သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ အဖြစ်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူခဲ့တာ ၃ နှစ် နီးပါး ရှိလာပြီ ဖြစ်ပေမယ့် လာဘ်ပေး လာဘ်ယူမှု၊ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အာဏာ အလွဲသုံးစားမှု စတဲ့ အဂတိ လိုက်စားမှု တွေဟာ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ပြောင်းလဲမှု အားနည်းနေဆဲပါ။
ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တရားစီရင်ရေးဆိုင်ရာ အားနည်းနေသလို တရားဥပဒေ စိုးမိုးမှုပိုင်း ဆိုင်ရာကလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံရဲ့ အဓိကကျတဲ့ မဏ္ဍိုင်ကြီးသုံးရပ်အနက် တရားစီရင်ရေး မဏ္ဍိုင်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင် နေပေမယ့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ ဦးနေဝင်း မဆလ အစိုးရ လက်ထက်ကနေ ဒီနေ့အထိ ပြောင်းလဲ မှု မရှိသေးပါဘူး။ တရားစီရင်ရေး ကဏ္ဍတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ အပြင် အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ဖိအား ပေး စွက်ဖက်မှုတွေဟာလည်းပဲ အမြစ်တွယ်နေတုန်းပါပဲ။
မနှစ်ကလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် ကြားမှာ အားပြိုင်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
တရားရုံး အဆင့်အဆင့်မှာ လာဘ်ပေး လာဘ်ယူမှုတွေ နဲ့ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုဟာတိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ နည်းလမ်း ပေါင်းစုံ နဲ့ကျင့်သုံးနေဆဲ ဖြစ်ပြီး အမှု ၁၀၀ မှာ ၈၅ မှုဟာ လာဘ်ပေးလာဘ်ယူ မကင်းဘူးလို့ ဥပဒေ ပညာ ရှင် တွေက ပြောပါတယ်။
၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ ခေတ်ကနေ ဒီနေ့အထိ ပြောင်းလဲတာဆိုလို့ တရားရုံးနဲ့တရားသူကြီးတွေ အခေါ်အဝေါ် ပြောင်းသွားတာ၊ တရားသူကြီးတွေရဲ့ အရည်အချင်း သတ်မှတ်တာ၊ စာချွန်တော် အမိန့်တွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းတာလောက်ပဲ ရှိသေးတယ်လို့ သိရတယ်။
“တရားစီရင်ရေး စနစ်တွေကလဲ အရင်ကလူတွေ ချမှတ်ခဲ့တဲ့စနစ်တွေပါ၊ လူတွေကလည်းပဲ အရင် စနစ်ဟောင်းက လူတွေပဲ ဆိုတော့ တရားစီရင်ရေး ကဏ္ဍဟာလည်းပဲ အရင်အတိုင်းပဲ၊ စနစ်ကြီး တခုလုံးကို ပြောင်းမှရမယ်”လို့ ရှေ့နေ ဦးအောင် သိန်း က ပြောပါတယ်။
တရား စီရင်ရေးမှာ လာဘ်ပေးလာဘ်ယူမှု တခုခုကြောင့် ပြဿနာဖြစ်ခဲ့မယ်ဆိုရင် အဲဒီတရားသူကြီးကို တရားရုံးချုပ်လို နေပြည်တော်က ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ်လို နေရာမျိုးကို ခေတ္တခေါ်ယူထားပြီး ၆ လ တနှစ်ကြာတဲ့ အခါမှာတာ့ နေရာကောင်း တခုကို ပြောင်းရွှေ့လိုက်တာမျိုးတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။
