ပြီးခဲ့သည့်နှစ် ခရစ်စမတ်နေ့ မနက်ခင်း ကိုဌေးအောင် ဆိုင်ကယ်နောက်ခုံမှာ ထိုင်ပြီး လိုက်လာခဲ့သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းက အေးစိမ့်နေသော တောင်ကုန်းများကို ဖြတ်သန်းသွားနေချိန်တွင် Air Bagan လေယာဉ် ခရီးစဉ် အမှတ်စဉ် ၁၁ လေယာဉ်က သူ့ပေါ် ဝဲပျံလာသည်။
ခရီးသည် ၆၅ ယောက်နှင့် ဝန်ထမ်း ၆ ယောက်လိုက်ပါလာသည့် ၂၄ တန်လေးသော ဖော်ကာ ၁၀၀ လေယာဉ်သည် ဟဲဟိုးလေဆိပ် အနီးမှ သစ်ပင်များနှင့် လျှပ်စစ်ကြိုးများကို ဝင်ချိတ်သွားပြီး ဖြတ်ပိုင်း ကျိုးကာ ကွင်းထဲ ဆင်းသွားသည်။ ကားလမ်းမပေါ် ကျလာသည့် မီးလောင်ကျွမ်းနေသော အပျက်အစီးအစအန ဝဲဂယက် တခုအတွင်းသို့ သူ နစ်ဝင်သွားသည်ဟု ကိုဌေးအောင် ထင်လိုက်မိခဲ့သည်။
“ကျနော့်ရဲ့ ကိုယ်ခန္ဓာက လေထဲ မြောက်တက်သွားတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ ပြန်ပြုတ်ကျသွားတယ်” ဟု အသက် ၁၉နှစ် အရွယ်ရှိပြီဖြစ်သော ကိုဌေးအောင်က ပြန်ပြောပြသည်။ သူ၏ ဦးခေါင်းနှင့် ကိုယ်အနှံ့တွင် မီးလောင် ဒဏ်ရာတွေ ရှိနေသေးသည်။ ထိုနေ့က ဆိုင်ကယ်မောင်းနေသူ သူ၏ ဦးလေးသည် အသက်ဆုံးရှုံးခဲ့ရ၏။
လူတဦး သေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကာ အများစုမှာ နိုင်ခြားသား ကမ္ဘာလှည့်ခရီးသည်များဖြစ်နေသော အဆိုပါလေ ယာဉ်ပျက်ကျမှုဖြင့် မြန်မာနိုင်ငံ၏ လုံခြုံစိတ်ချရမှုမရှိသည့် ထိတ်လန့်ဖွယ်ရာ လေကြောင်းခရီးသွားနှစ်ကို အဆုံးသတ် ခဲ့သည်။ လေယာဉ်အင်အားနည်းပါးသည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်များသည် ၂၀၁၂ ခုနှစ်အတွင်း အန္တရာယ်ကြီးသော မတော်တဆဖြစ်ရပ် ၄ ကြိမ် ကြုံတွေ့ခဲ့ရပြီး တကြိမ်တွင် လူအသေအပျောက် ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းခွင်တွင် လုံခြုံစိတ်ချရမှု အဆင့်အတန်းက စိတ်ပျက်ဖွယ်ရာဖြစ် သော်လည်း ဖွံ့ဖြိုးလာမှုက မယုံကြည်နိုင်စရာပင် ဖြစ်သည်။ ဆယ်စုနှစ်များစွာ နိုင်ငံခြားသားများကို ကြောက်ရွံ့သည့် စစ်ဗိုလ်ချုပ်များ၏ လက်အောက်မှ လွန်မြောက်ခဲ့ပြီးသည့်နောက် အာရှ၏ လေကြောင်းပို့ ဆောင်ရေး နောက်ဆုံးဈေးကွက် မြန်မာနိုင်ငံသည် တံခါးဖွင့်လာသည်။
လေကြောင်းလိုင်း အသစ်များတိုးလာပြီး နိုင်ငံခြားလေကြောင်းလိုင်းများလည်း အလုအယက်ဝင်ရောက်လာကြချိန်တွင် ခရီးသည် အရေအတွက်ကလည်း တမဟုတ်ချင်း များပြားလာသည်။ တာဝန်ရှိသူအချို့နှင့် အမှုဆောင်အရာရှိများကလည်း မြန်မာနိုင်ငံသည် ဒေသတွင်း အချက်အချာနေရာတခု ဖြစ်လာကြောင်းကို ဂုဏ်ယူစွာ ပြောကြားကြသည်။
သို့သော် မြန်မာနိုင်ငံသည် အရှိန်အဟုန်နှင့် ပြောင်းလဲရေးအတွက် ပြင်ဆင်ရာတွင် အားနည်းနေသေးပြီး အလားအလာ ရှိသည့် လေကြောင်းလိုင်းများကိုလည်း မျှော်လင့်ထားသည့်တိုင်အောင် ဘေးကင်းလုံခြုံရေး အပိုင်းတွင် လုပ်စရာတွေ ရှိနေသေးသည်။
“ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရရင် အဆင်သင့်ဖြစ်ဖို့ အတော်ဝေးသေးပေမယ့် သူတို့ တံခါးဖွင့်ခဲ့ကြတယ်” ဟု စင်္ကာပူမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ မှတ်တမ်းပြု အဆင့်သတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းဖြစ်သည့် Standard & Poor’s မှ ကျွမ်းကျင် အကဲဖြတ် ပညာရှင် Shukor Yusof ကပြောသည်။
“အခြေခံ အဆောက်အဦ အခြေအနေက လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မမီနိုင်သေးပါဘူး။ အချက်တခုကို ထုတ်ပြမယ် ဆိုရင်တောင် ထုတ်ပြဖို့ ခက်ပါတယ်” ဟု Yusof ကဆိုသည်။ ဘေးကင်းလုံခြုံရေး နှင့် ပတ်သက်၍လည်း တိုးတက်လာမှု မရှိသေး ဟု သူက ထပ်ပြောသည်။
၂၀၁၁-၁၂ ခုနှစ် နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားအများဆုံး ဆောင်းရာသီတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အပါ အဝင် နိုင်ငံတကာလေကြောင်းလိုင်း ၁၃ ခု က တပတ်လျှင် လေယာဉ်ထိုင်ခုံနေရာ ၅၀၀၀၀ ရောင်းချနိုင် ခဲ့သည်ဟု လေယာဉ်လိုင်းများအတွက် အကြံပေးလုပ်ငန်းနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာ အချက်အလက်များ စုစည်း ထုတ်ပြန်ပေးနေသည့် CAPA Centre for Aviation ၏ အဆိုအရသိရသည်။
ပြီးခဲ့သည့် နှစ်က လက်မှတ်ရောင်းချရမှု ၈၀၀၀၀ အထိခုန်တက်သွားပြီး ယခုနှစ် ဆောင်းရာသီတွင် ၁၀၀၀၀၀ အထိရှိလာ လိမ့်မည်ဟု CAPA က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသို့ ပျံသန်းသည့် နိုင်ငံတကာ လေကြောင်းလိုင်း အရေအတွက်က လည်း ပြီးခဲ့သိ အောက်တိုဘာ လဆန်းပိုင်းအထိ ကာလအတွင်းတွင် ၂၃ ခုအထိ နှစ်ဆနီးပါး တိုးတက်လာသည်။ ၎င်းတို့ ထဲမှ MAI နှင့် Golden Myanmar သည် နှစ်ခုသာ မြန်မာပိုင်ဖြစ်သည်။
ထိုသို့ လေကြောင်းလိုင်း အများအပြား အချိန်တိုအတွင်းတွင် စုပြုံဝင်ရောက်လာမှုကြောင့် လာမည့်နှစ်များအတွင်း အမြတ် အစွန်းကျဆင်းမှုများနှင့် ကြုံတွေ့ပြီး လေကြောင်းလိုင်း အချို့ပူးပေါင်းရခြင်း သို့မဟုတ် ရပ်နားပိတ်သိမ်းလိုက်ရခြင်းမျိုး နှင့် ကြုံရဖွယ်ရှိသည်ဟု CAPA ၏ လေ့လာရေးအဖွဲ့အကြီးအကဲ Brendan Sobie ကဆိုသည်။
အထီးကျန်မှု အမွေ
မြန်မာနိုင်ငံမှ လေကြောင်း မတော်တဆမှုနှုန်းနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက ပွင့်လင်းစွာပြောပြသည်။ “တကမ္ဘာလုံး ပျမ်းမျှနှုန်းထားထက် ၉ ဆမြင့်နေတယ်” ဟု သူကဆိုသည်။
၁၉၅၀ နှစ်များအတွင်းက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ လေကြောင်းပို့ဆောင်ရေး အချက်အချာနေရာဖြစ်ခဲပြီး ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်းတွင် လေကြောင်းလုပ်ငန်း နှစ်ပေါင်းများစွာ ကျဆင်း အားနည်းသွားခဲ့ရသည်။
နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်ကာ တံခါးပိတ်နေခဲ့သည့် အတွက် ကုန်ပစ္စည်းထုတ်လုပ်သူများ၊ စက်ကရိယာများ တင်သွင်းရေး၊ ဝန်ထမ်းများကိုလေ့ကျင့်ရေးနှင့် ငွေကြေးဆိုင်ရာ ကိစ္စများကို တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ရန် ခက်ခဲစေ ခဲ့သည်။ ထိုပြဿနာများထဲမှ အချို့သည် ယခုနှစ်အတွင်းတွင် ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့ကန့်သတ်မှုများ အဆုံး သတ်ပေးလိုက်သည့် အခါတွင် ပြေလည်သွားခဲ့သည်။ အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးလိုက် သော်လည်း လုံး၀ ရုပ်သိမ်းမပေးသေးပေ။
နိုင်ငံပိုင် ပြည်တွင်းလေကြောင်းလိုင်းတခု ဖြစ်သည့် မြန်မာ့လေကြောင်းက MAI ကို တစိတ် တပိုင်း ပိုင်ဆိုင်ထားသည်။ မြန်မာလေကြောင်းပိုင် တရုပ်နိုင်ငံလုပ် တာဘို အင်ဂျင်သုံး ပန်ကာတပ် Xian MA60s လေယာဉ် ၃ စီး အနက် ၂ စီးသည် ကွင်းဆင်းချိန်တွင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဦး ဝင်းဆွေထွန်း ကပြောသည်။
အဆိုပါလေယာဉ်များကို ၂၀၁၀ ခုနှစ်အတွင်းဝယ်ယူခဲ့ရခြင်းမှာ စီးပွားရေး ပိတ်ဆို့ကန့်သတ်ခံရမှုနှင့် တိုက်ရိုက်ပတ်သက် နေသည်ဟုလည်း သူက ထပ်ပြောသည်။
၂၀၁၁ ခုနှစ် အရပ်သားအမည်ခံ အစိုးရ အာဏာမရရှိသေးမီ အချိန်မှာပြင် နိုင်ငံသားပိုင် လေကြောင်းလိုင်းများ စတင် ပေါ်ပေါက်လာခဲ့သည်။ အများစုမှာ အရှုံးပေါ်ခဲ့ကြသည်။ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ၆ ခု အပါ အဝင် လေကြောင်းလိုင်း ၇ ခု ပြည်တွင်း ခရီးစဉ်များတွင် ပြေးဆွဲနေသည်။ နောက်ထပ် ၄ လိုင်း ထပ်တိုးလာရန် အစီအစဉ် ရှိကြောင်းလည်း သိရသည်။
ပြည်ပကလည်း ဝင်လာနေ
ဗီယက်နမ်နိုင်ငံ၏ တခုတည်းသော ပုဂ္ဂလိကပိုင်လေကြောင်းလိုင်း ဖြစ်သည့် VietJet Aviation Joint Stock Co က အမည်မဖော်ပြသည့် ပြည်တွင်းလေကြောင်းလိုင်းတခုနှင့် ဆွေးနွေးနေသည်။ မလေးရှားနိုင်ငံမှ Air Asia လေကြောင်း လိုင်းကလည်း မြန်မာနိုင်ငံမှ အလားအလာကောင်းသည့် စီးပွားဖက် အချို့နှင့် လုပ်ငန်းဖက်စပ်လုပ်ကိုင်ရန် ဆွေးနွေး လျှက်ရှိသည်ဟု Asia Asia ၏ ထိုင်းနိုင်ငံရုံးခွဲမှ အမှုဆောင်အရာရှိချုပ် Tassapon Bijleveld ကပြောသည်။
ဂျပန်နိုင်ငံမှ ANA Holdings Inc (ANA) က မြန်မာနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်သည့် Asian Wings ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို သြဂုတ်လ အတွင်းက ဝယ်ယူလိုက်သည်။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအရ အမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။ သဘောတူညီချက် အသစ်အရ နိုင်ငံတကာခရီးစဉ်များပါ တိုးချဲ့သွားမည် ဖြစ်ပြီး ဂျက်လေယာဉ်များနှင့် တာဘိုအင်ဂျင်သုံး