဆင်းမ်ကဒ်ဝယ်သုံးဖို့ ပဲဖြစ်သည်။ သို့သော်လည်း နိုင်ငံခြားသားရော မြန်မာနိုင်ငံသားများပါ အသုံးပြု နိုင်သည့် ထိုတခါသုံးကဒ်များ ရောင်းချခြင်းကို အစိုးရက ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကြိုတင်ငွေပေး ဆင်းမ်ကဒ် တကဒ်၏ ဈေးနှုန်းသည် အမေရိကန် တဒေါ်လာပင် မရှိသည့် ပီဆို ၄၀ သာ ရှိသည်။ မြန်မာနိုင်ငံတွင် ကံစမ်းမဲ မပေါက်သည့် လူများစုက တကဒ်ကို အမေရိကန်ဒေါ်လာ ၁၅၀ မှ ၁၇၀ အတွင်းပေးရ သည့် တရားမဝင် မှောင်ခိုဈေးကွက်ဘက်သို့ လှည့်ရသည်။ ကံစမ်းမဲအစီအစဉ်တွင် အကျုံးမဝင်သော နိုင်ငံခြားသားများနှင့် နိုင်ငံသားမဟုတ်သူများသည် လေဆိပ်တွင် အစိုးရပိုင် ရတနာပုံတယ်လီပို့မှ ဖွင့်လှစ်ထားသော ဆိုင်လေးတွင် ဖုန်းနှင့် ဆင်းမ်ကဒ်များ မဖြစ်မနေ ငှားရမ်းသုံးစွဲကြရသည်။
ယခုဆောင်းပါးရေးသူသည်လည်း ဆင်းမ်ကဒ် တကဒ်ကို ၁၀ ရက်စာအတွက် ဒေါ်လာ ၉၀ ပေး၍ ငှားရမ်းခဲ့ရသည်။ ဆင်းမ်ကဒ် ကို အသက်ဝင်စေရန်အတွက် ငွေဖြည့်ရသည်။ ငွေဖြည့်ကဒ် ၂ ကဒ်အတွက် ၂၈ ဒေါ်လာကျသင့်သည်။ မြန်မာနိုင်ငံတွင် ၁၀ ရက်ကာလအတွင်း ဆက်သွယ်ရေးအတွက် ၁၁၈ ဒေါ်လာ ကုန်ကျခဲ့ရာ ထိုပမာဏသည် ဖိလစ်ပိုင်နိုင်ငံမှာဆိုလျှင် အကန့်အသတ်မရှိ အင်တာနက်သုံးစွဲခွင့် ၂ လ ဝယ်ယူနိုင်သည်။
လေဆိပ်တွင် ဆင်းမ်ကဒ်နှင့် မိုဘိုင်းဖုန်းများ ငှားရမ်းခြင်းလုပ်ငန်းသည် ငွေရှာခြင်းသက်သက်သာ ဖြစ်သည်ဟု ဒေသခံများ ကြပြောကြသည်။ “ခင်ဗျားတို့ကို နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်လိုက်တာ” ဟု အငှားယာဉ်မောင်း တဦးက ဆိုသည်။
၂၀၀၆ ခုနှစ်က တိုင်းပြည်၏ လူ့အခွင့်အရေး အခြေအနေများကို သတင်းပေးပို့ရာတွင် အသုံးပြုခဲ့သည့် အတွက် ကျောင်းအုပ်ဆရာမကြီးတဦး၏ မိုဘိုင်းဖုန်းကို အစိုးရက လိုင်းပိတ်လိုက်ပြီး ဆင်းမ်ကဒ်ကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်သည်။ ထိုသို့ သိမ်းယူလိုက်ခြင်းက သူ့ကို ကြီးမားစွာ ထိခိုက်နစ်နာစေခဲ့ပါသည်။ ထိုစဉ်က ဆရာမ၏ လစာသည် တလ လျှင် ၈ ဒေါ်လာမျှသာရှိပြီး ဒေါ်လာ ၃၀၀၀ မျှတန်သော ဆင်းမ်ကဒ်ကို ဝယ်ယူနိုင်ရန်အတွက် အိုစာမင်းစာ အတွက် စုဆောင်းငွေ အားလုံးနီးပါးကို သုံးစွဲခဲ့ရ၍ ဖြစ်ပါသည်။
အစိုးရဝန်ထမ်းအဖြစ် စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီးက ထိုလုပ်ရပ်ကို အရှုံးမပေးဘဲ သူ၏ ဆင်းမ်ကဒ် ပြန်လည်ရရှိရေးအတွက် ကုလသမဂ္ဂထံတွင် အကူအညီတောင်းခံခဲ့သည်။ ငါးနှစ်ကြာမျှ တိုက်ပွဲဝင်ခဲ့ရပြီးနောက် လွန်ခဲ့သောလ အနည်းငယ်ခန့်ကမှ သူ၏ ဆင်းမ်ကဒ် လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာသည်။
“နောက်ဆုံးမှာ ပြန်ရလိုက်တော့ အမေလည်း စိတ်ပေါ့ပါးသွားတာပေါ့၊ ဒါက ကျနော်တို့ရဲ့ အောင်မြင်မှု ဆိုတော့ အောင်ပွဲခံကြတယ်” ဟု ဆရာမကြီး၏ သားဖြစ်သူက ပြောသည်။