“တရားသူကြီး လာဘ်စားတဲ့ အမှုကို တရားသူကြီး ကိုယ်တိုင်က စစ်ဆေးတော့ အမှုက ထောင်ချဖို့အတော်ခက်တယ်၊ တ ရား သူကြီး ထောင်ကျတာ မရှိသလောက်ပါဘဲ၊ အမြင့်ဆုံး ပြစ်မှုက တာဝန်က ရပ်စဲတာ၊ နေရာပြောင်းတာလောက် ပါပဲ”လို့ ဦးအောင်သိန်းက ပြောပါတယ်။
တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်မှန်ကန်ဖို့ဆိုရင် တင်းကျပ်တဲ့ ဥပဒေတွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက တ ရားစီရင်ရေး ဆိုင်ရာ ဥပဒေ တွေကို ပြုပြင်ပြဌာန်းဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှေ့နေ တဦးလည်းဖြစ်သူ ဦးဘရှိန်က ပြောပါတယ်။
ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ တရားသူကြီး ဒေါ်စီစီ ကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက အယုံအကြည် မရှိ အဆိုတင်သွင်းပြီး စုံစမ်းရေးကော်မတီ ဖွဲ့စည်း စစ်ဆေးဖို့ ဆောင်ရွက်နေ စဉ်မှာပဲ မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတ ဦးသိန်းစိန် အမိန့်နဲ့အောက်တိုဘာလ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။
ပြည်နယ်အဆင့်ရှိတဲ့ တရားသူကြီး တဦးရဲ့ အဂတိ လိုက်စားမှုတွေ ပြစ်မှုထင်ရှားပေမယ့် ထိုက်သင့်တဲ့ စုံစမ်းစစ်ဆေး အရေး ယူမှု ပြီးဆုံးအောင် မလုပ်ဆောင်နိုင်တဲ့ အပေါ်မှာလည်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင် အပေါ်အများက မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ ရာထူးက နုတ်ထွက်သွားတဲ့အတွက် ဒေါ်စီစီအမှုဟာ အလုံးစုံ ပြီးဆုံးသွားပြီလို့ ယူဆရမလားပဲ။
လွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးခင် မိမိဆန္ဒအလျောက် ထွက်လိုက်ရုံနဲ့ အမှုတခုလုံး ပြီးစီးသွားတာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင် လွဲမှားနေကြောင်း ထင်ရှားစေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ တရားသူကြီး တဦးဦးသည် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့ အရ ဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခွင့်ရှိကြောင်း ပြဌာန်းထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တရားသူကြီးတွေ အတွက် အကာအကွယ် ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ဖွဲ့စည်းပုံ ဥပဒေမှာက တရားသူကြီးတွေကို အကာအကွယ် ပေးထားတော့ အရေးယူဖို့ ခက်တယ်၊ တရားသူကြီး အဆင့်ဆင့် က လာဘ်စားနေတာ၊ လာဘ်စားခဲ့တာတွေ လုပ်ခဲ့ကြတော့ အချင်းချင်း အကာအကွယ်ပေးပြီးသား ဖြစ်နေတယ်”လို့ ဦးဘရှိန် က ဆိုတယ်။