ပန်ကာလေယာဉ်များပါ ထပ်မံဖြည့်တင်းသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် လေယာဉ် ခရီးစဉ်များ များပြားရှုပ်ထွေးလာချိန်တွင် လေဆိပ်များက ခေတ်နောက်ကျနေသေးပြီး ပြုပြင် ထိန်းသိမ်းရေး အတွက် ဘဏ္ဍာငွေလည်း လုံလောက်စွာ ရရှိခြင်း မရှိကြပေ။ မြန်မာနိုင်ငံရှိ လေဆိပ် ၃၃ ခု အနက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များသာ နိုင်ငံတကာလေဆိပ်များ ဖြစ်ကြသည်။ အခြားလေဆိပ်များသည် ကြီးမားသော ပြေးလမ်း၊ ခေတ်မီလေကြောင်းပြစံနစ်၊ ဘေးကင်းလုံခြုံရေး ကရိယာများ နှင့် လုံလောက်သည့် လုံခြုံရေး စနစ်များ ကင်းမဲ့ နေသည်။
မြန်မာနိုင်ငံတွင် အလုပ်အများဆုံး ဖြစ်သော ရန်ကုန်လေဆိပ်သည် ၎င်း၏ နှစ်စဉ်လက်ခံနိုင်သော ခရီးသည် ပမာဏ ၂.၇ သန်းထက် ကျော်လွန်၍ ၃.၁ သန်း ယမန်နှစ်က လက်ခံခဲ့ရသည်။
အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန်သည့် ရန်ကုန်လေဆိပ် အဆင့်မြင့်တင်ရေး စီမံကိန်းကို အမေရိကန်၏ ဒဏ်ခတ်မှု စာရင်းဝင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီက ဦးဆောင် သော လုပ်ငန်းစုတခုသို့ မကြာသေးမီက ချထားပေးခဲ့သည်။ အနာဂါတ်ကာလတွင် ထောက်ပံ့ရေး အချက်အချာ နေရာတခု ဖြစ်လာဖွယ်ရှိသော မန္တလေးလေဆိပ် ပြင်ဆင်မွန်းမံရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ကို ဂျပန် လုပ်ငန်းစုတခုက ရရှိခဲ့သည်။
သို့သော်လည်း စီမံကိန်းကြီး တခုဖြစ်သော ရန်ကုန်မြို့၏ အရှေ့မြောက်ဖက်တွင် တည်ဆောက်မည့် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ တန်ကြေးရှိ ဟံသာဝတီလေဆိပ်သစ်ဆောက်လုပ်ရေး စီမံကိန်းကို တောင်ကိုရီးယား အစိုးရပိုင် Incheon International Airport Corp က ဦးဆောင်သည့် လုပ်ငန်းစုတခုက ရသွားသည်။
လေဆိပ်သစ်သည် တနှစ်လျှင် ခရီးသည် ၁၂ သန်း လက်ခံဝန်ဆောင်မှုပေးနိုင်ရန် ပုံစံထုတ်ထားပြီး ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည် ဟုသိရသည်။ နောက်ဆုံးတွင် ဒေသတွင်း အချက်အချာနေရာတခု ဖြစ်လာပြီး ၂၀၃၀ ခုနှစ်တွင် နှစ်စဉ် ခရီးသည် သန်း ၃၀ လက်ခံနိုင်မည် ဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကပြောသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ Suvarnabhumi လေဆိပ်သည် တနှစ်လျှင် ခရီးသည် ၄၈ သန်း လက်ခံနိုင်ပြီး စင်္ကာပူမှ Changi လေဆိပ်သည် တနှစ် လျှင် ခရီးသည် ၅၁ သန်း လက်ခံပေးနိုင်သည်။
လေဆိပ်ဟောင်းများ
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဟဲဟိုးလေဆိပ်တွင် ဖြစ်ပွားခဲ့သော Air Bagan လေယာဉ်ပျက်ကျမှုသည် မြန်မာနိုင်ငံ တွင် လုပ်ဆောင်ရန် များစွာရှိနေကြာင်း ဖော်ပြနေသည်။
