မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ နမ့်ခမ်း၊ တောင်ငူ စတဲ့ နေရာဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိမှုတွေနဲ့ ဗုံးလန့်မှုတွေကြောင့်လည်း ပြည်သူအများ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပွားခဲ့ကြပြီး သံသယတွေလည်း ပွားနေကြပါတယ်။
အောက်တိုဘာလ အတွင်း ပေါက်ကွဲခဲ့မှု ၆ ကြိမ်၊ ပေါက်ကွဲမှုမဖြစ်စေဖို့ ဖယ်ရှားနိုင်ခဲ့မှု ၄ ကြိမ်၊ စုစုပေါင်း ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ် ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲ ချုပ် ဇော်ဝင်း က အောက်တိုဘာ ၁၈ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
အစိုးရ အာဏာပိုင်တွေအနေနဲ့ ဗုံး တရားခံကို အပူတပြင်း စုံစမ်းရှာဖွေ ဖော်ထုတ်ပါတယ်။ ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲသူဟာ မွန်ပြည်နယ် ဘီးလင်းမြို့မှာ ဖမ်းမိခဲ့တဲ့ စောမြင့်လွင် ဆိုသူဖြစ်တယ်၊ သူဟာ ကရင်အမျိုးသား အစည်းအရုံး(KNU) က တပ်ဖွဲ့ဝင်ဟောင်း တဦး ဖြစ်တယ်လို့လည်း ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အစိုးရဘက်က အောက်တိုဘာ ၁၈ ရက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ ပြောခွင့်ရလည်း ဖြစ်၊ ပြန်ကြားရေး ဒု ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က KNU နဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဦးရဲထွဋ်နဲ့ ရဲချုပ် ဦးဇော်ဝင်းတို့က ဖြစ်စဉ်ကွင်းဆက်တွေကို ဓာတ်ပုံတွေ၊ သက်သေခံပစ္စည်း တွေနဲ့ ပြသ ရှင်းလင်းခဲ့ပါတယ်။
ရဲချုပ်ကတော့ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ KNU အောက်ခြေပိုင်း တာဝန်ရှိသူတချို့ ပါဝင် ပတ်သက်တယ်လို့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအချက်ဟာ ဦးရဲထွဋ် နဲ့ ကွဲလွဲနေတာ သံသယ ဖြစ်စရာပါပဲ။
နောက်တရက်ခြား KNU က သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်ကလည်း KNU အောက် ခြေ ပိုင်းက ပါဝင်ပတ်သက်တာကို ဝန်ခံပြောကြားပြီး KNU ဗဟိုရဲ့ သဘောထား မဟုတ်ကြောင်း ရှင်းလင်းခဲ့တယ်။
သတင်းစာရှင်းလင်းပွဲ ၂ ခုလုံးရဲ့ပြောဆိုချက်တွေဟာ ကုန်သည်ကြီးများဟိုတယ် ဗုံးခွဲတယ်လို့ သံသယရှိသူ မေ့ကျန်ခဲ့တဲ့ မှတ်ပုံတင်နဲ့ အခြားဗုံးကွဲမှုတွေနဲ့ပတ်သက်တဲ့ စီစီတီဗီ မှတ်တမ်း၊ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်တွေအပေါ် အခြေ ခံပြီး ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဘယ်သူတွေလည်း၊ ဘယ်သူတွေက ခိုင်းတာလဲ။ ဖမ်းဆီးခံရသူတွေက အလွယ်တကူ ဝန်ခံဖြေဆိုခဲ့ကြတာ တွေဟာ ကြိုတင် စီစဉ်ထားတဲ့ အကွက်ဆင် ဖြေဆိုမှုတွေများ ဖြစ်မလား ဆိုတာတွေဟာ သံသယဖြစ်စရာတွေ အများကြီး ရှိပါတယ်။