တည်ဆဲ ဥပဒေတွေမှာ တရားသူကြီးတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေ သတ်သတ်မှတ်မှတ် ရေးဆွဲ ပြဌာန်းထားတာ မရှိ သေးတဲ့အတွက် ပြဌာန်းဖို့ လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ရဲ့ တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို က လည်း လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့ပါသေးတယ်။
နိုင်ငံတော် စီမံကိန်းမျိုးစုံနဲ့ပတ်သက်ပြီး အမှုပေါင်းစုံ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်တွင်းက ကျောက်ဖြူ ခရိုင်၊ မြို့နယ် တရားရုံးတို့ က တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေရဲ့ လာဘ်စားမှု သတင်းတွေ မကြာခဏကြားနေရပါတယ်။ ကျောက်ဖြူမြို့က အမှု သည် တဦးဆိုရင် သူ့အမှုကို အာမခံ ရလိုတာကြောင့် မြို့နယ်ဥပဒေ အရာရှိ ဦးစိုးမြ ဆိုသူကို ကျပ် ၆ သိန်းပေးထား ရတယ် လို့ ဆိုပါတယ်။
“အဖမ်းခံထားရတဲ့ ပုဒ်မက အာမခံမရဘူး၊ အဲဒီတော့ ပုဒ်မ ၃၇၉ ကို ပြောင်းဖို့ ဥပဒေအရာရှိကို ပြောတော့ စစ်တွေကိုသွားပြီး ပြောင်းပေးရမယ် ဆိုပြီးငွေ ၆ သိန်းပေးရတယ်၊ ဒါပေမယ့် ဖမ်းထားတဲ့ ပုဒ်မက သက်သေမခိုင်လုံတော့ ၃၇၉ ကို ပြောင်း ပြီး သား ဖြစ်သွားတာပေါ့၊ ဒါပေမယ့် ပေးထားတဲ့ ပိုက်ဆံ ပြန်တောင်းတော့ မပေးတော့ဘူး၊ အမှုကတော့ စစ်ဆေးတုန်းပဲ”လို့ အမှုသည် တဦးက ပြောပါတယ်။
ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ဥပဒေ ပညာရှင် ဦးသိန်းညွန့်ကလည်း ၎င်းတို့ ကော်မတီ အနေနဲ့ မန္တလေးတိုင်း အတွင်းက တရားရုံးတွေကို စစ်ဆေးကြရာ မှာ တရားစီရင်ရေး အလွဲအမှား အများအပြားတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
တရားဥပဒေ စိုးမိုးမှု အားနည်းတာ၊ တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်းနေတာတွေကို အထောက်အကူ ဖြစ်စေဖို့ ဒေါ်အောင် ဆန်း စုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ပြီးခဲ့တဲ့ နှစ်မှာဖွဲ့စည်းခဲ့ပေမယ့် ယနေ့အထိ သိသာတဲ့ ထိရောက် ပြောင်းလဲမှု မတွေ့ရသေးပါဘူး။
အဲဒီကော်မတီဟာ နိုင်ငံတွင်းက ဒေသအများအပြားကို ကွင်းဆင်းပြီး လေ့လာတဲ့အခါမှာ တရားရုံးအပေါ် အာဏာပိုင်တွေ ရဲ့လွှမ်းမိုးမှု ရှိနေတာ၊ အမှုလိုက်ပါဆောင်ရွက်တဲ့ ဥပဒေ အရာရှိတွေ၊ တရားသူကြီးတွေ လာဘ်ပေး လာဘ်ယူမှု ရှိနေတာတွေ ကို လွှတ်တော်မှာ အစီရင်ခံ တင်ပြခဲ့ပါသေးတယ်။