အပြင်ဖက်နှင့် တံခါးတချပ်ခြားသော ထိန်းချုပ်ရေးမျှော်စင် အတွင်းတွင် ထိုင်ရင်း ပလပ်စတစ်ခင်းထားသည့် စားပွဲပေါ်တွင် တင်ထားသည့် ဆက်သွယ်ရေးစက်မှနေတဆင့် လေယာဉ်လမ်းကြောင်းများကို ဦးဝင်းမြင့် ညွှန်ကြားနေသည်။
ကွန်ပျူတာ စနစ်မရှိပါ။ ကွင်းဆင်းမည့် အစီအစဉ်များကို ဦးဝင်းမြင့်က ပလပ်စတစ်ချပ်ပြားများပေါ်တွင် ရှုပ်ထွေးစွာ မှတ်သားထားပြီး နောက်ထပ် အချက်အလက်များ ထပ်မံရရှိလျှင် ဖြည့်သွင်းနိုင်ရန် အတွက် ၎င်းတို့ကို တန်းစီ ချထား သည်။
သာယာလှပသည့် အင်းလေးကန်၏ အနီးတွင်ရှိသော ဟဲဟိုးလေဆိပ်သို့ ပြီးခဲ့သော နှစ်များအတွင်း ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှု အလွန်များပြားလာခဲ့သည်ဟု လေဆိပ် မန်နေဂျာ ဦးဌေးအောင်ကပြောသည်။ အစိုးရကလည်း ဟဲဟိုးနှင့် အခြား လေဆိပ်များကို ပြေးလမ်းတိုးချဲ့ခြင်း၊ လုံခြုံရေးတိုးမြှင့်ခြင်း၊ ဘေးကင်းလုံခြုံရေးနှင့် လေကြောင်းပြကရိယာများ စသည်တို့ကို အဆင့်မြှင့် မွမ်းမံပေးဖို့ ကတိပြုထားသည်ဟု သိရသည်။
ဟဲဟိုးတွင် ခေတ်မီ လေကြောင်းထိန်းသိမ်းရေး စနစ် ရှိမနေခြင်းက ယမန်နှစ်တွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှု၏ အကြောင်းရင်းတရပ် ဖြစ်ဖွယ်ရှိသည်။ အဆိုပါနှင့် ပတ်သက်၍ DCA မှ နောက်ဆုံးအစီရင်ခံစာ ယခုအချိန်အထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဦးဝင်းဆွေထွန်းက Air Bagan ခရီးစဉ် အမှတ် ၁၁ သည် မြူခိုးများထူထပ်နေသည့် အချိန်တွင် မြေပြင်မှ လေကြောင်းပြ အကူအညီ မပါဘဲ ဆင်းသက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနသို့ ပြောသည်။
ချဉ်းကပ်မှု လွဲမှားနေသည့် အချိန်တွင် ပြန်ပတ်မောင်းပြီး ဒုတိယအကြိမ် ကြိုးစားကြည့်ရမည့် အစား တွဲဖက်လေယာဉ်မှူးက အလျင်စလို ဆင်းသက်ခဲ့သည်ဟု သူက ဆိုသည်။
ဒဏ်ခတ်ပိတ်ဆို့ခံရမှု စရိတ်
လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့ခံရသူ ဦးတေဇ ပိုင်ဆိုင်သော ထူးကုမ္ပဏီ အုပ်စု၏ အစိတ်အပိုင်းတခုဖြစ်သော Air Bagan သည် ခေါင်းခဲစရာများ ဆက်လက်တွေ့ ကြုံခဲ့ရသည်။ လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်လာသော နိုင်ငံခြားသား အများအပြားက ကာကွယ်ပေးမှု နည်းပါးခြင်းနှင့် နစ်နာကြေးပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ခက်ခဲနေသည့် အတွက် စောဒက တက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သော Air Bagan သည် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေး နှစ်မှ စတင်၍ အမြတ်အစွန်း ရရှိခြင်း မရှိခဲ့ဘဲ ပိတ်ဆို့ဒဏ်ခတ်မှုနှင့် အခြားပြိုင်ဖက်များ တိုးတက်လာမှုများကို ပါ ရင်ဆိုင်ခဲ့ရ သည်ဟု Air Bagan ၏ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးက ရိုတ်တာသို့ပြောသည်။