အခုရက်တွေ အတွင်းမှာ တန်ဖိုးနည်း ဆင်းမ်ကဒ်များအတွက် ကံစမ်းမဲဖေါက်ပွဲတွေ လုပ်နေသည်။ သတင်းထောက် မွန်က မကြာသေးခင်ကမှ သူ၏ ရည်းစား ကျပ်ငွေ ၁၅၀၀ တန် ဆင်းမ်ကဒ်မဲ ပေါက်ခဲ့ကြောင်း ပြောပြသည်။ ဒီလိုရဖို့ သူ ၂ လ စောင့်ခဲ့ရသည်။
“ဆင်းမ်ကဒ် တကဒ်ကို ဒေါ်လာ ၃၀၀၀ နဲ့ဝယ်တာက မိုက်မဲတာပါ။ အခု ကျမ မယုံနိုင်ဘူး၊ ကျမတို့ ကံစမ်းမဲ နှိုှုက် ပေါက်လို့ ရနေပြီ” ဟု မွန် ကပြောသည်။
ဝမ်းသာသည်ဟု ပြောသော်လည်း အစီအစဉ် တခုလုံးအတွက် စိုးရိမ်မှု ရှိနေပုံရသည်။ “ ဒီကိစ္စမှာ အလှည့်အပတ်တွေ ရှိနေတယ်ပဲ ထားဦးတော့ ကျမတို့ပျော်သင့်တာပေါ့နော်။ ဒါပေမယ့် ကျမကတော့ ဒါက ရူးတာ သက်သက်လို့ ထင်နေတုန်းပဲ” ဟု သူကဆိုသည်။
ကံစမ်းမဲ စံနစ်ဖြင့် ရောင်းချခြင်းမပြုမီ အစိုးရက ဒေါ်လာထောင်ဂဏန်း နှင့် ညီမျှသော ဆင်းမ်ကဒ် တန်ဖိုးကို ရာ ဂဏန်း အထိလျှော့ချပေးခဲ့သည်။ ဈေးချပေးလိုက်၍ ဆင်းမ်ကဒ်များ ချက်ချင်း အရောင်းသွက်လာပြီးနောက် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနကို ဘက်စုံဖံွ့ဖြိုးတိုးတက်ရေး အတွက် အဓိက မဏ္ဍိုင်ဟု ချီးမွမ်းခဲ့သည်။
“အခုအချိန်မှာ တိုင်းပြည်ရဲ့ တယ်လီဖုန်း သိပ်သည်းမှုဟာ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ရာခိုင်နှုန်း ၅၀ အနည်းဆုံး ရှိလာအောင် ရည်ရွယ်ထားပါတယ်” ဟု ဦးသိန်းစိန်က ကြေညာချက်တခုတွင် ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်းတယောက်လည်း ဖြစ်သော သမ္မတဦးသိန်းစိန်က ဆင်းမ်ကဒ်များကို ပြည်နယ်နှင့် တိုင်းများသို့ ညီညီ မျှမျှ ခွဲဝေ ဖြန့်ဖြူးပေးသွားရန် ညွှန်ကြားခဲ့သလို ပြည်သူများ တန်ဖိုးနည်း ဟန်းဆက်များ ဝယ်ယူနိုင်ရန်လည်း ဆောင်ရွက် ပေးသွားမည်ဟု ကတိပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ဖုန်းခေါ်ဆိုရန် နှင့် စာပို့ရန်သာ သုံးနိုင်သော ကျပ် ငွေ ၂၀၀၀၀ သောင်းမှ ၂၅၀၀၀ အတွင်းသာ ပေးရသည့် တရုတ်နိုင်ငံလုပ် ဟန်းဆက်များကို အလွယ်တကူ ဝယ်ယူ သုံးစွဲ၍ ရနိုင်နေပြီ ဖြစ်သည်။ အင်တာနက် သုံးနိုင်သော ဟန်းဆက်များသည်ကား မြန်မာနိုင်ငံသား အများစုနှင့် အလှမ်းကွာနေဆဲဖြစ်သည်။ တန်ဖိုး ကျပ်ငွေ ၄၄၅၀၀၀ မှ ၅၂၀၀၀၀ အတွင်းပေးရသည့် ဆမ်ဆောင်း စမတ်ဖုန်းများ၊ ကျပ်ငွေ ၆၆၀၀၀၀ မှ ၉၉၀၀၀၀ အတွင်း ကျသင့်သည့် အိုင်ဖုန်း များသည် မြန်မာနိုင်ငံတွင် ရေပန်းစားသော်လည်း လူလတ်တန်းစားများနှင့် ငွေကြေးတတ်နိုင်သူ များသာ သုံးစွဲနိုင်သေးသည်။
“အစိုးရက ပြည်သူတွေ အပေါ် ဘယ်လောက်သက်ညှာမလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ ရွေးချယ်စရာ မရှိတော့ သူတို့ အစီအမံကို သည်းခံပြီး စောင့်နေရုံပဲ” ဟု သတင်းထောက် မွန်က နိဂုံးချုပ်ပေးသည်။
( Jefry Tupas ၏ No SIM City in Burma ကို နိုင်မင်းသွင် ဘာသာပြန်သည်)