ယိမ်းယိုင်နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ပြန်လည်တည့်မတ်ဖို့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအားလုံးက အဂ တိ တရားကင်းရှင်းကြဖို့ကိုပဲ ကော်မတီက တိုက်တွန်းနိုင်ပါတယ်။ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေ၊ ရှေ့နေတွေ ရဲ အရာ ရှိတွေက ပါဝင်ပူးပေါင်းမှသာ တရားရေးမဏ္ဍိုင် ကောင်းမွန်လာနိုင်မှာ ဖြစ်ကြောင်းလည်း ကော်မတီက တင်ပြခဲ့ပါတယ်။
တရားဥပဒေ စိုးမိုးရေး ကော်မတီရဲ့ အစီရင်ခံစာပါ ပြုပြင်ရမယ့် အားနည်းချက်တွေကို တာဝန်ယူဆောင်ရွက်ရမယ့် အဓိက တာဝန်ရှိသူကတော့ အစိုးရပါပဲ။ ဒါပေမယ့် အစိုးရအဖွဲ့ ကိုယ်တိုင်က အလေးထား ဆောင်ရွက်မှု အားနည်းနေတော့ အစီရင် ခံစာဟာလည်း အရေးမပါတဲ့ သဘော ဖြစ်သွားရပါတယ်။
တရားသူကြီးတွေဟာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း စတဲ့အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက အဂတိ လိုက် စားမှု တွေရှိခဲ့တာကြောင့် လက်အောက်ခံ တရားသူကြီးတွေကို အပြန်အလှန် ဖေးမမှုတွေကြောင့် လာဘ်ပေးလာဘ်ယူမှု တွေ ကို လက်ပူးလက်ကြပ် အရေးယူဖို့ခက်ခဲကြောင်း ဥပဒေ ပညာရှင်တွေက ထောက်ပြကြပါတယ်။
“အထက်က လူကိုယ်တိုင်က လာဘ်စားထားတော့ အောက်က လူတွေကို အရေးယူ အပြစ်ပေးဖို့ ခက်တာပေါ့၊ ပြည်သူတွေ ကိုယ်တိုင်ကလည်း အမှန်တရားကို ပြောရဲ ဆိုရဲ တိုင်ရဲကြဖို့ အရေးကြီးပါတယ်”လို့ လွှတ်တော်ရဲ့ ဥပဒေကြမ်း ကော်မတီဝင် တဦး လည်းဖြစ်တဲ့ ရှေ့နေ ဦးဘရှိန် က ပြောတယ်။
အစိုးရကိုယ်တိုင်က ပြစ်မှုတွေကို အလေးထား ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့လည်း ဆိုတယ်။
ဖွဲ့စည်းပုံထဲက တရားစီရင်ရေး ဥပဒေတွေကို ပြုပြင်ဖို့၊ တင်းကျပ်တဲ့ တရားစီရင်ရေး ဥပဒေ ပြဌာန်းနိုင်ဖို့ လိုအပ်နေသလို တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးအဆင့် တဦးလည်းထားဖို့ လိုအပ်တယ်၊ ဒါမှသာ လာဘ်ပေး လာဘ်ယူမှုတွေ လျော့ကျလာနိုင်မှာ ဖြစ်တယ်လို့ ဦးဘရှိန် က ဆက်လက် ပြောဆိုပါတယ်။
မြန်မာ့တရား စီရင်ရေး မပြောင်းလဲနိုင်တာဟာ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်အရာရှိတွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေက တရား စီရင်ရေး ကိစ္စတွေမှာ ပါဝင်နေတာရယ်၊ ဝန်ထမ်းတွေကို လုံလောက်တဲ့ အကျိုးခံစားခွင့် လစာ ပေးခြင်းမရှိတာတွေရယ် ကြောင့် ဖြစ်တယ်လို့လည်းပဲ ဥပဒေ ပညာရှင်တွေက ပြောဆိုပါတယ်။
တရားစီရင်ရေး ကဏ္ဍဟာ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့၊ တရားသူကြီးတွေ ကိုယ်တိုင်က လွတ် လပ်တဲ့ စိတ်နဲ့ တရားစီရင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဥပဒေ အရာရှိတွေ၊ အမှုလိုက်တဲ့ ရှေ့နေတွေ၊ ရဲ ဝန်ထမ်းတွေ စတဲ့ အဆင့်ဆင့် တာဝန်ရှိသူတွေ ကလည်း အာဂတိ လိုက်စားမှု ကင်းရှင်းဖို့ အရေးကြီးပါတယ်။