တကယ်ပဲ ဖမ်းဆီးရမိတဲ့သူတွေဟာ KNU အောက်ခြေပိုင်းက ဟုတ်မဟုတ် အစိုးရဘက်ကရော၊ KNU ဘက်ကရော အခု အထိ ခိုင်မာတဲ့ အတည်ပြုချက် ပေးတာ မတွေ့ရသေးပါဘူး။
ဒီဗုံးကွဲမှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက် ရှိတယ်ဆိုတဲ့ ကောက်ချက်ကတော့ သိသာတဲ့ အချက်ဖြစ်ပေမယ့် ဒီရည်ရွယ်ချက် ကို အဓိက အကောင်အထည် ဖော်သူတွေက ဘယ်သူတွေလဲ ဆိုတာလည်း သဲသဲကွဲကွဲ မရှိသေးပါဘူး။
၁၉၈၉ ခုနှစ်က သံလျင် ရေနံချက် စက်ရုံနဲ့ ရန်ကုန်မြို့တော်ခန်းမ ဗုံးကွဲမှုတွေကတော့ KNU က ဗိုလ်မှူး ကိုကိုနိုင်က စီစဉ် ဖောက်ခွဲခဲ့တာလို့ ကိုယ်တိုင် ဝန်ခံခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲဒီရေနံချက်စက်ရုံ ဗုံးကွဲမှုကို နိုင်ငံရေး တရားခံရှာတဲ့အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ သံလျင်မြို့နယ်က လူငယ်တွေဖြစ်တဲ့ ကိုသန်းဇော်၊ ကိုညီညီဦးနဲ့ ကိုမိုးကျော်သူ တို့ကို ဖမ်းဆီးပြီး သေဒဏ် ချမှတ်ခဲ့ပါတယ်။
ရေနံချက်စက်ရုံကို အမှန်တကယ်ဖောက်ခွဲခဲ့သူ KNU က ဗိုလ်မှူး ကိုကိုနိုင်က သူကိုယ်တိုင် မြို့တော်ခန်းမ ဗုံး ပေါက်ကွဲမှုနဲ့အဖမ်းခံရစဉ် ထောက်လှမ်းရေးမှာ ဝန်ခံခဲ့သလို အကျဉ်းကျနေစဉ်အတွင်းမှာ မှားယွင်းဖမ်းဆီးခံခဲ့ရသူ ကိုသန်းဇော် တို့ကို လည်း တောင်းပန်ပြီး ဝန်ခံပြောကြားမှု လုပ်ခဲ့ပါတယ်။
ကိုသန်းဇော်တို့ဟာ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်ကြာနေခဲ့ရပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာကြတာပါ။ သူတို့နဲ့ပတ်သက်တဲ့ နစ်နာမှုတွေအပေါ် အခုအထိ ဘယ်သူကမှ တာဝန်ယူမှု မရှိသေးတာကလည်း ဝမ်းနည်းစရာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဗုံးဆိုတာကို မယ်မယ်ရရ မသိဘဲ အဖမ်းခံရပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့ စစ်ကြောမှုတွေကြောင့် သူတို့ လုပ်တယ် ဆိုတာကို ဝန်ခံခဲ့ရတာပါ။ ဒါဟာ နဝတ စစ်အစိုးရ လက်ထက် အကြီးမားဆုံး နိုင်ငံရေး လုပ်ကြံမှုနဲ့ ဗုံးခွဲတရားခံ မှားယွင်းအပြစ်ပေးခဲ့ဖူးတဲ့ သာဓကတခုပါ။
အဲဒီတုန်းက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကတော့ သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှု မှားယွင်း ဖမ်းဆီး ခဲ့မှုအပေါ် စစ်ထောက်လှမ်းရေးတွေ လက်ချက် မဟုတ်ဘူး၊ ရဲ အထူး သတင်းတပ်ဖွဲ့ (SB) က လုပ်ခဲ့တာလို့ မကြာမီက ပြည်တွင်း မီဒီယာ တခုနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဒါပေမယ့် သံလျင်ဗုံးကွဲမှု တရားခံတွေဆိုပြီး NLD လူငယ်တွေကို စစ်ခုံရုံးမှာ ပထမဆုံးအမှုအဖြစ် တရားလိုလုပ်ပြီး တရားစွဲခဲ့တာကတော့ အမျိုးသား ထောက်လှမ်းရေး(NIB) ကပါပဲ။ အဲဒီတုန်းက NIB အကြီးအကဲဟာ ပြည်ထဲရေးဝန်ကြီး ဖြစ်ပြီး