ပိတ်ဆို့ ဒဏ်ခတ်မှုက လေ့ကျင့်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေး အတွက် ထောက်ပံ့မှု နှင့် ငွေကြေးဆိုင်ရာ ကိစ္စများကဲ့သို့ အရေးပါသည့် နေရာများသို့သက်ရောက်စေခဲ့သည်ဟု သူကပြောသည်။ “ကျမတို့က တခြားလေကြောင်းလိုင်းတွေ ထက် ကုန်ကျစားရိတ် ပိုများပါတယ်။ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် ဒီလို ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျမတို့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ဘယ်တော့မှ မလျှော့ချခဲ့ပါဘူး” ဟု ဒေါ်စဝ်သန္တာနွိုင် ကဆိုသည်။
ပြုပြင်ပြောင်းလဲရေး ကာလအတွင်းတွင် ပိုမို၍ သက်တောင့်သက်သာရှိသည့် ညှိုနှိုင်းမှုမျိုးဖြင့် လေကြောင်းလုပ်ငန်းအ တွင်း သို့ ဝင်ရောက်လာသည့် နောက်ထပ်လုပ်ငန်း ရှင်တဦးမှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ်၏ ဥက္ကဌဖြစ်သူ ဦးအောင်ကိုဝင်းဖြစ်သည်။ သူသည်လည်း ဥရောပသမဂ္ဂက ဦးတည်ချက်ထား ပိတ်ဆို့ အရေးယူမှု ခံခဲ့ရသူဖြစ်သည်။ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ပြည်တွင်းလေကြောင်းလိုင်း Air KBZ သည် ဝင်ငွေ မှန်မှန် တိုးတက်လာနေပြီး တိုးချဲ့ဖို့လည်း လုပ်ဆောင်နေသည်ဟု ၎င်း လေကြောင်းလိုင်းမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် ကပြောသည်။
သူတို့ အနေဖြင့် ပြည်တွင်းဈေးကွက်၏ ၃၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ် အတွင်း ခရီးသည် ၂၄၀ ၀၀၀ ခန့် ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု သူက ဆိုသည်။ မကြာမီ လက်ရှိ ပြေးဆွဲနေသည့် လေယာဉ် ၆ စီး အပြင် နောက်ထပ် ၂ စီး သို့မဟုတ် ၃ စီးထပ်မံ တိုးချဲ့သွားရန်ရှိကြောင်းလည်း ဦးခင်မောင်မြင့် ကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက Air KBZ မှ ATR 72-500s လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပေ။
မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင်ရန် အတွက် လေကြောင်းလိုင်းများ တန်းစီစောင့်ဆိုင်းနေစဉ် တွင် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်းထဲမှ အကြီးဆုံးဖြစ်သော Thai Airways က သတိပေးပြောဆိုခြင်း တခု ပြုလုပ်ခဲ့သည်။ အခြေခံ အဆောက်အဦ ပိုင်းဆိုင်ရာ အတားအဆီး အခက်အခဲများကြောင့် လက်ရှိအချိန်တွင် ပြည်တွင်း ခရီးစဉ်များမှ ငွေရှာ၍ ရနိုင်ဖွယ်မရှိဟု Thai Airways ၏ ဒုတိယ အမှုဆောင်ဥက္ကဌ Chokchai Panyayong က ရိုက်တာ သတင်းဌာန သို့ပြောသည်။
“နောက်နှစ် အနည်းငယ် ကြာရင်တော့ ကျနော်တို့ ဝင်ဖြစ်လိမ့်မယ် ထင်ပါတယ်” ဟု သူကဆိုသည်။
(REUTERS သတင်းထောက် AUBREY BELFORD နှင့် MIN ZAYAR OO တို့၏ Burma’s Aviation Industry Booms Despite Grim Safety Record ကို နိုင်မင်းသွင် ဘာသာပြန်သည်)