ရဲဝန်ထမ်းက ပြစ်မှုကျူးလွန်သူ တဦးဦးကို ဖမ်းလာပြီး တရားစွဲဆိုတော့မယ်ဆိုရင် တရားသူကြီးနဲ့ပူးပေါင်း ညှိနှိုင်းပြီးအမှု ဖွင့် တာ၊ ပုဒ်မ တပ်တာတွေ လုပ်လေ့ရှိကြောင်း သိရပါတယ်။
“အမှုကိုင်တဲ့ ရဲနဲ့ တရားသူကြီးတို့က ပေါင်းပြီးတော့ ပုဒ်မကို လိုသလိုတပ်တာ၊ တရားခံ၊ တရားလို နှစ်ဘက်စလုံးက လာဘ် ငွေပေးမယ်ဆိုရင်လည်း ငွေများများပေးတဲ့ ဘက်ကို အနိုင်ပေးတယ်၊ ငွေပိုပေးရင် တရားခံကနေ တရားလို ဖြစ်သွားတဲ့ အမှု မျိုးတွေ အများအပြားရှိပါတယ်”လို့ ရှေ့နေ တဦး က ပြောပါတယ်။
အမှုတခု ဖြစ်ပေါ်ပြီဆိုရင် အမှုကိစ္စကို ဆွေးနွေးဖို့ တရားသူကြီးဆီကို လာရောက်ဆွေးနွေးမယ်ဆိုရင်လည်း တရားသူကြီးရဲ့ လက်ထောက် သို့မဟုတ် စာရေး နဲ့ပဲ စကားပြောပြီး ညှိနှိုင်းလိုက်ကြပါဆိုတဲ့ ဈေးစကား၊ ပွဲစား စကားပြောတာမျိုးတွေ ဟာ လည်းပဲ တရားရုံးရဲ့ ယဉ်ကျေးမှု တခုလို ကျင့်သုံးနေဆဲပါ။
မြန်မာနိုင်ငံ တဝန်းလုံးမှာ အဲဒီလို ဖြစ်ပျက်နေတာ၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး တခုလုံး အကျင့်ပျက်ခြစား နေတာကို တ ဘက် တလမ်းက တည့်မတ်နိုင်ဖို့ လွှတ်တော်မှာ အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးကြတာလည်း တွေ့ရပါတယ်။ တရားစီရင်ရေး ကိစ္စတွေမှာ လာဘ်ပေး လာဘ်ယူမှု အားနည်းလာအောင် တရားခွင်ကို မှတ်တမ်းတင်တာ၊ CCTV ကင်မရာ တပ်ဆင်တာ တွေ ပြုလုပ်ဖို့ လွှတ်တော် ကိုယ်စားလှယ် တချို့က အကြံပြုကြတာတွေလည်း ရှိပါတယ်။
ရှေ့နေကြီး ဦးအောင်သိန်း က တော့“လာဘ်ပေးတာက တရားခွင်မှာ ပေးမှ မဟုတ်ဘူး၊ ထမင်းဆိုင်၊ လက်ဖက်ရည် ဆိုင်မှာ ပေးလည်း ရတာပဲ၊ အဲဒီတော့ CCTV တပ်တာထက် တင်းကျပ်တဲ့ ဥပဒေ ပြဌာန်းနိုင်ဖို့ အရေးကြီးတယ်”လို့ ဆိုပါတယ်။
CCTV ကင်မရာတွေ တပ်ဆင်တာ အပြင် တရားရုံး သတင်းထောက်တွေ ထားပြီး မီဒီယာတွေကို တရားရုံးတွေမှာ လွတ်လပ် စွာ စောင့်ကြည့် သတင်းရယူခွင့်ပေးဖို့ လိုအပ်ကြောင်းလည်း ရှေ့နေကြီးတွေက ပြောပါတယ်။
အဲဒီတော့ ဦးသိန်းစိန် အစိုးရရဲ့ လက်ကျန် ၂ နှစ်အတွင်းမှာ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ တရပ်ဖြစ်ရေးအတွက် မြန်မာ့ တ ရားစီရင်ရေး မဏ္ဍိုင် တည့်မတ်လာရေးဟာ တင်းကျပ်တဲ့ ဥပဒေတွေ ပြုပြင် ပြဌာန်းနိုင်ရေးဟာ အဓိက ဖြစ်နေပါတယ်။
အဲဒီ ဥပဒေတွေကို အစိုးရ အဖွဲ့ကရော တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ကျင့်သုံးနိုင်မယ်ဆိုရင်တော့ ယိမ်း ယိုင်နေတဲ့ မြန်မာ့ တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ အတန်အသင့် တည့်မတ် လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်မိပါတယ်။