သူ့အောက်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွှန့် ကိုယ်တိုင် ညွန်ကြားရေးမှူးချုပ် တဦးဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန် X2O ရေကစားမဏ္ဍပ် ဗုံးကွဲမှုနဲ့ပတ်သက်လို့လည်း ကိုဖြိုးဝေအောင် အပေါ် တရားခံ အဖြစ် မှားယွင်းဖမ်းဆီး အပြစ်ပေးခဲ့တဲ့ သာဓက တခုလည်း ရှိခဲ့ဖူးပါသေးတယ်။ သူကတော့ ကျန်းမာရေး အလွန်ဆိုးလာလို့ အကျဉ်းထောင်က ပြန်လွှတ်ပေးပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ရပါတယ်။ X2O မဏ္ဍပ် ဗုံးကွဲမှုမှာ လူ ၁၀ ဦးလောက် သေ ဆုံးခဲ့ပြီး ၁၇၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
အခု ကုန်သည်ကြီးများဟိုတယ်နဲ့ နေရာတချို့က ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းမိထားကြတဲ့ သံသယဖြစ်သူတွေ အတွက် တချိန်က ဗုံးကွဲမှုနဲ့ မှားယွင်းဖမ်းဆီး အပြစ်ပေးခဲ့တဲ့ အဖြစ်ဆိုးမျိုး မဖြစ်ဖို့လည်း လိုအပ်ပါတယ်။ သံသယ ရှိသူ တဦး ဖြစ်တဲ့ စောနေတိုး ဆိုသူကတော့ လွတ်မြောက် နေပါတယ်။
လက်သည်တရားခံ အမှန် ဖော်ထုတ်ဖို့ကတော့ အစိုးရတင်မက ကျန်တဲ့လူ့အဖွဲ့အစည်း တခုလုံးကလည်း တာဝန်ရှိပါတယ်။
တာဝန် အရှိဆုံးကတော့ အစိုးရဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာမှုတွေကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာပန်း လှစ ပြုလာတဲ့ မြန်မာနိုင်ငံအတွက် အစိုးရပိုင်း တာဝန်ရှိသူတွေက ဒီအမည်းစက်ကို ခိုင်ခိုင်မာမာ တာဝန်ယူပြီး မှန်ကန်တဲ့ စုံစမ်း ဖော်ထုတ်မှုတွေ လုပ်ဖို့ လိုပါတယ်။
ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်သွားရေး၊ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေရေး စတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေကြပါတယ်။ အစိုးရနဲ့ လက်ရှိ သံသယဖြစ်ခံနေရတဲ့ KNU တို့ကတော့ ပူးပေါင်း စုံစမ်းဖော်ထုတ် သွားမယ် လို့ ကတိတွေ ပေးကြပါတယ်။
ဗုံးကွဲမှုတွေထဲမှာ အကြီးမားဆုံး တခုဖြစ်တဲ့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လှိုင်ဂူမှာ နဝတ အတွင်းရေးမှူး ၂ ဒု ဗိုလ်ချုပ်ကြီး တင်ဦး(ကွယ်လွန်)ကို ရည်ရွယ်တယ် ဆိုတဲ့ ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာမှာ KNU လက်ချက် လို့ အစိုးရက စွပ်စွဲ ခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ် ဧပြီလ အတွင်းမှာ ဒု ဗိုလ်ချုပ်ကြီး တင်ဦးရဲ့သမီးဖြစ်သူ မချိုလဲ့ဦး သေဆုံးခဲ့တဲ့ နေအိမ် ဗုံးကွဲမှုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီ ဗုံးကွဲမှု နှစ်ခုလုံး လက်သည် တရားခံတော့ မပေါ်ခဲ့ပါဘူး။
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာတော့ ဒု ဗိုလ်ချုပ်ကြီး တင်ဦးဟာ ကရင်ပြည်နယ် အတွင်း ရဟတ်ယာဉ် ပျံသန်းရင်း ပေါက်ကွဲမှုဖြစ်လို့ သေဆုံးခဲ့ရ ပါတယ်။
အလားတူ ၂၀၀၅ ခုနှစ်ကလည်း ၈ မိုင် လမ်းဆုံက Junction 8 ၊ ပုဇွန်တောင်မြို့နယ်က ကုန်သွယ်ရေး အဆောက်အအုံ ကုန်စည်ပြပွဲ၊ မြေနီကုန်း ဒဂုံစင်တာ ဗုံပေါက်ကွဲမှုတွေဟာ တရက်တည်းမှာ ဆက်တိုက်ကွဲခဲ့တာ ဖြစ်ပြီး လူသေဆုံးမှု၊ ဒဏ်ရာ ရမှုတွေရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ ဗုံးကွဲမှုတွေ အားလုံးနီးပါးမှာ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝမ် မြန်မာနိုင်ငံလာစဉ် မြောက် ကိုရီးယား ကွန်မန်ဒိုတွေက လုပ်ကြံတဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု တခုကလွဲရင် ကျန်တဲ့ဗုံးကွဲမှုတွေက ပြည်တွင်း နိုင်ငံရေး ရည်ရွက်ချက်တွေနဲ့ လုပ်ကြတာ များပါတယ်။
အထင်အရှား သာဓက တခုကတော့ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ လက်ထက် မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့တာပါ။ အဲဒီ မိုင်းခွဲမှုမှာ သေဆုံးသူ ၁၀၀ ဝန်းကျင် လောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ခွဲတဲ့ လက်သည် တရားခံကိုလည်း အဲဒီအချိန်က အစိုးရ အာဏာပိုင်တွေ အနေနဲ့ အတိအကျ စုံစမ်းဖော်ထုတ်မှု မရှိခဲ့ပါဘူး။
အဲဒီ သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲ ဖျက်ဆီးမှုအတွက် မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမည်းစက်ကြီးတခု ဖြစ်ခဲ့ပြီး တာဝန်အရှိဆုံး ဖြစ်တဲ့ ကွယ်လွန်သူ အာဏာရှင် ဦးနေဝင်းနဲ့ တော်လှန်ရေးကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်တွေ က တိတိပပ တာဝန်ခံမှု မရှိခဲ့တာ အားလုံး အသိပါပဲ။
ဗုံးကွဲမှုတိုင်းဟာ နိုင်ငံရဲ့ လုံခြုံရေး စည်းတွေ ကျိုးပေါက်လို့ဖြစ်တယ်ဆိုတာ ယုံမှား သံသယဖြစ်ဖွယ် မရှိပါဘူး။ ခေတ်နဲ့ လျော်ညီပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို မချိုးဖောက်တဲ့ လုံခြုံရေး အစီအမံပိုင်းမှာ မြန်မာနိုင်ငံဟာ အခုနောက်ပိုင်း ပိုပြီး အား နည်း လာတာ အထင်အရှားဆိုတာ မကြာခင်က ဆက်တိုက်ဗုံးကွဲမှု၊ ဗုံးတွေ့မှုတွေက သက်သေထူနေတာပါ။
ဗုံးကွဲမှုတွေမှာ သာမန် အရပ်သား ပြည်သူတွေသာ သေကျေ ဒဏ်ရာရပြီး ဓားစာခံ ဖြစ်ကြရပါတယ်။ ရဲချုပ် ဇော်ဝင်းကတော့ လာမယ့်နှစ်အတွက် အမေရိကန် ဒေါ်လာ ၆ ဘီလီယံလောက် သုံးစွဲပြီး နိုင်ငံတော် လုံခြုံရေးကို ဆောင်ရွက်မယ်လို့ ပြောဆို ထားပါတယ်။
အခု မကြာတော့တဲ့ကာလ ဒီဇင်ဘာ အတွင်းမှာပဲ ၂၇ ကြိမ်မြောက် ဆီးဂိမ်း ကျင်းပဖို့လည်း ရှိနေပါတယ်။ နိုင်ငံရဲ့ လုံခြံရေး စည်းတွေ ပြန်လည်ကောင်းမွန် အဆင့်မီဖြစ်ရေးအတွက် အစိုးရ ၊ လွှတ်တော်နဲ့ နိုင်ငံသားတွေ အနေနဲ့ ဘယ်လို ဟန်ချက် ညီညီ လုပ်ဆောင်ကြမလဲဆိုတာဟာ အခုချိန်အထိ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။ ။